Wednesday, March 19, 2008

ပန်းသီးနီနီ မြင်တိုင်းငို….

ရဲရဲနီစွေးနေတဲ့ ပန်းသီးတစ်လုံးကို ကိုင်ရင်း မျက်နှာကို မော့ထား လျက်က မျက်ရည် ပိုးပိုး ပေါက်ပေါက် ကျရင်း အံကြိတ်ထားတဲ့ သရပါ… ပန်းသီး တစ်လုံးကို တစ်ယောက် တခြမ်း ခွဲဝေ စားမိ ခဲ့တဲ့ သူမကိုယ် သူမ လုံးဝ ခွင့် မလွှတ် နိုင်လောက်အောင် အစွဲအလမ်း ကြီးခဲ့ မိသည်။ မျက်ရည် တို့ကြောင့် မှုန်ဝါးစွာ မြင်နေရသော မိုး ကောင်းကင် ထက် တိမ်စိုင်တို့က ပြေးလွှားရင်း ဇာတ်လမ်း တစ်ပုဒ်ကို ပုံဖော် နေသလိုလို.. မျက်ရည်ငွေ့ တို့ ကြောင့် ပတ်ဝန်းကျင် မြင်ကွင်းက မှုန်သထက် မှိုင်းလာသည်။ လွမ်းစိတ်တို့ ပိုသိပ်သည်း လာခါမှ သူ့အသံက နားစည်ကို တကြော့ပြန် ရိုက်ခတ် လာပြန်သည်။ တစ်ရက်ထဲ ငိုပါ တဲ့လား .. ကြောင်လေး ရယ်.. ငါ တစ်ရက် ထဲ ငိုပါတယ်.. ဒါပေမယ့် တနေ့တိုင်းမှာ တရက်ငို မိတာပါ…
**********************************************************

သင်တန်း မစခင် MICT Park ထဲက တစ်ခု တည်းသော ကင်တင်းန် ထဲမှာ ထိုင် အအေး သောက်ရင်း အတန်း ဖော် သူငယ်ချင်းကို စောင့်နေတဲ့ သရပါ… နောက်ကျော ဆီက တိုးဖွဖွ အသံကြောင့် လန့်သွားသည်… လှည့် ကြည့်တော့ ရီကျဲကျဲနဲ့ သူ…

ဟဲ့.. ငါက နင်ဒီဘက်က လာမယ်မှတ်လို့ ဒီဘက်ကို ကြည့်နေတာ နင်ကဘယ်လိုလုပ် ဟိုဘက်က လာတာလဲ..

နင်က တသမတ်တည်း တွေးထားတာကိုးးး ငါက ဟိုဘက်ခန်းက သူငယ်ချင်းကို သွားတွေ့လာတာ… နင်နေ့လယ်စာ စားပြီးပြီလား

ဟင့်အင်းလေ သိပ် မဆာသေးတာနဲ့ နင့်ကိုစောင့်နေတာ။ နင်ရော

မစားရသေးရင် … ရော့ .. ဒါစား

ရဲရဲနီစွေးကာ အပြစ် အနာကင်းသော အနောက်တိုင်း ပန်းသီးကြီး တစ်လုံး… ဒီလိုပန်းသီး အရှေ့ နိုင်ငံတွေမှာ မထွက်… သူဈေးကြီး ပေးဝယ်လာရတာ သေချာသည်။ သူ့တရက် မုန့်ဖိုး ကိုလဲ သိနေသော သရပါ စိတ်ထဲ မကောင်း ဖြစ်ရသည်။ ဒါဆို သူ နေ့လယ်စာ မစားရသေးတာ သေချာပြီလေ…

နင်ရော ဘာစားမှာလဲ.. နင်ဗိုက်ဆာမှာပေါ့

အမယ် .. နင့်တစ်ယောက်တည်း တစ်လုံးလုံး မကျွေးပါဘူး တစ်ယောက်တစ်ဝက်ပေါ့

အစုတ်ပလုတ်..

မျက်စောင်းထိုးရင်း ရှက်ရယ် ရယ်တော့ သူက သဘောကျစွာ တဟီးဟီး ရယ်လေသည်။ အဲလို တတ်နိုင်သော သူငယ်ချင်းလေး ပါလေ…

ပန်းသီး တခြမ်းတည်း ဘယ်လိုလုပ် ဗိုက်ဝ မှာလဲဟ..

နင်ကလဲ အစားကို ပုတ်တယ်

ပုတ်ပုတ်ပဲဟာ ဘာဖြစ်လဲ ကိုယ့်ငွေဖြူနဲ့ ကိုယ် အစားပုတ်တာ မသထာ ရေစာတွေ လိုက် အစားပုတ် နေတာမှ မဟုတ်တာ လိပ်ပြာသန့်တယ်.. နင်လဲ ဒီပန်းသီး တခြမ်းနဲ့ ဗိုက်ဝမှာ မဟုတ်ဘူး.. လုပ်မနေနဲ့… ထမင်းပေါင်း ၂ပွဲ မှာလိုက်မယ် ပြီးမှ ပန်းသီးကို အချိုတည်း ဟုတ်လား… ငါ ထမင်းပေါင်း ဒကာခံ ပါတယ်ဟာ.. ကြက်လား ၀က်လား

ဟွန်း နင့်အကြောင်း မသိရင် ခက်မယ် ကြက်လဲ မဟုတ်ဘူး ၀က်လဲ မဟုတ်ဘူးနော် ငါက လူ (((ထမင်းပေါင်း ကြက်သားနဲ့)))

ဟဲဟဲ နင်တိုးတက်လာပြီ

အောင်မာ.. ဒါမျိုးတွေ ငါက ဖြစ်လာတာ

ကဲပါ အမှတ်ယူ မနေနဲ့… ပန်းသီး ခွဲမယ်.. ဆိုင်က ဓားနဲ့ ပန်းကန် အလွတ် မှာပေးဦး…

ထမင်းပေါင်းမစားခင် သင်တန်း အကြောင်း ကျောင်းအကြောင်း ပြောဆို ရယ်မော ငြင်းခုန် နေစဉ် စားပွဲ ထိုးလေး လာချပေးသော ဓားနဲ့ ပန်းကန်ကို သူ လှမ်းယူနေရင်း

ဒါနဲ့ နင်က ဒီတိုင်း စားမှာလား အခွံခွာ စားမှာလား

အခွံပါရင် ဖန်တွန့် ဖန်တွန့်နဲ့ အရသာ ပျက်တယ် အခွံနွှာ စားမယ်…

အေးပါ…. ထမင်းပေါင်း အရင်စားကြတာပေါ့

စားရင်း အသံတိတ်နေရင်း MICT Park တစ်ခွင်လုံးကို ငေး ကြည့်မိတော့ မိုးတွင်းမို့ လမ်းပေါ်တွင် ရေကွက်တို့ ဟိုသည်မှာ.. မိုးဖွဲက တသိမ့်သိမ့် ဖွဲလို့… စားလို့ ပြီးတော့ သူက ကိုယ်တိုင် ပန်းသီး ခွဲဖို့ ပြင်သည်…

နင်ခွာနေပုံကလဲဟာ.. ပေးပါ .. ငါ့ဟာငါ ခွာပါ့မယ်… နှေးတုန့်နှေးတုန့်နဲ့

အဖိုးကြီးကျနေတာပဲ

အောင်မာ အမြန်ပြိုင်ခွာမလား

နင်က နိုင်မှာ သေချာလို့လား

မြန်ပါတယ် ဒါပေမယ့် အသားတွေ ပါကုန်မှာနဲ့ အခွံခွာပြီး မလှမှာတော့ တာဝန်မယူဘူးပေါ့
နင့်အဘတဲ့
ဟားဟားဟား

သရပါ လက်ထဆေးရင်း ပန်းသီးကို ကျွမ်းကျင် ပိုင်နိုင်စွာ အခွံခွာ နေစဉ် သူ့ ရီဝေေ၀ အကြည့် တို့ကြောင့် ရင်က အတိုင်းအဆမဲ့ ခုန်လျက်… လက်ကို ဓားမထိအောင် သတိထား နေလျက်က လက်တို့ တုန်လာသည်ကို ရှက်ရွံ့နေစဉ်

ဟေ့ မင်းတို့ သင်တန်း လာတက်တာလား

တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူက ကျောင်းက သူငယ်ချင်း တစ်ယောက်.. သူခိုး လူမိသလို အယောင်ယောင် အမှားမှားနဲ့ သရပါ… ဘာပြော ရမယ်မှန်း မသိ.. လူက ရှက်အမ်း နေလျက် ပန်းသီးနဲ့ ဓားကို ဘာလုပ်ရ မယ်မှန်း မသိ…

အေး… သင်တန်း မတက်ခင် နေ့လယ်စာ စားပြီး ပန်းသီး စားမလို့ ခွဲနေတာ.. မင်းရော… သင်တန်း လာတက်တာ ပဲလား

အေးလေ… ငါထိုင်လို့ရလား

အရေးထဲ လာကြပ်နေသော သူ့ကို ရှက်ရမ်းရမ်းလျက် ထပြီး ကုတ်ဖဲ့ ပစ်လိုက်ချင်သည်။ သို့သော် သရပါ အယောင်ယောင် အမှားမှား ထွက်သွားသော စကားလုံးများက

အေး.. ထိုင်လေ.. စားပါဦးလား

ဝင်းကနဲ ဖြစ်သွားသော သူ့အကြည့်က သရပါ့ ရင်ကို ဆို့နင့် စေသည်… စကားမှားသွားပြီမှန်း သိလိုက် သော်လည်း အစဉ်အလာတို့နဲ့ အသားကျ နေသော ငါက မိမိနဲ့ ဆန့်ကျင်ဘက်… မိမိနဲ့ငါ ရန်ဖြစ်နေသည်ကို လူမသိအောင် အတင်းထိန်းနေစဉ်

နေပါစေဟာ မစားတော့ပါဘူး တစ်လုံးထဲ ၃ယောက် စားနေရင် ဆင့်ခံတွင်း နှမ်းပက် နေမယ် .. မင်းတို့ ဖာသာ စားပါတော့.. ငါက သင်တန်းသား စာရင်း ပေးရသေးတာ မဟုတ်ဘူး.. သွားပေးလိုက်ဦးမယ်.. မင်းတို့ စာရင်းပေးပြီး ပြီလား…
အင်း
ဒါဆို အိုကေလေ.. ငါသွားနှင့်မယ်.. စီးယူ
အိုကေ.. စီးယူ

ဒီလိုနဲ့ အဲဒီနေ့က ပန်းသီးတစ်လုံးကို ၂ခြမ်းခြမ်းပြီး တစ်ယောက် တစ်ခြမ်းကို ကိုယ့်အခြမ်း ကိုယ်ယူပြီး စားခဲ့ ကြသည်။ အခွံ ခွာချ ထားလို့ ပန်းသီးရဲ့ အရသာကို အပြည့်အ၀ ချိုမြိန်စွာ နူးညံ့စွာ စားခဲ့ရ သော်လည်း တခြမ်းစီကို အနှောင့်အယှက် ကြားက စားခဲ့ ရတာ ကြောင့်များလား … သရပါတို့ နှစ်ယောက်သား ဘ၀ကို တခြမ်းစီပဲ ပိုင်ခဲ့ရ တော့သည်။
******************************************************************

ဟေမာန် ကုန်စ… နွေယံ တည.. အတွေးများ လွင့်မျောတဲ့ ဒီည.. ပျော်အောင်အိပ်ဖို့ … ကြိုးစားလို့မရ… ကြယ်တွေ ညီလာခံ … အမှောင်ယံကို ထိုင်ကာ ကြည့်ရင်း…

စိတ်ထဲ တအားမွန်းကြပ်လာလို့ သီချင်းကောက်ဆိုလိုက်တော့ တိုက်ဆိုင်စွာ ကိုယ့်ခံစားချက် အချိန် နေရာတို့ တထပ်တည်း ကျနေသော သီချင်း ဖြစ်နေသည်… ကိုယ့်ကိုယ်ကို ရယ်ပစ်လိုက်ဖို့ ကြိုးစား ပြန်တော့လဲ ရင်ထဲ က အသံတို့က လည်ချောင်းဝတွင် တိုးညင်း ပျောက်ကွယ်… ကံကြမာရဲ့ စီမံမှုက ရက်စက်လှတယ်… သူ့နား မှာ တစ်စုံ တစ်ယောက်.. ကိုယ့်နားမှာ တစ်စုံ တစ်ယောက်.. မိသားစုရဲ့ အတ္တ ဦးစီး စီမံချက်များ ကြားမှာ မလူးသာ မလွန့်သာ..

သူ့အတွက် ငါက အန္တရာယ် မဖြစ် စေရဘူး.. သူ့အတွက် ငါက အနှောင့်အယှက် မဖြစ် စေရဘူး။ ငါ့ကြောင့် သူ နာကျင် ခံစား ရတာ မဖြစ်စေ ရဘူး..

ခေါင်းမာလှသော သရပါ တစ်ယောက် ဦးနှောက်ကို ဦးစားပေးလျက် သူနဲ့ ပွင့်ပွင့်လင်းလင်း မနီးစပ် သေးခင် ဝေးရာ ထွက်ပြေးဖို့ ဆုံးဖြတ် ပြီးချိန်… သူက သရပါ့ အတွက် စာအုပ်လေး ၂အုပ်ကို အမှတ်တရ ထားခဲ့သတဲ့… သရပါ ထို စာအုပ်လေး နှစ်အုပ်ကို လေယာဉ်ပေါ် တက်ခါ နီးမှ ရခဲ့ သလို လေယာဉ်ပေါ် ရောက်မှ စဖတ်ခဲ့ မိသည်… ထို့ကြောင့်လဲ အရာရာ နောက်ကျ ခဲ့လေသည်။
*****************************************************

သရပါ နိုင်ငံခြား အရောက် ကြိုးစားမေ့ဖျောက်ဖို့ မကြိုးစား ရက်လောက်အောင် သူ့ကို သတိရ နေပေမယ့် သူက တစ်စုံတစ်ယောက်နဲ့ အဆင်ပြေ ပျော်ရွှင် နေသည်ဟု သိခဲ့ရတော့ သူ့အတွက် လျှောက်လှမ်းရမယ့် လမ်းမှာ ပျော်ရွှင်မှု ပြည့်ပါစေလို့ ဆုတောင်းပေး ရုံမှ တပါး သူပျော်နေတာကို သရပါ ကျေနပ် နေရုံမှ တပါး … သရပါ ဘာတတ် နိုင်ပါ မည်နည်း… ဒွေး သီဆိုတဲ့ “တခါတလေ” သီချင်းကို ညည်းရင်း အဲဒီ တခါတလေ တွေထဲ အဆင်ပြေမှု တခါတလေ ပါမလာတာ ဘာကြောင့်လဲ လို့တွေးမိတိုင်း နာနာကျင်ကျင် ပြုံးတတ်ခဲ့သည်။ သရပါရဲ့ ဖြူစင် လင်းလက် လေ့ ရှိတဲ့ အပြုံးတွေ အဆိပ်သင့် နေခဲ့တာ ကြာပြီကွယ်…

တခါမှ မချစ်ဖူး ခဲ့လို့ ကိုယ့်နှလုံးသားကို လျှော့တွက် မိတဲ့ မိသရပါ… ဦးနှောက်က ခေါင်းမာစွာ ခွဲခွာဖို့ စွန့် လွှတ်ဖို့ ဆုံးဖြတ် ခဲ့သော် လည်း နှလုံးသားကပါ ခေါင်းမာစွာ သူ့ကိုပဲ တမ်းတမ်းမက်မက် စွဲလန်း နေလွန်း ခဲ့တော့ ရူးမတတ် ပါပဲ.. သူငယ်ချင်း ကဏ္ဍ ကနေ သူနဲ့ မကြာမကြာ ဂျီတော့ပေါ် ဆုံတွေ့ ကြတော့ ရည်မှန်း ချက် တူသူ အချင်းချင်း အသီးသီးရဲ့ လုပ်ဆောင်ချက် ဓာတ်ပုံတွေ အပြန်အလှန် ဖလှယ်ကြတော့ သရပါရဲ့ အဆိပ်သင့် နေတဲ့ အပြုံး မျက်လုံး များကို သူ ချက်ချင်း သတိထားမိ ခဲ့သည်။

နင် .. နေကောင်းရဲ့လား မျက်လုံးနဲ့ မျက်နှာတွေ အမ်းနေသလိုပဲ.. နင်အရင်လို မဟုတ်တော့ဘူး
အော်.. အင်း .. ငိုထားလို့ ဖြစ်မှာပေါ့
(((ဘာရယ်)))

ဥပေက္ခာတွေ ကြားမှာ ကြီးပြင်း လာတဲ့ သရပါ… သူ့ရဲ့ ချက်ချင်း ဂရုစိုက်မိမှုကြောင့် အနှိုင်းအဆမဲ့ လှုပ်ရှား သွားသော စိတ်ကြောင့် မမျှော်လင့်ပဲ လွှတ်ခနဲ ပြောထွက်သွားမိသော စကားကြောင့် သူ သိပ် အံ့သြ သွားသည်။ မိုက်ခရိုဖုန်းက တဆင့် ကြားရသော သူ့အသက်ရှူသံ များက တရှူးရှူး တရှဲရှဲ.. ဖုံးမနိုင် ဖိမရ…

နင် ဘာပြောတယ်.. နင်ငိုတယ် ဟုတ်လား…
အင်း… တခါတလေပါ
သရပါ လိမ်ညာ လိုက်မိသည်။ သို့သော် ထိုအချိန်တွင်ပင် မျက်ရည်များက ဒလဟော…

နင်… နင် ညာတယ်.. အမြဲ အပေါ်မော့ပြီး လမ်းလျှောက် တတ်တဲ့ နင်က သူများတွေ မျှော်လင့် တကြီး ရည်မှန်းချက် ထားတဲ့ နေရာ ကို ရောက်နေမှ ဘာလို့ ငိုရတာလဲ

ငါ မျှော်လင့်တကြီး ရည်မှန်း ထားတာ ဒီနေရာမှ မဟုတ်ဘဲ.. ငါ့သာ ပြောနေ.. နင်ရော ဘာထူးလဲ… လက်ချောင်း နှစ်ချောင်းက I LOVE YOU သင်္ကေတပုံ ထောင်ပြ ထားပြီး မျက်နှာက အသကုန် ဆွေးနေ ပြီးတော့…

ငါလဲ အချစ် ခံရ တယ်လို့ လူမြင် ခံရပေမယ့် ငါ့မှာ အချစ် မရှိဘူးလေ…
ဆို့နင့် ကြေကွဲနေတဲ့အသံ နှစ်သံ အခုမှ အချင်းချင်း နက်နက် ရှိုင်းရှိုင်း ပြည့်ပြည့် ၀၀ နားလည် လိုက်ကြသည်။ အသက်ရှူသံ ပြင်းပြင်း များသာ ကြီးစိုး နေစဉ် သူ့ဘက်က သီချင်း တစ်ပုဒ် ဖွင့်လိုက်သည်ကို သရပါ ကောင်းစွာ ကြားလိုက် ရလေသည်။ သီချင်းသံနဲ့ အတူ သူ့အသံ အက်ရှရှနဲ့ လိုက်ဆိုနေသော သီချင်းလေးက


***********************************************************************

ဒီလိုနဲ့ သူနဲ့ သရပါတို့ အဆက်အသွယ် ဆက်လက် ရှိခဲ့ပေမယ့် ဘ၀ချင်း ပိုပို ဝေးကွာ လာခဲ့ကြသည်… မျက်နှာ ပွင့်သော သူ့ကို ပတ်ဝန်းကျင်က အတင်း အဖျင်းများ ပြောဆို လာတိုင်း သူ့ကို ယုံကြည်ပေမယ့် ပတ်ဝန်းကျင်မှာ ပြန်သတိထားဖို့ ထိန်းနေကျ သရပါ… မိန်းမ ဆယ်ယောက် ယူရင် ကောင်းမလားလို့ နောက်ပြောင်တိုင်း ဟဲ့ တကယ်လဲ ချစ်လို့ နင်ရှာကျွေး နိုင်ရင် ပြသနာ မတက်မှာ သေချာရင် ယူပေါ့လို့ ငါပြန်ပြော နေကျနော်.. နင်ပျော်နေ တာကို ငါ မြင်ချင် တာပါ..

ပြန်ဆုံဖို့ ကြိုးစား ကြပေမယ့် တကယ့် တကယ် ဆုံဖို့ ဖန်လာတော့ အချင်းချင်း မတွေ့ရဲ… သူတို့ နှစ်ယောက် လုံး ကိုယ့်ကိုယ်ကို နားမလည် နိုင်ကြတော့.. သူ့အတွက် စိတ်ပူပန် တကြီးနဲ့ ပြောဆို သတိပေးတဲ့ ကြားက မထုံတက်တေးနဲ့ သူ့ကို မချင့်မရဲ ဖြစ်လွန်း လာသော သရပါ… သူ့ကို ခပ်ကြမ်းကြမ်း ပြောဆို ရန်ဖြစ် ခဲ့ သည်ကို သူ စိတ်နာ သွားမှန်း သရပါ ချက်ချင်း သိလိုက် ပါသည်။ ဒီလိုနဲ့ ဇွတ်ပြောလို့ မရမယ့် အတူတူ လွှတ် ထားတာ ဖြေသာ မလားရယ်လို့ ဖြေလျှော့ ပေးမိတော့ ပိုလို့သာ ဝေးခဲ့ရ တော့သည်။ လောက ၀င်္ကပါက ပိုလို ရှုပ်ထွေး လာသလို သောက ခြေရာက ပိုလို့ နက်ရှိုင်း လာခဲ့တဲ့နောက်.. သူ့ ဒိုင်ယာရီ တစ်အုပ်ကို သရပါ မမျှော်လင့်ဘဲ ဖတ်လိုက်ရသောအခါ…

သူ့အတွက် ထောင့်စုံက စဉ်းစားပေးပြီး ဆုံးဖြတ်ချက် မှန်သမျှ ကိုယ့်ဟာကိုယ် ချပြီး အနာခံနေတဲ့ သရပါက အတ္တ သိပ်ကြီး သတဲ့လား… သူ့ရင်ထဲက ခံစားချက်နဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထည့်မတွက်ဘဲ မငဲ့ညှာ သတဲ့လား… ဘယ်လို အန္တရာယ်နဲ့ အခက်အခဲကို မဆို အတူ ရင်ဆိုင် ဖြေရှင်း လိုက်ရ တာထက် အန္တရာယ်ကို ငဲ့ပြီး ရွှေဘုံပေါ် စံရင်း ရင်ကွဲခံ ခွဲခွာ နေရတဲ့ ခါးသီးမှုက ပိုရင်နာ ခက်ခဲ သတဲ့လား။ သူ့ကို ဒီလို အဖြစ်တွေထဲ ထားခဲ့တဲ့ တဖက်သတ် ဆုံးဖြတ်ချက် ပိုင်ရှင် သရပါ့ကို အပြင် ကမ္ဘာမှာ လုံးဝ မတွေ့ချင်လို့ မမြင်ရက်လို့ မမြင် ပါရစေနဲ့ တဲ့လား။ စိတ်ချပါကွယ်… ဒီတခါတော့ သူ့ခံစားချက်နဲ့ ဆုံးဖြတ်ချက်ကို သရပါ လိုက်နာ ပါ့မယ်…

ပန်းသီးတစ်လုံးဟာ အချစ်ရဲ့ သင်္ကေတ တဲ့.. ထက်ခြမ်း ခွဲလိုက်ရင် နှလုံးသားပုံ ပေါ်လာသတဲ့… နူးညံ့ ချိုမြိန်မှု တို့ကို ပေးသတဲ့။ ခုတော့ ထက်ခြမ်းကွဲ ပန်းသီး တစ်ခြမ်းကို ကိုယ်စီ စားခဲ့ ကြတဲ့ သရပါတို့ ဘ၀နဲ့ နှလုံးသား ထက်ခြမ်းကွဲလို့… တစ်ယောက် နှလုံးသားကို တစ်ယောက် ပိုင်ဆိုင်ရင်း ဘ၀တွေ တခြမ်းပဲ့ ခဲ့ရပါတယ်… ခုတော့ သရပါ့မှာ ပန်းသီးနီနီ မြင်တိုင်းငို….



6 comments:

Anonymous said...

after reading, I recognize my....
it's feel so sad for me.
some portion is the same part of my life.
we didn't eat half apple, but...we r now separate.
so I think it's not only half apple.It's not depending on half apple.
it's their charcter.
so sometime, i refuse if some lady is too strong,too pride, why the man afraid to her.They never think that kind of lady has without heart.
Love can change everything. Absolutely understanding is necessary for couple, right?But ... some guy never think ...
i think most of men r selfish.

တန်ခူး said...

နှစ်လွှာပေါင်းမှ တရွက်မည်တဲ့စွယ်တော်ရွက်လို...
နှစ်ခြမ်းပေါင်းမှ တလုံးမည်တဲ့ ပန်းသီးလေးတလုံးမို့
နှလုံးသားလေးတခုပြီးပြည့်စုံဖို့ အနီးဆုံးရောက်အောင် လက်လှမ်းလိုက်ပါတော့လား သရပါရယ်။

pandora said...

ချစ်စရာ လွမ်းစရာ ၀တ္တုလေးပါလား လှိုင်

Anonymous said...

nice story! conversation sessions are really good.
hmm...empathize with those who had similar past like this story...but, some of ladies, who are too strong, sharp, pride, usually think they are always doing right or think right, opinionated, i think.
Even being a research student(not sure, just base on ur article), u still have time to contribute such a good story...i really envy you...
take care in everything...

Tin said...

Most of the dudes are very straight forward, but for this kind of thing happen, sad to say that, they do not have guts to say what they want or like.

All of us know the strength and weakness, if we know our weakness and can convert as strength, we will achieve our goal and successful (certain level) in life.

Anonymous said...

အနောနီးမတ်စ်ရေ … တခါတခါ ဖြစ်တဲ့ ပြသနာတွေက အတ္တနည်းလွန်းတာကြောင့်လဲ ဖြစ်တတ်ပါတယ်.. သိပ်ထက်တဲ့ မိန်းမ တစ်ယောက်ကို ယောက်ျားတွေ လန့်တတ်ပေမယ့် ဒီကိစကတော့ ထက်တာနဲ့ မဆိုင်ဘူး ထင်ပါတယ်။
မတန်ခူးရေ.. သရပါရဲ့ တစ်ယောက်ကလဲ သရပါ လက်ကမ်းတာကို ခုချိန်မှာ မကြည့်ရက် ပါဘူးတဲ့..
မပန်ရေ.. ရင်နာစရာ ဇာတ်လမ်းလေးပါ…
Atrttn ရေ မတူတာ တခုပြီးတစ်ခု ပြောင်းလုပ်ခြင်းဟာ အကောင်းဆုံး နားခြင်းပါတဲ့
Tin ရေ.. ဘ၀မှာ လိုချင်တာ ရဖို့ တစ်ခုတည်း ကြည့်ရင်တော့ ပွင့်လင်းတာ ကောင်းပါတယ်.. အားနည်းချက် တွေကို အားသာချက် ဖြစ်အောင် လုပ်ဖို့ လွယ်ပါတယ်. တယောက်ကို တယောက် ဖြည့်ဆည်း ဖို့သာ ကြည့် နေ တတ် ကြတဲ့ သူတွေ (အခု စုံတွဲ) အတွက် ကတော့ အဲလိုလုပ်ဖို့ မဖြစ်နိုင်ပါဘူးနော်.. တစ်ယောက်ရဲ့ အခြေအနေနဲ့ စိတ်ထားကို တစ်ယောက်က သိနေတဲ့အပြင် တစ်ယောက် စိတ်ဆင်းရဲ ရမှာကို တစ်ယောက်က လုံးဝ မလိုလားတဲ့ အနေအထားမျိုးမို့ ဒါမျိုးဖြစ်တယ် ဆိုရင်ရောရှင်.. ဆိုလိုချက်ကို ပေါ်လွင်အောင် .. Tin နားလည်မှု မလွဲအောင် မရေးနိုင်သေးတာ ကျွန်မရဲ့ အားနည်းချက် ဖြစ်နိုင်ပါတယ်နော်.. ဆက်လက် ကြိုးစား ပါဦးမယ်ရှင်