Sunday, April 17, 2011

နှစ်သစ် မင်္ဂလာ အခါတော်နေ့ ကျင်းပရခြင်း အကြောင်း

ဓမ္မမိတ်ဆွေများရှင့်
နှစ်သစ် မင်္ဂလာ အခါတော်နေ့ ကျင်းပရခြင်း အကြောင်းကို ကျွန်မ နည်းနည်း ပြောပါရစေ။
ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ သာသနာရေး ဦးစီးဌာန တွင် ဖွင့်လှစ်ထားသော အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းမှ
၁။ လူငယ်လူရွယ်များ ဘာသာယဉ်ကျေးမှုကို အမြဲတစေ ထိတွေ့ နီးစပ် နေစေရန်
၂။ ဗုဒ္ဓသာသနာတော်ကို လေးစား ကြည်ညို တတ်စေရန်
၃။ ဘာသာရေး စိတ်ဓာတ် ရင့်သန်ကြွယ်ဝ စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓသာသနာတော်နှင့် ဆိုင်သော အခါတော် နေ့ကြီးများကို လပြည့်နေ့တိုင်း တလတကြိမ် ကျင်းပမြဲ ဖြစ်ပါသည်။

နှစ်ဦးအစဖြစ်တဲ့ တန်ခူးလရာသီမှာတော့ အခါတော်ပွဲအဖြစ် တန်ခူးလပြည့်နေ့မှာ သီးသန့် ကျင်းပ မနေတော့ ဘဲ မင်္ဂလာ ယူသောအားဖြင့် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ကို မင်္ဂလာအခါတော်နေ့ အဖြစ် ကျင်းပပါသည်။


မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို မင်္ဂလာ အခါတော်နေ့ အဖြစ် ကျင်းပရခြင်းမှာ
၁။ ကမ္ဘာသူ ကမ္ဘာသား များ အနိဌာရုံတွေ ပပျောက်ပြီး ဣဋ္ဌာရုံ အပေါင်းနှင့် ပြည့်စုံစေရန်
၂။ ဘေးဥပဒ် အန္တရာယ် ကင်းဝေးကြစေရန်
၃။ မကောင်းသော စိတ်ဓာတ်များကို ဖယ်ရှားပြီး ကောင်းသော စိတ်ဓာတ်များကို မွေးမြူကြစေရန်
၎။ အရှက်နှင့် အကြောက် လောကပါလ တရား ၂ပါး ထွန်းကား ကြစေရန်။
၅။ ဗြဟ္မ၀ိဟာရ တရားလေးပါး ထွန်းကား ပြန့်ပွားစေရန်
၆။ မင်္ဂလာတရားတော်များ ထွန်းကား ပြန့်ပွားစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ကြောင်း တင်ပြအပ်ပါသည် ရှင့်။

မင်္ဂလာနိဒါန်း

ဓမ္မမိတ်ဆွေများရှင်
ဂေါတမမြတ်စွာဘုရား မပွင့်သေးမီ အချိန်တုန်းက ထိုခေတ် လူသားများအဖို့ အနှစ်သာရရှိတဲ့ အဖိုးတန် တရားစကားမျိုးကို ကြာနခွင့် မကြုံခဲ့ရပါဘူး ။ မဂလာဆိုတာ ဘာလဲလို့ ပြဿနာတရပ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။
ဒိဋ္ဌသမားတွေက အမြင်ကောင်းအာရုံကို မင်္ဂလာလို့ ငြင်းကြပါတယ်။
သုတသမားတွေက အကြားကောင်းအာရုံကို မင်္ဂလာလို့ ငြင်းကြပါတယ်။
မုတ သမားတွေက အနံ့ကောင်း အရသာကောင်း အတွေ့ကောင်းအာရုံကို မင်္ဂလာလို့ ငြင်းကြ ခုံကြပါတယ်။

ဒီလိုနဲ့ မိမိတို့ ထင်ရာမြင်ရာကို ပြောဆို ငြင်းခုန်လာတာ ၁၂နှစ်ကြာသွားပါတယ်။ အဖြေမှန်ကို ဖော်ထုတ် ပြောဆိုနိုင်သူ မပေါ်ခဲ့ ပါဘူး။ ဘယ်နတ် ဘယ်ဗြဟ္မာကမှ မင်္ဂလာရဲ့ အဓိပ္ပာယ်မှန်ကို မဖွင့်ဆိုနိုင်ကြပါဘူး။ ဂေါတမ မြတ်စွာဘုရား ပွင့်ပေါ်လာမှ ဒီပြဿနာ ငြိမ်းအေးသွားပါတယ်။ မင်္ဂလာရဲ့ အဓိပ္ပာယ်ကို သိခွင့် ရကြပါတော့တယ်။

မင်္ဂလာ တရားတော်ကို သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ကြီးပေါ်မှာ အညတရ နတ်သား တဦးလျှောက် ထားပြီး မြတ်စွာဘုရားက ရှင်းလင်းဟောကြားတော် မူခဲ့ပါတယ်။

ဓမ္မမိတ်ဆွေများရှင့်။

မင်္ဂလာတရား ၃၈ ပါးကို အသေအချာ လေ့လာကြည့်ပါလျှင် ပေါင်းသင်းဆက်ဆံရေး၊ နေရေးထိုင်ရေး၊ သင်ကြားရေး၊ ပြုစုရေး၊ လိုက်နာကျင့်သုံးရေး၊ ရှောင်ကြဉ်ရေး၊ စိတ်ထားရေး၊ သည်းခံရေး၊ ခြိုးခြံချွေတာရေး၊ စိတ်ထား ခိုင်ခံ့ရေး စသည်ဖြင့် လောက လူသားများ အကျိုး များအောင် ထောင့်မျိုးစုံမှ ဟောကြားထားတာ တွေ့ရပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှေးခေတ် ရှေးအခါက မိုးလေ၀သ ရာသီဥတု မှန်ကန် ညီမျှပြီး သယံဇာတ သဘာဝ ပစ္စည်း တွေ ပေါကြွယ်ဝရခြင်း၏ အဖြေကို ကြည့်တဲ့ အခါ မင်္ဂလာ တရားတော်နဲ့ အညီ နေထိုင်ကြလို့ ဆိုတဲ့ အဖြေကို တွေ့ရပါတယ်။
ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံကြီး သာယာဝပြောရလေအောင် လူတိုင်းကိုယ်စီ မင်္ဂလာတရားနဲ့ အညီ ကျင့်သုံး နေထိုင် ကြပါစို့လို့ တိုက်တွန်း လိုက်ရပါတယ်ရှင့်။

၃၈ဖြာ မင်္ဂလာ တရားတော်

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ပါး
၁။ လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း
၂။ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းရခြင်း
၃။ ပူဇော်ထိုက်သော သူတို့ကို ပူဇော်ရခြင်း
နေရေးထိုင်ရေး မင်္ဂလာ ၃ပါး
၁။ သင့်လျော်သော အရပ်၌ နေထိုင်ရခြင်း
၂။ ရှေးက ပြုဖူးသော ကောင်းမှု အထူးရှိခြင်း
၃။ မိမိ၏ ကိုယ်စိတ် နှစ်ပါစးကို စောင့်ထိန်းခြင်း
သင်ကြားရေး မင်္ဂလာ ၄ပါး
၁။ လောကီ လောကုတ် အကြားအမြင် များခြင်း
၂။ စက်မှု လက်မှု အတတ်တို့ကို တတ်ရခြင်း
၃။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြား နားလည်ခြင်း
၎။ အပြောအဆို ချိုသာယဉ်ကျေးခြင်း
ပြုစုရေး မင်္ဂလာ ၃ပါး
၁။ မိဘ၂ပါးကို လုပ်ကျွေးပြုစုရခြင်း
၂။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း
၃။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
လိုက်နာ ကျင့်သုံးရေး မင်္ဂလာ ၄ပါး
၁။ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း
၂။ သုစရိုက် တရားကို ကျင့်ခြင်း
၃။ ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
၎။ အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်း
ရှောင်ကြဉ်ရေး မင်္ဂလာ ၄ပါး
၁။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ခြင်း
၂။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
၃။ မူးယစ်သေစာ မသောက်စားခြင်း
၎။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း
စိတ်ထားရေး မင်္ဂလာ ၅ပါး
၁။ ရိုသေထိုက်သော သူတို့ကို ရိုသေရခြင်း
၂။ မိမိကိုယ်ကို နှိမ့်ချရခြင်း
၃။ ရောင့်ရဲလွယ်ခြင်း
၎။ သူတပါး ကျေးဇူးကို သိခြင်း
၅။ သင့်လျော်သော အခါ တရားနာခြင်း
သည်းခံရေး မင်္ဂလာ ၄ပါး
၁။ သည်းခံရခြင်း
၂။ ဆုံးမလွယ်ရခြင်း
၃။ ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း
၎။ သင့်လျော်သော အခါ တရားဆွေးနွေးခြင်း
ခြိုးခြံရေး မင်္ဂလာ ၄ပါး
၁။ ခြိုးခြံချွေတာခြင်း
၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း
၃။ သစ္စာလေးပါးကို သိခြင်း
၎။ နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်း
စိတ်ထားခိုင်ခံ့ရေး မင်္ဂလာ ၄ပါး
၁။ လောကဓံတရားနှင့် တွေ့ကြုံသော အခါ စိတ်ဓာတ် မတုန်လှုပ်ခြင်း
၂။ မစိုးရိမ်ခြင်း
၃။ ကိလေသာ မြူကင်းခြင်း
၎။ ဘေးကင်းခြင်း

မှတ်ချက်။ အမှတ်စဉ် ၁မှ ၃၂ ထိသည် လောကီ မင်္ဂလာ၊ ကျန်၆ပါး သည် လောကုတ္တရာ မင်္ဂလာ၊ ၁မှ ၃၃ အထိသည် အကြောင်းမင်္ဂလာ၊ ကျန် ၅ပါးသည် အကျိုးမင်္ဂလာ ဟု မှတ်ပါ။

ဤ၃၈ပါးသော မင်္ဂလာတရား တို့ကို လိုက်နာ ပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုင်မခံရ၊ အရပ်ဒေသ အားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်၏။ ၃၈ ဖြာ မင်္ဂလာ တရားသည် နတ်လူတို့ အတွက် အမြတ်ဆုံး သော မင်္ဂလာ မည်၏။ ဤ တရားတော်ကို ရိုက်နှိပ် ဖြန့်ချီ ပူဇော် ရသော အကျိုးကြောင့် မင်္ဂလာ အရှိဆုံး နေရာမြတ် အသင်္ခတ နိဗ္ဗာန်ဓာတ်သို့ ဆိုက်ရောက်ရပါလို၏။

(မှတ်ချက်။ နိုင်ငံတော် ပိဋကတ် တိုက်မှူး ဆရာတော် ဦးပညာသာမိ (မာဂဓီ-သာစည်) ရေးသား ပြုစုတော် မူသော အခါတော်နေ့များ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။) (စာအုပ် လက်ဆောင် ပေးပို့ လာသော မောင်ငယ် မင်းယွန်းသစ် အားလည်း ကျေးဇူး တင်အပ်ပါသည်။)

No comments: