Wednesday, October 31, 2007

ရွှေရောင် ဘ၀ … ငယ်ငယ်တုန်းက

မချစ်လေပြေက တက်ထားတာနဲ့ တမင်သက်သက် မေ့ဖျောက်ထားတဲ့ ငယ်ငယ်တုန်းက အကြောင်း တွေက အဟောင်းတွေ အစုတ် ထပ်ဖြစ် သွားတယ်။ ဟောင်းပြီဆိုမှ ပြန်သစ်ချင်လို့ မရတော့ဘူးလေ။ စုတ်ဖို့ပဲ ကျန်တာကိုးလို့… အင်းလေ အတိတ်သမိုင်းဆိုတာ ကိုယ်က မေ့ဖျောက် တိုင်း ပျောက်တာမှ မဟုတ်တာနော်။ ဒီအတိတ်တွေကြောင့်ပဲ ခွန်မြလှိုင် ဆိုတာ ရေခဲပျော် ပန်းတစ်ပွင့် ဖြစ်လာခဲ့ ရတာကိုး။ တော်ပါပြီလေ… ရယ်စရာ အတိတ်တွေပဲ ပြောတော့မယ်နော.. ဘယ်လိုဆိုးသလဲ ဘယ်လောက် ဆော့ လဲဆိုတာတွေပေါ့။

အင်း ကလေးပေါက်စ ဘ၀တည်းက အမှန်တရားကို ဘယ်လောက် မြတ်နိုး လဲဆို အငတ် ခံပြီးကို နို့ဘူး မစို့ ဘူးတဲ့။ ချိုလိမ် တပ်ပေးရင် ကိုင်ပေါက် လွှင့်ပစ်တယ် ဆိုပဲ။ ဆီချက် ခေါက်ဆွဲလေး တမျှင်ကို ခွံပေး လိုက်တော့မှ နို့ ပြတ် ပါသတဲ့။ ဒါနဲ့ အသုံး မ၀င် လိုက်တဲ့ နို့ဘူးနဲ့ ချိုလိမ်က သူများ အတွက် ဖြစ်သွားပါ သတဲ့။ နောက် ၂နှစ်ခွဲ လောက်မှာ ရိုးရာ အတိုင်း လိုချင်စရာ ပစည်းတွေ ကလေးရှေ့ ချထားပြီး ရွေးခိုင်း တဲ့ ပွဲ လုပ်ပါတယ်။ ဆွေမျိုးတွေရှေ့မှာ အဖေက သွက်လက်တဲ့ သမီး ဆိုပြီး ဂုဏ်တယူယူ နဲ့ပေါ့။ ပြီးတော့ အဖေ က ပြောသတဲ့။ သူများ ကလေးတွေက သူတို့ အမေ တွေက မွေးတာ… ငါ့သမီးက ငါကိုယ်တိုင် မွေးတာ လို့။ ကျွန်မ မပီကလာနဲ့ ပြန်ဖြေတဲ့ စကား အားလုံး မျက်လုံး ပြူးသတဲ့။ မယုံဘူး ဗိုက်ဖုံး အင်္ကျီပြ တဲ့။ အားလုံး ၀ိုင်းရီတာကို ရှက်ရှက်နဲ့ အဖေက ဆက်ပြော သတဲ့။ သူများကို ပေးပစ် လိုက်ပြီတဲ့။ ကျွန်မ က ဆက်ပြော သတဲ့။ ယုံဘူး ဖေဖေ့ နို့နို့က ပြားချပ်ချပ် နဲ့.. ပြီးရော့ အမွေးရေနဲ့… တဲ့။ အဖေလဲ ကျွန်မ ကို တသက်စာ မှတ်သွား တော့တာပဲ။ ၃နှစ် မပြည့်ခင် ကတည်းက ငါ့စကား နားမထောင်တဲ့ သမီး။ ငါ့ကို မယုံတဲ့ သမီး ဆိုပြီးလေ။

ဆော့တာ ကလဲ အကို ၀မ်းကွဲ တွေနဲ့ချည်း။ အမ ၀မ်းကွဲတွေက အပျိုလုပ် ပဲထုတ် နေတယ်လေ။ ကျွန်မ ကို ဘယ်ထိန်းချင် မလဲ။ အကိုတွေနဲ့ မြင်းစီး၊ စက်ဘီးစီး .. အမယ် ရိုးရိုး စီးတယ် မထင်နဲ့။ မြင်းရေး ၁၈ ပါးကို စက်ဘီးနဲ့ ရအောင် စီးတာနော… တင်ပါးလွှဲထိုင် မင်းသမီး စီး၊ ၀မ်းလျား မှောက်စီး၊ သစ်သီး ကောက်၊ တံခွန်လွှား အိုးးး နည်းပေါင်းစုံပဲ.. တစ်မျိုးပဲ မစီးတာ အသုရာ တည်ဟန်ပါ။ သူက မြင်းမှာသာ အဲလို စီးလို့ ရတာ မြင်းက သူ့ဟာသူ ပြေးနေ တာကိုး။ စက်ဘီးကျ ခြေနဲ့ နင်းရတာ ဆိုတော့ စက်ဘီး ပေါ် ကင်းမြီးကောက် ထောင်ရင် စက်ဘီး နင်းလို့ မရဘူးလေ အဲလိုကို ဆော့တာပါ။ ဆင်စီး၊ မြင်းစီး ဆိုရင် လာထား။ ၄နှစ် သမီးမှာ မြင်းစ စီးတော့ မြင်းပေါ်ကို တင်ပေးရုံ ရှိသေး။ ဟေးး ဆို အော်ပြီး ဇက်ကြိုးကို ခါရင်း ခုန်ဆွ ခုန်ဆွ လုပ်တော့ မြင်းက သူ့ကို ဒုန်းစိုင်း ခိုင်းတဲ့ သင်္ကေတ ဖြစ်နေလို့ ပြေးထွက် သွားပါ ရော။ တလမ်းလုံး ပွက်လော ရိုက်သွားပါတယ်။ မြင်းပေါ်က ပြုတ်ကျမှာ သေချာ တယ်ပေါ့။ မြင်းက တစ်ဖက်ပိတ် လမ်းမို့ လမ်းဆုံးတော့ သူ့ဟာသူ ရပ်သွား ပါတယ်။ မိဘ တွေနဲ့ မြင်းထိန်း ကတော့ နောက်ကနေ ပြေး လိုက်တာ ဟောဟဲ လိုက်လို့။ ကျွန်မက ပြုတ်မ ကျတဲ့ အပြင် တဟဲဟဲ သဘောတွေ ကျလို့။ အံ့သြ စရာ ကောင်းတာက အဲဒီ မြင်းက ကျွန်မ ဆင်းပြီး သူများ တက်စီး တော့ လာစီး သမျှ ခါချလို့ ကျွန်မ အဖေ ကိုယ်တိုင်ပါ မြင်းပေါ်က ပြုတ်ကျ ပါတယ်။ ဆင်ကိုလဲ ကလေး ဘ၀ ကတည်း ကနေ တကသိုလ် တက်ချိန် ထိ စီးတုန်းပါ။ အော်စီ ရောက်တုန်းက ကုလားအုတ် စီးခဲ့ သေးတယ်။ ဟိဟိ ဖြစ်နိုင်ရင် သားပိုက်ကောင်ရဲ့ ဗိုက်ထဲက အိတ်ထဲ ၀င်ပြီး စီးဖူးချင် သေးတာ။ သူခုန်ရင် အိတ်ထဲက လိုက်ရတာ ဇိမ်ကျ မှာပဲလို့။ ကျွဲတော့ စီးရဲဘူး။ သူ့ဦးချို ကားကားကြီးကို ကြောက်လို့ပါ။

အကိုတွေနဲ့ ကြီးသူ ပီပီ ဂျင်ပေါက်ရင် စို့တပတ် အထိ၊ ဂေါ်လီ ရိုက်ရင် တွင်းဆုံး၊ သစ်ပင် တက်ရင် ခေါင် ဖျား၊ လေးခွဆို ရှောင်မလွတ် ပစ်မလွဲ၊ သရဲ မြင်ဖူးချင်လို့ အကိုတွေနဲ့ သင်္ချိုင်းကုန်း ကို လိုက်ချောင်း၊ ဥစာ စောင့်မ မြင်ဖူးချင်လို့ ပြာထုတ် ကိုင်ပြီး ဘုရားမှာ သွားချောင်း (လိပ်ပြာ နှုတ်တတ်တယ် ဆိုလို့လေ၊ သရဲက လိပ်ပြာ နှုတ်တယ်လို့ မကြားဖူး ဘူးလေ။) တူတူ ပုန်းရင် ပွဲရုံထဲ၊ စစ်တိုက်တိုင်း ကစားရင် လူကြီး အားလုံး စိတ်ဆင်းရဲ။ မဆင်းရဲ ခံနိုင်ပါ ရိုးလား… ၀ါးခြမ်း ပြားတွေကို သားရေပတ်နဲ့ သေနတ်ချိုး၊ ၀ါးခြမ်း ဆစ်လေးတွေနဲ့ ကျည်ဆံလုပ် ပစ်ခတ်ရင် မျက်စိ ထိရင် ကန်းတတ် တယ်လို့ ပြောတဲ့ အဖိုး စကားကို နားထောင်တဲ့ အနေနဲ့ သတင်းစာ စကူ တွေကို ဖြဲလို့ သေချာ လက်တစ် ဆစ်စာ အရှည် နှီးတပြားစာ အထူ ဖြစ်အောင် ခေါက်ပြီး ထမင်းရည် ကော်နဲ့ကပ်တဲ့ ကျည်ဆံ တွေလုပ်ပြီး ပစ်ခတ်၊ ဘဲဥ ကြက်ဥ တွေကို ထိပ်ဝ အပ်နဲ့ သေးသေး ဖောက်ပြီး ငုံစုတ်၊ ကုန်ပြီ ဆိုရင် အဲဒီ ထဲကို မီးဖိုပြာ မှုန့်မှုန့်လေးတွေ စိတ်ရှည် လက်ရှည် ထည့်ပြီး မီးခိုးဗုံး လုပ်ဆော့ တာကိုး။ ပြီးရင် ကျွန်မတို့ရဲ့ စစ်တလင်းက သတင်းစာ စကူစုတ်တွေ ပြာတွေ သဲတွေနဲ့ လှပ လို့.. အဟိ။

ပြီးရင် ဘုန်းကြီးကျောင်းထဲ ရွေးစေ့ ခူးဖို့ သွားကြတယ်။ ရွှေချိန်တဲ့ ရွေးစေ့ သီးတဲ့ ရွေးပင်တွေက အဖိုး ဒကာခံတဲ့ ဘုန်းကြီး ကျောင်းဝင်း ထဲမှာ ပေါမှပေါ။ ဘုန်းကြီးကျောင်းက ခွေးတွေက ဘုန်းကြီး ကျောင်းထဲ သူများ ၀င်ရင် သူတို့လိုက်သမျှ ကျွန်မတို့ ၀င်ရင် သူတို့ပြေးပါတယ် ဟီးဟီး။ ရွေးပင်လောက် ကတော့ ကျွန်မတို့ အတွက် တက်ရ လွယ်မှ လွယ်ပါ။ ရွေးသီး အစိမ်း တွေကိုခူး၊ အစေ့ အစိမ်းတွေကို ခြွေ၊ အပ်နဲ့ ကြိုးနဲ့သီ၊ နေလှန်းလိုက်ရင် ရွေးစေ့က နီသွား ပါတယ်။ မာလဲ မာသွားပါတယ်။ ပျောက်ရင် နှမြော စရာ မလိုတဲ့ ပတ္တမြား ဆွဲကြိုးပေါ့။ သူက ခြောက်မှ နီမှ ခူးရင် အပ်နဲ့ ထိုးလို့ မရတော့ ဘူးလေ။ မာသွားပြီ။ ပြီးရင် ဘုန်းကြီး ကျောင်းထဲ လက်ကုန်ဆော့။ ဘုရားရှေ့က ခြင်္သေ့ ကြီးကို မြင်းလုပ် စီးပါတယ်။ ဘုရား ပေါ် ကို တွယ်တက်တာ ခေါင်းလောင်း မှောက်ထိ ရောက်ပါတယ်။ ပြန်မဆင်း တတ်တော့လို့ အကို သိဒ္ဓိ လှေကား ထောင်ပြီး သက်စွန့် ဆံဖျား ပြန်ချ ပေးရ ပါတယ်။ ပြုတ်ကျ လိုက်လို့ ကတော့ အရိုးအသား ရှာရမှာ မဟုတ်ပါဘူး။ ကလေး နတ်စောင့်တဲ့ နော..

ကျွန်မကို အလို အလိုက်ဆုံးက အဖိုးပါ။ ကြိုက်သလောက်ဆော့၊ ဆော့လေ ကြိုက်လေ။ ငြိမ်နေရင် စိတ်မ ကောင်းဘူး။ ပြောသေးတယ် ကလေးဆိုတာ ဆော့မှ ကိုယ်ပိုင်ဉာဏ် ထွက်တာ၊ စဉ်းစား တတ်တာ၊ ဉာဏ် ကောင်း တာတဲ့။ ကလေးကို လုံးဝ မခြောက်ရ၊ မလှန့်ရ၊ မရိုက်ရ၊ တချက်လွှတ် အမိန့်ပါ။ ကျွန်မကလဲ ဆော့တာသာ ဆော့တာ.. သင်ပေးသမျှ ဘုရားစာ ၃ခေါက်ချပြီး အလွတ်ရွတ် ကြိုက်တဲ့အချိန် ပြန်မေး ဒေါင်းဒေါင်းပြေးမို့ အဖိုးက သိပ်ချစ်ပါတယ်။ အဖွားကလဲ ည အိပ်ရာဝင် သူ့သမိုင်း ပုံပြင်တွေကို စိတ်ဝင် တစား နားထောင်ပြီး ကပ်သီး ကပ်သပ် ပြန်မေးတတ်တဲ့ ကျွန်မကို စိတ်ရှည် လက်ရှည် မငြီးမငြူ ဖြေပေး ရင်း ဆော့တဲ့ အချိန်က လွဲလို့ စကားပြောရော အမူအရာပါ နန်းဆန် သိမ်မွေ့တဲ့ ကျွန်မကို အချစ်ကြီး ချစ်ပါတယ်။

တမြို့လုံး ချစ်ကြောက် ရိုသေ ရတဲ့ မြို့တစ်ဖက် သူတို့တဖက် လို့ နှိုင်းယှဉ် ပြောရ လောက်အောင် ချမ်းသာတဲ့ ဖိုးဖွားတို့ ကျွန်မ ဆယ်နှစ် သမီးမှာ ဆုံးပါးလို့ ရှိသမျှ အမွေကို ကြီး တော် ကြီးက အပိုင် သိမ်းပြီး တဲ့နောက်… အရင်က တွေ့ဖူး ထားတဲ့ လူတွေရဲ့ ချက်ချင်း မျက်နှာဖုံး ပြောင်းလဲမှု တွေကြောင့် သိမ်မွေ့ ခဲ့ဖူးတဲ့ ကျွန်မလဲ လူတွေကို အယုံအကြည် မရှိတော့ သလို ရာထူး၊ အာဏာ၊ စည်းစိမ်၊ ငွေကြေး တို့ကို လှောင်ပြောင် သရော် တတ်လာ ပါတော့ တယ်။ အဲဒီ အရာတွေ ကြောင့် လူတွေ ဘီလူးစိတ် ပေါက်ကုန်တာ ဆိုပြီးလေ။ အဲဒီနောက် မှာတော့ ကျွန်မ အချစ်ဆုံး ဆိုတဲ့ လူတွေကို ကံကြမာ က တစ်ယောက်ပြီး တစ်ယောက် နတ်ပြည် ပို့ခဲ့ပါတယ်။ ကျွန်မ ချစ်မြတ်နိုးဆုံး အရာ တွေ နဲ့ ဖြစ်ချင်ဆုံး ဆိုတဲ့ မျှော်လင့်ချက်တွေ ဟာလဲ တစုံတယောက်ရဲ့ ဖျက်ဆီး ခြင်းကို အမြဲတစေ ခံခဲ့ရ၊ ခံနေရ ဆဲပါပဲ။ ဆုံးရှုံးမှု ဒဏ်ကို မခံချင် တော့တဲ့ ကျွန်မ… ချစ်မြတ်နိုးမှုကို စာလုံး မပေါင်းဘဲ သီးသန့် နေလာခဲ့တာ သက်ရှိ စက်ရုပ် လူသားလို့ အမည်တွင် ခဲ့ဖူးတဲ့ အထိပါ။ ကျွန်မရဲ့ ရွှေရောင် အချိန်တွေလဲ အဲဒီမှာ နေ၀င်ပြီး မိုးမှောင် ကျလာ လိုက်တာ ဆယ်စုနှစ်တွေ ကျော်ခဲ့ပေါ့။ နောက်ဆုံးတော့ ကဗျာဆရာကြီး Rudyard Kipling ရဲ့ If ကဗျာ က

လူတိုင်းကို လေးစား တန်ဖိုး ထားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်

တဲ့။ ကျွန်မရဲ့ အခင်ဆုံး ၊ ကျွန်မကို နားအလည်ဆုံး သူငယ်ချင်း နေဘုန်းလတ် လက်ဆောင်ပေးခဲ့တဲ့ ကဗျာလေး ပါပဲ။ ကျွန်မ ချစ်မြတ်နိုးဆုံး အရာတွေ နဲ့ ဖြစ်ချင်ဆုံး ဆိုတဲ့ မျှော်လင့်ချက်တွေ ဘယ်လောက် ပျက်စီး ပျက်စီး၊ If ကဗျာ ရင်ထဲမှာ ရှိနေသရွေ့ ကျွန်မကတော့ ကိုယ့်ကိုယ်ကို ပြန်လည် ဆွဲထူ နေဦးမှာ ဖြစ်ပါကြောင်း ….

Read More...

Halloween Day အမှတ်တရ ကျွန်မရဲ့ ဖြစ်ရပ်မှန်များ

မတော်တဆ ကိုရန်အောင်ရဲ့ ဘလော့ကို ရောက်သွားပါတယ်  ဖတ်မိရင် တက်ပြီးသားတဲ့။ ကဲ.. ရေးပါမယ်။ ပထမဆုံး သရဲကို တွေ့ဖူးတာ ၈တန်းတုန်းက… အိမ်နောက်ဖေးမှာ ကျောချင်းကပ် ခြံက လဲမှို့ပင်ကြီးပေါ်ကို ခေါင်းရင်းအိမ်က ဗန်ဒါပင်ပေါ် ကနေ ကူးသွားတာ ဖြူဖြူ အငွေ့ကြီး တိမ်လိုပဲ။ မနက် ၄နာရီခွဲလောက်မှာ စာထကျက်ရင်း တွေ့ခဲ့ဖူးတယ်။ နောက် ထိုင်းမှာ ကျောင်းတက် ရင်း လေဖြတ်လို့ ဆေးရုံ တက် ရတော့ သရဲတွေနဲ့ ထပ်တွေ့ ပြန်ပါတယ်။

ပထမဆုံး အခေါက်က စပြောပြမယ်နော်။ အဲဒီညက လှိုင့်ကို ဘယ်သူမှ လူနာ မစောင့်နိုင်ဘူး။ ဆေးရုံက မိန်းကလေးဆောင်မို့ ယောက်ျား လေး ပေးမ၀င်ဘူး။ မိန်းကလေး သူငယ်ချင်းကလဲ အမြဲ လာစောင့် မအိပ်နိုင်ဘူးလေ။ ဒါနဲ့ ရပါတယ်ဆိုပြီး တစ်ယောက် ထဲနေတာ။ ည သန်းခေါင်မှာ ခေါင်းရင်း ပြတင်းပေါက်ကနေ ဖောက်ဝင်လာတာ ပျံပြီးတော့ သူက ယောက်ျား အသက်ငယ်ငယ်။ အခန်းထဲမှာ တခြားသူ့လို ဟာတွေ ၃ယောက်ရှိတယ် စကားတွေပြောကြတယ် သူတို့ ပြောတဲ့ဘာသာကို နားမလည်ဘူး နောက်တော့ နာ့စ် ၀င်လာတော့ ခေါင်းရင်း ပြတင်းပေါက်ကနေ ပြန်ထွက်သွားတာ လှိုင့်အခန်းက မိန်းဧည့်ခန်းရဲ့ ညာဘက်။ မိန်းဧည့်ခန်းကနေ လှိုင်တို့ ၀ါ့ဒ်ထဲ ၀င်ရတာ လှိုင့်အခန်းက အတွင်းကျဆုံးလေ။ ဒါနဲ့ နာ့စ်က ၀ါ့ဒ်အပြင်မှာ။ အရေးပေါ် ခေါင်းလောင်းဖုက ကိုယ့်ဘေးတင် ဒါပေမယ့် သွားကို နှိပ်ဖို့ကို မလှုပ်ရဲတာ
အဟိ အိတိပိသောအစ သံဗုဒ္ဓေအလယ်ပဲ နောက်ဆုံးမှ အားတင်းပြီးခေါင်းလောင်းကို နှိပ်တော့ နာ့စ်ဝင်လာတော့ နာ့စ်လဲ တအားလန့်တာ လှိုင့်ကို။ ဖြူဖွေးနေလို့ အိပ်ဆေးထိုးလိုက်ရရော။ ပြောပြတော့ နာ့စ်က ပြတင်းပေါက်ကို စစ်ကြည့်တယ် သိလား … ပြတင်းပေါက်ကလေ ၃ထပ်တောင် ပိတ်ထားတာမှ ဖုန်တောင် မလွင့်ဘူး။ သူက အေးဆေးလေး ဖောက်ဝင်လာတာ။ ပြီးတော့ အခန်းပြောင်းပေးတယ်။ အဟဲ ဒါပေမယ့် ဒီအဆောင်ပဲလေ အခန်းပဲ လွဲတာ ဟိုက အေးဆေး လျှောက်သွားနေတာကို။

ဒုတိယအကြိမ်ကျ တော့ အသစ်ပြောင်းပေးတဲ့အခန်းမှာ ထပ်တွေ့တာ။ အဲဒီအချိန်မှာ ၀ါ့ဒ်တစ်ခုလုံး ကိုယ်တစ်ယောက်တည်းလူနာ.. အကြောက်လွန်ပြီး အကြော တင်းသွားရင် ခေါင်းထဲမှာ သွေးကြော ပေါက်မှာ စိုးလို့ အမျိုးသားကို ပေးစောင့်လိုက်ရော… ဒါနဲ့ ညဘက် လေပေါနေတာပေါ့.. သူများကို အားနာစရာ မရှိဘူး ဆိုပြီးလေ။ ည ၁၂ မတ်တင်းဗျ အတိအကျ.. ၀ါဒ်ထဲကို မိန်းဧည့်ခန်းကနေ တံခါးကို ဖွင့်ပြီး ၀င်လာတာ သူကဖြူဖြူ ဆိုတော့ နာ့စ်ချုပ်ကြီး ရောင်းလှည့်တယ် ထင်တာ။ ရှူး တိုးတိုးပေါ့ အိပ်ချင်ယောင် ဆောင်နေမယ်ပေါ့။ မအိပ်လို့ ဆူခံနေရမယ် ဆိုပြီး ငြိမ်စောင့်နေတာ သူက လှိုင့်အခန်း ခြေရင်းက အိမ်သာထဲ ၀င်သွားရော ၂ယောက်လုံး မြင်တာနော်။ ထင်လိုက်တာက ဆီးပုလင်းတွေ လာသိမ်းတယ် ထင်လိုက်တာ။ သူပြန်ထွက်သွားရင် ဆက်စကားပြောမယ် ဆိုပြီး တိတ်တိတ်လေး စောင့်နေတာ။ သူပြန် အထွက်ကို.. အခန်းနံရံတွေက အောက်တ၀က်က အလင်းပိတ် ကျန် အထက် တ၀က်က အလင်းမှုန် မှန်တွေနဲ့ ကာထားတာလေ။ မီး အဖွင့်အပိတ်တွေက မြင်နေရတာ ၀ါးဝါးပေါ့။ လှိုင်တို့အခန်းကတော့ မီးချောင်း သေးသေးလေး ဖွင့်ထားတာ.. စောင့်နေတာကို ပြန်ထွက် မလာ ဘူးဗျာ နာရီဝက်ကျော်တဲ့အထိ.. အဲဒါနဲ့ ၂ယောက်သား ကြောက်လဲ ကြောက် သိလဲ သိချင်နဲ့ တူတူ အိမ်သာတံခါးကို သွားခေါက် တာ။ ဘာသံမှ မကြားလို့ ဆွဲဖွင့်တော့ ဘယ်သူမှ မရှိဘူး ဘာခြေရာ လက်ရာမှ မပျက်ဘူး ကိုယ့်မျက်စိရှေ့တင် ၀င်သွားတာကို…

၂ယောက်သား တုန်သွားတာပဲ အစက တော်တော်ကို ကြောက်တာ ညဆို တညလုံး မအိပ်ဘဲ ထထိုင်ပြီး ပရိတ်နာနေရတယ် နေထွက်မှ အိပ်ရဲတာ အဲလောက်ထိ

ဒုတိယနဲ့ တတိယက နည်းနည်းအဆက်ရှိတယ်.. အဲဒါမြင်ကတည်းက လှိုင်တို့ တညလုံး မအိပ်ဘဲ ပရိတ်နာပြီး တနေကုန် အိပ်ကြတော့တာ တမနက်ကျတော့ တညလုံး တရားနာထားပြီး မနက် လေးနာရီခွဲ လောက်ဆိုတော့ နေထွက် တော့မယ်ပေါ့ သူတို့ မလာတော့ဘူး ထင်တယ် အိပ်တော့မယ် ဆိုပြီး အိပ်တာ။ အခန်းကို စည်းချအိပ်တာနော် ဒါတောင်အိပ်ပျော်ခါစကလေးမှာ တံခါးလာခေါက်ရော.. ထင်လိုက်တာက နာ့စ်မက မနက် ခြောက်နာရီဆို အဖျားစစ် သွေးစစ် ဆေးတိုက်လုပ်တယ်လေ… အဲဒီတော့ အဲဒီနာ့စ် လာတယ် ထင်လိုက်တာ။ ဒါနဲ့ တံခါး ဖွင့်ပေး လိုက်ရော။ တံခါးအပြင်မှာ ဘယ်သူမှ မရှိဘူး။ ထင်လိုက်တာက ကပ်လျက်အခန်းမှာ လူနာ ရောက်နေပြီမို့ သူ့ကို အရင် ဆေးဝင်ပေး နေတယ် ထင်လိုက်တာ။ ဒါနဲ့ အဲဒီအခန်းကနေ ပြန်ထွက်လာရင် ကိုယ့်ကို နာ့စ်မ လာစစ်လို့ ရအောင် ဆိုပြီး တံခါးကို သော့ပြန်မခတ်တော့ပဲ စေ့ရုံစေ့လိုက်တာ။ နာ့စ်လာရင် တွန်းဖွင့် ၀င်ခဲ့လို့ ရတာပေါ့လို့ တွေးလိုက်သေးတယ်။ ပြီးတော့ ပြန်အိပ်ရော… အဲဒါ မဟာအမှားပဲ … တံခါး ဖွင့် လိုက်တော့ စည်းပေါက် သွားပြီလေ အမလေး ကြက်သီးထလိုက်တာ ခုထိ ထတုန်းပဲ။ ပြန်အိပ်တော့ အိပ်ပျော်ခါစလေးမှာ ကိုယ့်နား တစ်ယောက်ယောက် လာရပ်တယ်လို့ ခံစားလိုက်ရလို့ နာ့စ် ရောက်ပြီထင်ပြီး မျက်စိဖွင့်လိုက်တာ.. အလားလား… ရုပ်ရှင်တွေထဲက သူက အများကြီး ချောပါတယ် ဗျာ… လေထဲမှာ တန်းလန်းကြီး မဲတူးလို့… မျက်နှာပေါ်မှာ အဏုမြူစိမ်း အရောင်တွေပြေးလို့… ဘာပြောကောင်း မလဲ အော်လိုက်တာ … ပျောက်ပြီး ပြေးရော… တိုက်တိုက်ဆိုင်ဆိုင် ဘယ်တုန်းကမှ မဟောင်တဲ့ ဆေးရုံထဲက ခွေးတွေ ထအူတာ။ လှိုင့် ၀ါ့ဒ်ရဲ့ အပြင်မှာ ရှိတဲ့ ကားပါကင်က ကားတွေရဲ့ sensor တွေကလဲ ထအော်တာ တပွမ်ပွမ်နဲ့။ အမျိုးသားလဲ လန့်နိုးပြီး နာ့စ် သွားခေါ် ရရော.. တကယ်က နာ့စ်က မလာသေးဘူး။ အဲဒီမှာတင် အိပ်ဆေး ထိုးလိုက်ရရော… အိပ်ပျော်သွားတော့ အိပ်မက်ထဲကို ထပ်လာတယ် ဆရာ… သူ့ကို စောစောကလို ထင်းထင်းကြီး မမြင်ရတော့ဘူး မီးခိုးတွေကြားမှာ ၀ါးဝါးပေါ့ သူမှန်းသိတယ်။ အမယ်.. မျက်နှာက စိတ်မ ကောင်းတဲ့ မျက်နှာပေးလေးနဲ့ သနားစရာ… ကြောက်ဖို့ မကောင်းတော့ဘူး။ သူက ကိုယ့်ကို စိုက်ကြည့် နေတယ် ကိုယ်ကလဲသူ့ကို စိုက် ကြည့် နေတယ် သူပြောချင်တဲ့ စကားလုံး တွေက ကိုယ့်စိတ်ထဲမှာ ကိုယ့်အသံကို ကိုယ်ပြန်ကြား ရတဲ့ပုံနဲ့ သိလာတာ။ တယ်လီပသီ ထင်တယ်။

ခြောက်လှန့်ချင်တာ မဟုတ်ပါဘူးတဲ့ ဒွတ်ခပေးမလို့လဲ မဟုတ်ပါဘူးတဲ့ ။ သူ တအား အထီးကျန်နေလို့ သူငယ်ချင်းမေတ္တာ လိုချင်လို့ပါတဲ့ အထီးကျန်နေတာ နှစ် ၃၀ ရှိပြီတဲ့။ ဒါလေးပဲ ပြောသွားတာ။ ပြန်နိုးလာတော့ နာ့စ်မကို မေးကြည့်တယ်: ဒီအခန်းမှာပဲ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က အေအိုင်ဒီအက်စ် လူနာတွေ လူ့အသိုင်းအ၀ိုင်းက ပစ်ထားလို့ စိတ်ဓာတ်ကျပြီး ကြိုးဆွဲချ သေသွားကြတာ မနည်းဘူးတဲ့။ နောက်မှ ဆေးရုံကို ပြန်ပြင်ဆောက်တော့ ဒီအဆောင်ကို ပြန်ပြင်ပြီး ကျောင်းသူတွေအတွက် လူနာဆောင် လုပ်လိုက်တာတဲ့။ ရက်စက်ပါ့။ အဲဒါနဲ့ ဘုန်းကြီးပင့်တယ် မရဘူးဗျာ။ တပါးမှ ပင့်လို့ မရဘူး။ ဘယ်ဘုန်းကြီးမှ မအားဘူး။ ဒါနဲ့ အိမ်က ပင့်လာတဲ့ ရုပ်ပွားတော်လေးကို ဆွမ်းကပ်ရတယ်။ ပဌာန်းနဲ့ စည်းချထားတာကို လက်တလုံးခြား နာ့စ်မနဲ့ ပုံမှားရိုက်ပြီး စည်းကျိုးအောင်လုပ်တာ တော်တော်လည်တဲ့ သရဲ။
ဆွမ်းကပ်ပြီး ပဌာန်းရွတ် ပရိတ်ရွတ် မေတ္တာပို့ ပြီး တသက်လုံးက လုပ်ခဲ့တဲ့ ကုသိုလ်တွေ ပြန်စဉ်းစားလိုက်တယ်။ ပြီးမှ အမျှဝေပေးလိုက်တာ အဲဒီနေ့က စပြီး လန့်အောင် မခြောက်ေ တာ့ဘူး။ ဒါပေမယ့် သဘော ကောင်းမှန်း သိတော့ သူ့ဘော်ဘော် ပေါက်စနလေးတွေ ခေါ်လာတယ် ဗျာ။ သူတို့ ရှိနေရင် ရှိမှန်း သိနေတယ်။ ဒီလိုပဲ ဟိုနားကပ်ချောင်း ဒီနားက စောင့်ပေါ့။ အိပ်ပျော်ခါနီးဆိုရင် စိတ်ကလေးက တအား ငြိမ်သွား သိမ်မွေ့သွားတာကိုး။ သူတို့က အဲဒီအချိန်ကျမှ ကိုယ့်ကို လာဆက်သွယ်တာလေ။

တည ထပ်လာတွေ့ပြန်ရော.. နင့်ကို အမျှပေးထားပြီးသားကို ဘာလာလုပ်ပြန်လဲပေါ့ မေးရော။ မီးရထားလက်မှတ်ဖိုးက မပြည့်သေးတော့ ထပ်ထပ်စုနေရတယ်တဲ့။ ဆိုလိုတာက နောက်ဘ၀ ကူးဖို့ ကုသိုလ် အဖို့က မပြည့်သေးဘူး။ အဲဒါနဲ့ ကုသိုလ်လုပ်တိုင်း သူတို့ကို အမျှပေး ရတယ်။ မြန်မြန် ပြည့်ပြီးရင် သံယောဇဉ် ငါ့လာ တွယ်မနေနဲ့… မြန်မြန် နောက်ဘ၀ကိုသွားကြလို့ ပြောရသေးတယ်။ ဒါနဲ့ ဆေးရုံက ဆင်းလာရော.. အဲဒါ 2006က..

ဟိုတလောက ဆေးရုံ ထပ်တက်ရတယ် အမယ်လေး ကိုယ်အလာကို သူတို့ကပျော်လို့ စောင့်နေတာ လေးထပ်တိုက် ထောင့်စွန်းက ၀ါဒ်လေ တိတ်ဆိတ်နေတာ။ ward တခုလုံး ကိုယ်တစ်ယောက်တည်း လူနာ။ မမျှော်လင့်ဘဲ တက်ရတာမို့ ယောက်ျားက ကိုယ့်ကို ထားခဲ့ပြီး အိမ်ပြန် လိုတာပြန်ယူတာ။ အမယ်လေး.. မျက်နှာကြက်ကို ခေါက်တယ်။ ဖန်ချောင်းကို လှုပ်တယ်။ အခန်းထဲမှာ လမ်းလျှောက်ပြတယ်။ အဲဒီ အချိန်မှာ အဒေါ်ဆီက ဖုန်းလာရော။ အဲလို လုပ်နေတယ်လို့ တိုင်တာပေါ့။ စကားကိုလဲ တမင်ဆွဲပြောနေတာ။ သူ့အသံကြားရင် အကြောက် သက်သာ တယ် ဆိုပြီးလေ။ အဲဒါနောက် အဒေါ်က ပြောပြတယ် ဘော်ဘော်ဖွဲ့နည်း။
(၁) သီလယူတဲ့။
(၂) သူတို့ကိုလဲ သရဏံ ပေးတဲ့ ဘုန်းကြီးလိုပေါ့ မနှိုင်းကောင်း နှိုင်းကောင်း
(၃) သူတို့ကိုလဲ သီလပေးတဲ့
(၄) နောက်ပြီး ဂုဏ်တော်ကိုးပါး ရွတ်တဲ့
(၅) ပြီးတော့ သူတို့ကို ကောင်းကောင်း လှိုက်လှိုက်လှဲလှဲ ကိုယ်ချင်းစာပြီး မေတ္တာပို့တဲ့
ကိုယ့်မေတ္တာလှိုင်း သူတို့ဆီ ရောက်ပြီ သူတို့ ကိုယ့်မေတ္တာကို ခံစားလို့ ရသွားပြီ ဆိုရင် ကြက်သီးတွေ တအား ထလာမယ်တဲ့။
လှိုက်လှိုက် လှဲလှဲ ထပ်ကာ ထပ်ကာပို့တဲ့။ ပို့ရင်းနဲ့ ကိုယ့်စိတ် ပျော်လာ လိမ့်မယ်တဲ့။ အူမြူးလာလိမ့်မယ်တဲ့။ အဲဒါဆိုရင် သူတို့လဲ နင့်ကို တော်တော် ချစ်သွားပြီတဲ့။ နောက်ပြီးရင် တော်တော်ကြီး အိုကေပြီဆိုရင်
(၆) လုပ်ဖူးသမျှ ကုသိုလ်ကို ပြန်အာရုံပြုပြီး အမျှဝေချလိုက်
(၇) သူတို့ကိုလဲ သာဓုခေါ်ခိုင်းတဲ့။ သူတို့က သာဓု ခေါ်တတ်ချင်မှ ခေါ်တတ်မှာတဲ့။
ဒါပေမယ့် ကိုယ်ကတော့ သူတို့ကို နွယ်မထားနဲ့ သံယောဇဉ် တွယ်မထားနဲ့ ကိုယ့်ကို ပြန်ပတ်တတ်တယ်တဲ့။ ငါ့ကို ကာကွယ် ပေးပါစေ ဆိုတဲ့ စိတ်နဲ့ မလုပ်ရဘူးတဲ့။ အဲလိုပဲ မဟုတ်တာ မခိုင်းရဘူးတဲ့။ ကိုယ်ပြန် ဒွတ်ခရောက်တတ်တယ်တဲ့။ ဘာလို့လဲ ဆိုတော့ စေတနာ မမှန်မှန်း သူတို့က လူတွေထက် အသိမြန်သတဲ့။

ပြောနေရင်းအဒေါ်က နောက်ရော။ နင်တစ်ယောက်တည်းပျင်းနေလို့ သူတို့က အဖော်လုပ်ပေးနေတာကို နင်က ကြောက်နေရလား သူတို့ကို ကပြခိုင်း ဆိုပြီးလေ။ ပြောနေရင်း ဖုန်းလိုင်းက ပြတ်တောက် ပြတ်တောက်ဖြစ်ရော။ ကြည့်တော့ ဆစ်ကနယ် က အပြည့်။
အဒေါ်က သူ့လိုင်းလဲ အပြည့်ပဲတဲ့။ အဲဒီမှာ သဘောပေါက်လိုက်တာ သူတို့ လက်ချက်ပဲလို့။ တောက်လျှောက် အကြာကြီးပြောနေတာကို အကောင်းကြီး… ခုလိုပြောမှ လုံးဝ လိုင်းပြတ်တာ မဟုတ်ဘူး အသံတွေ ပျောက်ကုန်တာ။ ဒီမှာတင် သူတို့ တစခန်းထပြီလို့ သိလိုက်ရော။
အသံလိုင်းက ပြတ်လိုက်လာလိုက်နဲ့။ ဟဲ့ ငါစကားကောင်းကောင်းပြောပါရစေ မနှောင့်ယှက်ပါနဲ့လို့ပြောရင် အဒေါ့်အသံပြန်ကြားရတယ်။ ဖြစ်ပုံ။ အဲလို အခါ ၂၀လောက်ဖြစ်ပြီးလိုင်းက လုံးဝ ကျသွားတာ ပြန်ကို ခေါ်မရတော့ဘူး။ ကြောက်တာပေါ့။ အဲဒါနဲ့ အဒေါ် ပြောတဲ့အတိုင်း ချက်ချင်းလုပ်ရတော့တာ။ ဆယ့်ငါးမိနစ်လောက် ကြာလို့ အဆင့်တွေအားလုံးပြီးလို့ အမျှ လို့လဲ ပြောရော ဖုန်းလဲ ပြန်မြည်ရော။ အဒေါ်ဆို လန့်တာလေ။ ငါ့အမှားပါ ငါနောက်မိလို့ ဆိုပြီး။ သူက အဲဒီအချိန်တလျှောက်လုံး ဖုန်းခေါ်တာ လုံးဝ မရတော့ အကြောက်လွန် သတိလစ် နေပြီ ထင်တာ။ အမျိုးသားကို ဖုန်းဆက် ပြောတော့ အမျိုးသားကလဲ ဖုံးဆက်တာ မရနဲ့ သူတို့ ၂ယောက် ငယ်ထိပ် မြွေပေါက်သွားတယ်။ တအားလန့်ပြီး ဆေးရုံကို အမြန် ပြန်လာနေတာ။ ကိုယ်ကတော့ အဲဒိနေ့က စပြီး လုံးဝ သရဲကြောက်တော့ဘူး။ ပြိးတော့သိလား … အဲဒီတခေါက် ဆေးရုံမှာ တကယ်က ဘတ် ၇သောင်းလောက်ကုန်မှာ။ အဲဒါကို သုတေသန လူနာလို့ ဆုံးဖြတ်ပြီး တပြားမှ မပေးခဲ့ရဘူး ဒန်တန့်တန်…

အင်း အဲဒီညက သူတို့ အမျှယူဖို့ စာရင်း ကောက်နေ ကြတယ် သိလား သနားပါတယ်.. ဟိုအုပ်စုက ဘယ်နှစ်ယောက် ဒီအုပ်စုက ဘယ် နှစ်ယောက်ပေါ့.. နောက်နေ့ မနက် အမျှ ထပ်ဝေ ပေးရတယ်။ ဆေးရုံက ဆင်းမယ့်ညမှာ တညလုံး သူတို့ ကိုယ့်ကို လာနှုတ်ဆက် နေတာ ကျေးဇူးတင်လို့တဲ့။ အဲဒီညက ညည်းလိုက်တယ်လေ နင်တို့ထဲမှာဟယ် လို့ .. ဆရာဝန် မပါဘူးလားလို့။ ငါ့ကို သုတေသန လူနာဆိုပြီး ခုထိရောဂါ ပျောက်သေးဘူးလို့… ဆေးလေးဘာလေး ကုမပေးချင်ကြဘူးလားလို့ အဟိ။ ဘာမှ ပြောဘူး ခုတော့ နေပြန်ကောင်းနေတယ်။ ဆရာဝန်တွေလဲ မျက်စိလည်လို့။

အင်း သူတို့ထဲမှာလဲ စုန်းပြူးရှိတယ် သိလား ။ မှင်စာတစ်ကောင်… သူက ဆိုးကို ဆိုးတာ။ သူ့ကို လှိုင်က မြင်တာ မဟုတ်ဘူး အမျိုးသားက မြင်တာ။ မျက်နှာကြက် ပေါ်ကနေ ဖောက်ဆင်း လာလို့ အမျိုးသားက လိုက်ရိုက်တာ ဗီရိုထဲ ၀င်ပြေးတယ်။ အဲဒါကို မရမက လိုက်ရိုက်တာ နည်းနည်း နာသွားရော.. အဲဒီအချိန်မှာ မျက်နှာကြက်ပေါ်က မြွေအစိမ်းကြီး ဆင်းလာပြီး တဟပ်ထဲ ဟပ်ပြီး မျိုချလိုက်ပြီး မျက်နှာကြက်ပေါ် ပြန်တက် သွားတယ်တဲ့။ လှိုင်က မမြင်လိုက်ဘူး အိပ်ပျော်နေတာ။ သူတို့ချင်းချင်း ပြန်ဆော်တာ ဖြစ်မယ်ထင်တာပဲ။

ဒါနဲ့ ဆေးရုံက ဆင်းလာပါရော။ နေတဲ့ ကွန်ဒိုမှာ ကွန်ကရစ်ချည့်ပါ ကွာ။ တရက် အိမ်သာတက်တော့ ကိစ္စပြီးတော့ ရေတွေဘာတွေ ဆွဲပြီး ပြန်ထွက် လာတော့အမျိုးသားက ၀င်တယ်။ ပြီးတော့ ထအော်ရော။ အဲဒီတော့မှ သူပြလို့ ကြည့်လိုက်တော့ မြွေစိမ်းလေးက အိမ်သာသုံး စက္ကူ ဘူးဘေးမှာ ပါးပျဉ်းလေးထောင်လို့။ လှိုင်က မမြင်ကို မမြင်ခဲ့ဘူး။ လက်ကို ဘယ်လောက် ပေါက်ချင်စရာကောင်းလဲ။ အဲဒါနဲ့ လုံခြုံရေး သမားတွေကို သွားခေါ်ပြီး ထုတ်ခိုင်းရတယ်။ အေးဆေးပဲ တုတ်ပေါ်တွဲလောင်းခိုပြီး လိုက်သွားတာ။ ထိုင်းတွေက မြွေကိုတော်ရုံဆို မသတ် ဘူးလေ။ နောက် ၂နာရီ လောက်နေတော့ ရှူးပေါက်မယ် ဆိုပြီး အိမ်သာဝင်တော့ မောင်မင်းကြီးသားက ခုန နေရာမှာ အခန့်သား။ ဒါနဲ့

လုံခြုံရေးကို ထပ်ခေါ်ရတယ်။ ထပ်ပြန်ထုတ်ရတယ်။ ပြီးတော့ ဘယ်နေရာက၀င်လဲ လိုက်ရှာတာ မတွေ့ဘူး။ ရှိသမျှ သင်္ကာ မကင်းစရာ အပေါက်မှန်သမျှ အင်္ဂတေနဲ့ ပိတ်လိုက်တယ်။ နောက် ၃နာရီ လောက်ရှိတော့ ပြန်ရောက် လာပြန်ရော.. လုံခြုံရေးလဲ စိတ်မရှည်တော့ ရိုက်သတ်လိုက်ရော။ အဲဒီနေ့က စလို့ လှိုင်တို့လဲ အီးလန့်စာစား ဖြစ်နေကြောင်းပါ။ ဘယ်အပေါက်က၀င်ပြီး ဘယ်လိုရောက်လာမှန်း မသိတော့လို့လေ… ကဲ ကြုံဖူးတဲ့ သရဲ ပုံပြင်များ ဒီမျှနဲ့ ရပ်နား ပါရစေဦးနော်။

Read More...

Tuesday, October 30, 2007

နောက်ကို မစ တော့ပါဘူး

သိပ်ကို စိတ်တိုနေပါတယ်။ မောင့်ရဲ့ မေးလ်ထဲမှာ ဒီ မမဆိုတဲ့ တစ်ယောက်က မောင့်ကို စာရေး ထားပုံကို နည်းနည်းမှ မကြိုက်ပါဘူး။ မောင့်ကို သူငယ်ချင်း မိန်းကလေး ထားခွင့် ပေးထား ပါတယ်။ သူငယ်ချင်း ဆိုတာ ထဲမှာ ယောက်ျားလေး မိန်းကလေး မခွဲခြားသင့်ဘူး လို့ ကျွန်မကိုယ်တိုင်လဲ လက်ခံ ယုံကြည် တယ်လေ။ စည်း ဆိုတာကိုတော့ ခွဲခြား နားလည် တတ်ဖို့ နှစ်ယောက်လုံး သဘောပေါက် လက်ခံထား ပြီးသားပါ။ ဒါကြောင့် မောင့်ကို ကျွန်မ လုံးလုံး မချုပ်ချယ်ပါဘူး။ မိန်းကလေး သူငယ်ချင်းတွေနဲ့ စုပြီး ခရီး ထွက်လဲ ကျွန်မက မောင့် သိက္ခာ ကို ယုံလို့ ခွင့်ပြုတယ် မောင်သာ အလွဲ သုံးစား မလုပ်နဲ့ ဆိုတဲ့ စကား တခွန်းနဲ့ လွှတ်ခဲ့တာ ချည့်ပါပဲ။ ခုလဲ မောင် မအားလို့ မေးလ် စစ်ပေးပါ ဆိုလို့ မောင့်မေးလ်ကို ကျွန်မ စစ်ပေးတာပါ။ မောင့်ရဲ့ မေးလ်တွေကို မသင်္ကာ စိတ်နဲ့ တခါမှ မစစ်ဖူးပါဘူး။ ခုတော့ကွယ်.. ဘယ်လို မိန်းမ ပါလိမ့်။ ပိုင်စိုးပိုင်နင်း… ပို့လိုက်တဲ့ ပါဝါပွိုင့် ဖိုင်ကလဲ လွန်လွန်ကျူးကျူး တွေချည့် .. မောင် လိုအပ် ချိန် တိုင်းသာ တ လိုက်ပါတဲ့။ သူက ဘာမဆို အမြဲ အသင့်ပါပဲတဲ့။ သူငယ်ချင်း စည်းကိုတော့ လွန်လာ တာ သေချာပါပြီ။ သူ့ဘက်ကပဲ ကျော်တာလား .. မောင့် ဘက်ကရော ကျော်သေးလား ဆိုတာတော့ ကျွန်မ သိဖို့လိုနေပါပြီ။

ကျွန်မမှာ ငယ်ကတည်းက အကျင့်တစ်ခုက ဆိုက်ကိုလို ကပ်ပါနေပါတယ်။ ဒါကတော့ ပထမ မရရင် အပြစ် ရှိသလို ခံစား ရတာ ပါပဲ။ ကျွန်မ ကျောင်းနေတဲ့ အရွယ်က စပြီး အတန်း ထဲမှာ ပထမ ရလေ့ ရှိပါတယ်။ အဖေက ပထမ မရရင် ဒုတိယ ရတိုင်း တစ်ချက် ရိုက်တာကိုး။ တတိယ ရခဲ့ရင် နှစ်ချက် အရိုက် ခံရပါတယ်။ ဒီတော့ လူကြီး ဖြစ်လာပြီး ပေမယ့် ပထမ မရတိုင်းမှာ အပြစ် ရှိသလို ခံစား ခဲ့ရလေ့ ရှိပါတယ်။ အသက်ကြီးတော့ အရူးရင့် သလား မပြောတတ်။ သာမန် ပထမနဲ့ မကျေနပ် ချင်တော့ ပါဘူး။ Pioneer ပါ ဖြစ်ချင် လာတဲ့ ရောဂါပါ တိုးလာ ပါရော။ ရည်းစား မထား ခဲ့တာ ကလဲ အဲဒီ ဆိုက်ကို ကြောင့် စာဖက် စီးပွားဖက် မှာပါ တအား အားသွန် နေခဲ့လို့ပါ။ အိမ်ထောင် ကျတော့လဲ ဘယ်သူ့ ကိုမှ မပိုးပန်း ဖူးတဲ့ သူကို ရွေးပြီး လက်ထပ် ပါတယ်။ ဒါတောင် ပြောခဲ့ သေးတာ။ ကျွန်မဟာ လူတစ်ယောက်ရဲ့ နံပါတ် တစ်ခု ဘယ်တော့မှ မဖြစ်ချင် ဘူးနော်လို့.. အိမ်ထောင်ရေးမှာ နံပါတ် ၂တွေ ၃တွေ ပေါ်လာမှာ မခံနိုင်လို့ နံပါတ် တစ်တောင် ဖြစ်ချင်တာ မဟုတ်ဘူးလို့… ဘယ်တော့မှ နံပါတ် တစ်ခု မဖြစ် စေရဘူး ဆိုတဲ့ အာမ ခံချက်နဲ့ မောင်နဲ့ လက်တွဲ ခဲ့တာပါ။ ခုတော့ မောင်နဲ့ ရှင်းကို ရှင်းရ ပါတော့မယ်။

သူ့ကို စောင့်ရင်း မှေးခနဲ အိပ်ပျော် သွားခိုက်…
ပိလေး.. အိပ်ချင်ရင် အိပ်ရာထဲ ၀င်အိပ်လေ.. ထ.. ထ

အော်.. အင်း မောင့်ကို စောင့်နေတာ

ဘာများ အကြောင်းထူးလို့လဲ ပိလေးရဲ့

မောင် .. ဒါ ဘယ်သူလဲ

ပရင့်ထုတ်ထားတဲ့ မေးလ် စာမျက်နှာကို ဖတ်ရင်း မောင်က ဆွေးဆွေး မြည့်မြည့် အဝေးကို ငေးသည်။ ဒါ ကျွန်မ မျှော်လင့် ထားသော တုန့်ပြန်မှု မဟုတ်

((မောင်)) မေးနေတာ ဖြေကွာ ဒါဘာလဲ

ပိလေး ရယ် .. မောင့်ကို စိတ်ဆိုးချင် ဆိုးပါ။ မောင်လေ ပိလေးကို ချစ်လွန်းလို့ လိမ်မိ တာပါ။ ဆယ်တန်း အပြီး ကျောင်းတွေ လေးနှစ်လောက် ပိတ်တုန်းက မောင်တို့တွေ စိတ်တွေ လေနေ ကြချိန် တုန်းကပေါ့။ သူနဲ့ မောင် သင်တန်း တစ်ခုမှာ ဆုံဖြစ် ကြတယ်။ စိတ်ကစားချိန် ရူးရူးမိုက်မိုက်နဲ့ ခိုးပြေး ခဲ့ကြ ဖူးတယ်။ မကြာခင် သူ့မိဘတွေ လိုက်ခွဲလို့ ကိုယ်တို့ ကွဲခဲ့ ကြတယ်။ ကွဲတုန်းကတော့ အရူးအမူးပေါ့။ နောက် တော့ စိတ်ကစား တာမှန်း၊ မွှန်လို့ လူကြီး တွေကို အရွဲ့ တိုက်မိ တာမှန်း သိလာတယ်။ ကိုယ်တို့ ကျေ ကျေ နပ်နပ် လမ်းခွဲ ခဲ့ကြပါတယ်။ နောက် ကိုယ် နိုင်ငံခြားကို ထွက်ခဲ့တော့ မေ့မေ့ လျော့လျော့ နေခဲ့ တယ်။ ပိလေးကို ချစ်ခွင့် ပန်တုန်း ကရော လက်ထပ်စဉ် ကပါ ဒါကို လုံးဝတောင် မေ့နေခဲ့ တာပါကွာ… ပိလေး ကိုပဲ ကိုယ် လေးလေး နက်နက် တဘ၀စာ လက်တွဲ မယ်လို့ ရည်ရွယ်တဲ့ အထိ ချစ်တာပါ။ ဒါပေမယ့် မမျှော်လင့်ဘဲ သူ ရင်သွေးလေး ရသွားမှန်း ပိလေးနဲ့ လက်ထပ်ပြီး နောင်မှ ကိုယ်သိ ခဲ့ရတယ်။ သူ့မိဘ တွေက လူသိ မခံဘဲ အဲဒီ ကလေးလေးကို သူ့ အမ လင်မယားဆီ ပေးပစ် ခဲ့ကြ တာတဲ့။ ကိုယ် ဒီအကြောင်း ပြန်သိတာ လပိုင်း လေးပဲ ရှိပါသေးတယ်။ ကိုယ် ပိလေး ကို သိပ်ချစ်သလို ကိုယ့်ရင်သွေး လေးကိုလဲ သိပ်ချစ် ပါတယ်။

((( ဘာပြောတယ်)))

နားဝကို မိုးကြိုး ပစ်ချ လိုက်သလို ပါပဲ… ကျွန်မလဲ မတ်တပ်က လဲပြို ပါတော့တယ်။

ရှင် ကျွန်မကို မထူနဲ့။ ဖယ်။ ရှင် လူလိမ်.. ကျွန်မရဲ့ အချစ်ကို ရှင် လိမ်ယူတယ်။ ကျွန်မ ဘယ်လောက်ထိ သန့်စင် မွန်မြတ်မှုကို မြတ်နိုးတယ် ဆိုတာ ရှင် သိသားနဲ့။ ကျွန်မ ဘယ်လောက်ထိ နံပါတ်တွေကို မုန်းလဲ ဆိုတာ ရှင်သိသားနဲ့။ ရှင့် ကလေးကို လက်ခံရမယ်လား။ ဒါဆို ကျွန်မက နောက်မယားပေါ့။ ဟင် .. ဟုတ်လား။ ကျွန်မက မိထွေးပေါ့.. အဲလိုလား.. ပြောစမ်းပါ ရှင်ကြီးရဲ့.. ရှင် လုပ်ရက် လှချည်လား.. ရှင် ပြောရက် လှချည်လား…

ပိလေး စိတ်ထိန်းလေ.. ပိလေး အဲလောက်ကြီး မပေါက်ကွဲ နဲ့လေ… ပိလေး.. ကိုယ်ပြောတာ နားထောင်ပါဦး .. ကိုယ် ပြန်ရှင်းပြတာ နားထောင်ဦးလေ.. ဟာ ကွိုင်ပဲ

ရှင် .. ရှင် .. လူယုတ်မာ .. ကျွန်မကို လိမ်တယ်.. ကျွန်မနားကို မလာနဲ့.. ရှင် လွှတ်.. ကျွန်မကို လွှတ်စမ်း.. ပြောနေတာ မရဘူးလား .. ကဲဟယ်

(((ခွမ်း)))

မွှန်ထူ် နေတဲ့စိတ်နဲ့ နီးရာ ပန်းအိုးနဲ့ ရိုက်ပြီး မောင့်နားက ကျွန်မ ပြေးထွက်လာခဲ့တယ်.. ခြံထဲ.. လမ်းထဲ.. မြို့ထဲ.. နောက်ဆုံး ဘုရားဝင်းထဲ ကျွန်မ ငါးစာ ကျွေးနေကျ ကန်ကြီးဆီ…

အရူးမ တစ်ယောက်လို ခြေဦး တည့်ရာ လျှောက်သွား နေမိတယ်.. မျက်ရည် တွေလဲ ခမ်းပေါ့.. ရင်ထဲလဲ ဆို့လို့ လမ်းလဲ ကောင်းကောင်း ဆက်မလျှောက် နိုင်တော့ …. ဒယီးဒယိုင်နဲ့ ကျွန်မကို လူတွေက စုပ်တ သပ်သပ်နဲ့ ကြည့်တာ ခံရတိုင်း ဆက်ပြေး ထွက်လာခဲ့တယ်… အိုးးးး ရှင်တို့ လာမသနားနဲ့.. ကျွန်မ ဆို တဲ့ မိန်းမက ဘယ်သူ့ အသနားမှ ခံချင်တဲ့ မိန်းမ မဟုတ်ဘူးးးး… ရှင်တို့ အဲလို မျက်လုံးတွေနဲ့ လာမ ကြည့် နဲ့.. ကျွန်မ ဒုတိယ မယား ဖြစ်ချင်တဲ့ မိန်းမစား မဟုတ်ဘူး..

ကန်ကြီးနားကို အရောက် လူတွေ အုံနေတာ တွေ့လိုက်တယ်… ၀မ်းနည်း စိတ်မကောင်းတဲ့ မျက်နှာနဲ့ လူတွေ.. တစ်စုံတစ်ယောက်ကို ၀ိုင်းကြည့် နေကြတယ်။ အဲဒီအချိန်မှ သူနာတင် ယာဉ်လဲ ဆိုက်လာ တယ်။ ဘေးနားက ဖြတ်သွားတဲ့ လူတစ်ယောက်ရဲ့ အသံကို ၀ိုးတ၀ါး အကြားလိုက်မှာ

ဖြစ်ရလေဗျာ.. တော်တော် စိတ်မကောင်း စရာပဲ… မိန်းမကို ချစ်လို့ အစလွန် လိုက်တာ မိန်းမက တအား စိတ်ဆိုးပြီး ပန်းအိုးနဲ့ ရိုက်ပြီး ထွက်ပြေး သွားလို့ လိုက်ရှာတာ.. ခေါင်းကွဲ သွားတာကို အရင် ဆေးခန်း သွား မချုပ်ဘူး.. ခုတော့ သူ့မိန်းမများ ဒီကန်ကို လာမလား ဆိုပြီး စိတ်ပူလို့ လာထိုင် စောင့်နေရင်း သွေး ထွက်လွန်လို့ သေပြီ ထင်ပါရဲ့ဗျာ…..

(((ဘာ)))

မောင်လားဟင် .. အဲဒါ မောင်လား.. နည်းနည်း လမ်းဖယ် ပေးကြ ပါရှင်.. ကျွန်မ ကြည့်ပါရစေ.. ကျွန်မ မောင့်ကို ကြည့်ပါရစေ.. မောင်.. မောင်ရေ

စိတ်မကောင်းပါဘူးဗျာ… သူ ဆုံးသွားပါပြီ

(((ဘာ)))
((((((မောင်)))))))

တအား ကြုံးအော်သံကြောင့် လှေကားက တ၀ုန်းဝုန်း ပြေးတက် လာတဲ့ ခြေသံကို ကြားလိုက် ရသည်။ ဟင် ဒါဆို
ပိလေး .. ဘာဖြစ်တာလဲ.. ဘာဖြစ်လို့လဲ.. ဘာတွေ့လို့လဲ.. အော် အိပ်မက် မက်တာလား… အိပ်မက် ထဲမှာ သရဲ ခြောက်လို့ လားဟင်.. ရေသောက် လိုက်နော်.. ရော့ရော့ အိပ်ရာ ဘေးမှာ ရေအသင့် ရှိတယ်.. ဖြည်းဖြည်း သောက်နော်.. မသီးစေနဲ့နော်.. ဘာဖြစ်တာလဲ .. ဘာဖြစ်လို့လဲ… ဟာ.. သွေးခုန်နှုံးတွေ တအား မြန်နေ တာပဲ.. မကြောက် နဲ့နော်.. မောင် ရှိတယ် သိလား.. ဖြစ်ရလေ ပိလေး ရယ်.. တိတ်တော့နော်.. ဘာမှ မဖြစ်ဘူး သိလား.. မောင် အနားမှာ ရှိတယ် သိလား

တတွတ်တွတ် အားပေးရင်း လက်တစ်ဖက်က ပုခုံးကို တအား ကြပ်ကြပ် ဖက်ထားရင်း ကျန်လက်တစ်ဖက် က ခေါင်းကို ပွတ်ရင်း မောင် က ပြောရှာသည်။ ကျွန်မကတော့ ရှိုက်ကြီး တငင် ငိုကြွေးဆဲ…. မနားနိုင် အောင် ငိုကြွေးဆဲ… ဆိုးလိုက်တဲ့ အိပ်မက်ရယ်… ၀မ်းနည်း စိတ်က မပြေ နိုင်သေး ငိုကြော ကလဲ ရှည်ဆဲ…

နာရီဝက်လောက် အားရအောင် မောင့်ရင်ခွင် ထဲမှာ ငိုအပြီး မောင်တိုက်သော သွေးဆေးနဲ့ ရေတို့ကို သောက် အပြီးမှ မောင်က ပြန်အိပ် ခိုင်းရှာသည်။ ဟင့်အင်း အဲဒီ အိပ်မက် ပြန်မက်မှာ စိုးလို့ မအိပ် တော့ဘူး ဆိုမှ အိပ်မက် အကြောင်း ပြန်ပြော ပြရသည်။

ဖြစ်ရလေ ပိလေးရယ်… အဲဒီတစ်ယောက်နဲ့ မောင်နဲ့ ဘာမှ မပတ်သက် ပါဘူးကွာ… သူက မောင့် သူငယ်ချင်း နဲ့ အိမ်ထောင် ကျတာ လေးနှစ်လောက် ရှိပေါ့။ ဆိုရှယ် ကျလွန်းလို့ ဘာမှ မတွေးဘဲ သူ့မေးလ်ထဲ ၀င်လာတာကို တခြား လူတွေဆီ ဒီအတိုင်း မစဉ်းစားဘဲ forward လုပ်လိုက်တာပါ။ မောင့် တစ်ယောက် ထဲကို ပို့တာမှ မဟုတ်တာ.. show details ကို နှိပ်မကြည့် ဘူးလား။ သူ တခြားသူ တွေကို လဲ အဲလို ပို့တာပဲလေ.. ညက မောင် ပြန်ရောက်တော့ တံခါးဖွင့်ပေးမယ့်သူ မရှိတာနဲ့ သော့တူနဲ့ ဖွင့်ဝင် လာတော့ ပိလေး ဧည့်ခန်းမှာ အိပ်ပျော် နေတာ တွေ့လို့ မနိုးအောင် အိပ်ခန်းထဲ မောင် ပွေ့တင်ခဲ့ ရတာ။ ပရင့် ထုတ်ထားတဲ့ စာကို တွေ့သားပဲ။ ဒါကြောင့် ပိလေးကို အိပ်ခန်း ပို့ပြီးတော့ မောင် မေးလ်စစ် ကြည့်လိုက် သေးတယ် လေ။

အင်း ပိလေးလဲ တအား မွှန်ထူ သွားတော့ အဲဒါ ကြည့်လိုက် မိဘူး…. ဒါပေမယ့် မောင်ရယ် ပိလေးကို အိပ်မက် ထဲက လိုတော့ မနောက် ပါနဲ့ နော်။ ပိလေး လုံးဝ ခံနိုင်ရည် မရှိလို့ပါ။

စိတ်ချပါ ပိလေးရယ်.. မောင် အဲလိုတော့ မနောက်ပါဘူး။ မောင့် သူငယ်ချင်းမ တွေကိုလဲ မှာထားပါ့မယ်။ အဲလို မေးလ်မျိုး မောင့်ဆီ မပို့ပါနဲ့လို့.. ကဲ ကျေနပ်ပြီလား

အင်းး.. အမှောင်ထုက တဖြည်းဖြည်း ပျောက်ကွယ်လို့ အာရုဏ်ဦးက အလင်းတန်းတို့ကို လောကဓာတ် တခွင်ကို ဖြန့်ဝေနေပါချေပြီ… ဒီလိုပဲ သံသယ အမှောင် တို့ကလဲ အမှန်တရား ရောင်ခြည်ဦးတို့နဲ့ အတူ ပျောက်ကွယ် ရစမြဲပါ။ အိပ်မက်ဆိုတာ တကယ်တော့ ပြန်လည် နိုးထခြင်းနဲ့ပဲ အဆုံးသတ် ကြရတာ မဟုတ်ပါလားရှင်…

Read More...

ထိုင်း အစားအသောက်များ (၁)

မြန်မာတွေနဲ့ ရင်းနှီးနေတာ တွေကတော့ သင်္ဘောသီးထောင်းနဲ့ တုန့်ယမ် ခေါ် ယိုးဒယား ဟင်းချိုပါ။ သူတို့ ဘယ်နှစ်မျိုးစီ ရှိကြတယ် ဆိုတာ ပြောပြမယ်နော်… သိသလောက်ပေါ့… ၂မျိုးလုံးအတွက် အစပ် မထည့်ဘူး ဆိုရင် မိုက်ဖဲ့ထ် (Mai Phet)၊ လို့ ပြောရပါတယ်။ တအားစပ်တာကို ဖဲ့ထ်မာက်မာက်၊ အနေတော် စပ်တာကို ဖဲ့ထ် ပန်ကလန်၊ နည်းနည်းစပ်တာကို ဖဲ့ထ် နစ်နွိုင် (Phet Nik Noi) ပါတဲ့။

သဘောင်္သီးထောင်း

သဘောင်္သီးထောင်း ကို ထိုင်းလို စုန့်ပ်သမ် လို့ အသံထွက်ပါတယ်။ သူတို့ ထုံးစံက မုန့်ဟင်းခါး မုန့်ဖတ် ကို သဘောင်္သီးထောင်း နဲ့ စားတာပါ။ ကောက်ညှင်းနဲ့လဲ စားလေ့ ရှိပါတယ်။ သဘောင်္သီး ထောင်း ပုံစံ အမျိုးမျိုး ရှိပါတယ်။ မြေပဲနဲ့ ထောင်းတဲ့ သက်သတ်လွတ် ထောင်း၊ ပုစွန် ခြောက် နဲ့ ထောင်းတဲ့ ပုံစံ တမျိုးနဲ့ ဂဏန်း ငါးပိကောင်နဲ့ ထောင်း တဲ့ပုံစံတို့ ဖြစ်ပါတယ်။ နိုင်ငံခြားသား လာ ၀ယ်စားရင် အနောက်တိုင်းသား အကြိုက် မြေပဲနဲ့ ထောင်းပေးလေ့ ရှိပါတယ်။ အနောက်တိုင်းသား ပုံစံ မဟုတ်ဘဲ ထိုင်းပုံပေါက်နေရင်တော့ ဘာနဲ့ ထောင်းမလဲ လို့ ပြန်မေးလေ့ ရှိပါတယ်။ မြေပဲကို ထွယ်၊ ပုစွန်ခြောက်ကို ကွန်းဟဲန်းင်၊ ဂဏန်း ငပိကောင်ခေါ် ဂဏန်း အိုးစိမ်ကို ပူး လို့ ခေါ်ပါတယ်။ ထိုင်းဆိုင် တွေမှာ တခု ကောင်းတာက မီးဖို ချောင် ကို စားသုံးသူက အတိုင်းသား မြင်နေ ရတာ ပါပဲ။ သူတို့ ညစ်ပတ်လို့ မရဘူးလေ။ ဒီတော့ ကျွန်မ ရောက် စက ထိုင်းစကား မတတ်တော့ လက်ညှိုး ဘာသာနဲ့ပဲ အဆင်ပြေပါတယ်။ စားချင်တာ လက်ညှိုး ထိုးလိုက်တာပါပဲ။ ပြီးတော့ ဘောက်ချာ လေးထဲက အတိုင်း ငွေချေ.. စကားကို ပြောစရာ မလိုတာပါ။

ပါဝင် ပစည်းများကတော့ ကိုယ်ရွေးချယ်တဲ့ (မြေပဲ၊ ပုစွန်ခြောက်၊ ဂဏန်း ငပိကောင် တမျိုးမျိုးနဲ့ ) သင်္ဘောသီး စိန်ခလုတ်ခြစ်၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ပင်လယ်အုန်းကနေ ချက်တဲ့ သကြားခဲ၊ ငံပြာရည် တို့နဲ့ ရောထောင်းလေ့ ရှိပါတယ်။

တုန့်ယမ် ခေါ် ယိုးဒယား ဟင်းချို

ထိုင်းရဲ့ နာမည် အကြီးဆုံး ဟင်းလျာပါ။ တုန့်ယမ် ကွန်း ခေါ် ပုစွန်တုန့်ယမ်၊ တုန့်ယမ်ကိုင် ခေါ် ကြက်သားတုန့်ယမ်၊ တုန့်ယမ်ထလေ ခေါ် ပင်လယ်စာ တုန့်ယမ် (ပင်လယ်ကို ထိုင်းလို ထလေ လို့ ခေါ်လို့ပါ) ၊ တုန့်ယမ် လွမ်မစ်ခေါ် အသားစုံ တုန့်ယွမ်၊ ၀က်ခြေတောက် တုန့်ယမ်းကို တုန့်ယမ်ခါမူ လို့ခေါ်တယ်။ ကျွန်မသိသလောက် ဒါအကုန်ပါ  နောက်ပြီး အရည်ကျဲ နာမ်းဆိုင်မ် နဲ့ အရည်နောက် နမ့်ကွန်း လို့ အထက်က အရာအားလုံးကို ပြန်ခွဲပါ သေးတယ်။ အရည်နောက် ဆိုတာ ငရုတ်သီး အဆီနဲ့ ပုစွန်အနှစ် ထည့်ထားလို့ အရည်က ပိုလေး ပိုအကြော တက်တာ ပေါ့။ အရည်ကျဲ ထဲမှာ အဲဒီ ၂ခု မပါပါဘူး။ အုန်းနို့လဲ မပါ ပါဘူး။ အစပ်ပေါ် မူတည်ပြီး အပေါ်ဆုံးမှာ ပြခဲ့တဲ့ အတိုင်း သုံးမျိုး ထပ်ခွဲပါ သတဲ့။ မစပ်တာကို တုန့်ယမ် နာမ်းဆိုင်မ်ပါတဲ့။

ဝက်ခြေထောက် တုန့်ယမ်ကို ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ပိုစားလေ့ ရှိပါတယ်။ တရုတ် ပြည်၊ လာအို နယ်စပ်နဲ့ နီးလို့ ထင်ပါရဲ့။ အိစံနယ်လို့ ခေါ်တဲ့ နယ်တွေမှာ အစားများသတဲ့။ အိစံ အစားအသောက် စာရင်းဝင်ပေါ့နော်။ ထိုင်းအလယ်ပိုင်းမှာတော့ ပုစွန် တုန့်ယမ်နဲ့ ကြက်သား တုန့်ယမ် ဆိုင်တွေ ပိုများပါတယ်။ ကမ်းရိုးတန်း တလျှောက်က မြို့တွေ ကျတော့ ပင်လယ်စာ တုန့်ယမ်ပေါ့။ မလေးရှားနဲ့ ကပ်လျက်က တောင်ပိုင်း နယ်တွေမှာတော့ တုန့်ယမ်ကို အုန်းနို့ ထည့် ချက်တာ အစားများပါတယ်။ မလေး အငွေ့ ဟပ်တယ် ထင်ပါ့။ ဒါပေမယ့် ကမ္ဘာလှည့် ခရီးသည် အလာများတဲ့ မြို့တွေ မှာတော့ အမယ်စုံကို ရတာပါ။ လေဆိပ်မှာဆို တုန့်ယမ် တမျိုးတည်း သီးသန့် ရောင်းတဲ့ ဆိုင်တောင် ရှိပါသေးရဲ့။

ထိုင်းအစားအသောက်ထဲမှာ ဒီနှစ်မျိုးကတော့ ဟင်းချက်နည်း အိပ်စ်ပို့ တောင် လုပ်ပါတယ်။ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ထိုင်း စားသောက်ဆိုင်တွေ ဖွင့်ပြီး ဒီဟင်းတွေကို ဈေးကွက်တင် ရောင်းတာပါ။ အော်စီကို ရောက်ခဲ့တုန်းက ထိုင်းစားသောက်ဆိုင်မှာ ဒီဟင်းတွေ တွေ့ခဲ့ပါသေးတယ်။

စိတ်ကူးထဲမှာတော့ မြန်မာ မုန့်ဟင်းခါးကို လေဆိပ်မှာ ပုံစံစုံ ချက်ရောင်းလိုက်ချင်တယ်။ မန်းလေးချက်၊ ပြည်ချက်၊ ဟင်္သာတ ချက်၊ ပုသိမ်ချက်၊ တောင်ငူချက်၊ ရခိုင်ချက်၊ မော်လမြိုင်ချက်၊ ထားဝယ်ချက် ဆိုပြီး လေ (နောက်ထပ် ကျန် သေးလား မသိတော့ဘူး) နောက်ပြီး နိုင်ငံခြားမှာပါ ဆိုင် အပျံစားကြီး တွေနဲ့ တို့ မြန်မာ အစားအစာ ဆိုတာ ဒီလိုကွလို့ တည်ခင်း ရောင်းချ အိပ်စ်ပို့ လုပ်ချင်လိုက်တာ… လော လော ဆယ်တော့ ဘန်ကောက် မှာ နိုင်ငံခြားသား ဧည့်ကောင်း စောင်ကောင်းကို အဲလို တည်ခင်း ဧည့်ခံ နိုင်လောက်တဲ့ မြန်မာ စားသောက်ဆိုင် ကောင်းကောင်းလဲ မတွေ့မိသေး။ ခါချဉ်ကောင် မာန်ကြီးပြီး တခါ ဆိုင်ဖွင့်လိုက် မိပါတယ် ၆လ မပြည့်ခင် ဆေးရုံ တက်လိုက် ရတော့ ဆိုင်လဲ ပိတ်လို့။ ကိုယ်တိုင် မလုပ်နိုင် တော့ပေ မယ့် ဘယ်သူ လာဖွင့်ဖွင့်ပါ။ အားရပါးရ ကြော်ငြာခ မယူဘဲကို လိုက် ကြော်ငြာပေး ကိုယ်တိုင်လဲ လိုက် အားပေးဦးမယ်။ မျှော်နေတယ် မြန်မာ စားသောက်ဆိုင် ကောင်းကောင်း ကြီးကို….

(ထိုင်း အခေါ်အဝေါ်များကို ဓာတ်ပုံ ကိုချစ်ဦးမှ ကူညီ ပံ့ပိုး ပါသည်)

Read More...

အဓိပ္ပာယ်ပြည့်ဝလှတဲ့ မြန်မာ့စကားလုံး အသုံးအနှုံး များနဲ့ မြန်မာ့ဓလေ့ထုံး (၂)

ဒီတစ်ခေါက် မြန်မာ့ရိုးရာ အတွက်အလှည့်ကျတာ ကတော့ သီတင်းကျွတ် ပီပီ လက်ထပ်ပွဲများ အကြောင်း ဖြစ်ပါတယ်။

စိတ်ဝင်စားသွားတယ်ဟုတ်… ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာ ၀ါတွင်းသုံးလမှာ (လက်ထပ်ခြင်း) အိမ်ရာ တည်ထောင်ခြင်း၊ အိမ်ပြောင်းခြင်း၊ ခရီးထွက်ခြင်း တတ်အား သမျှ မလုပ်ကြ ပါဘူး။ အဲဒါဟာ တကယ် တော့ ဗေဒင် ကိန်းခန်း အရရော၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အရပါ ရိုးရာမို့သာ ရှောင်လိုက်ရတယ် ဘာ ကြောင့် မှန်း သိပ်တော့ ဂဃနဏ မသိခဲ့ ဖူးတာ အမှန်ပါ။ စပ်စုတဲ့ ကျွန်မ လိုက်လံ မေးမြန်း ရာက ရတဲ့ အဖြေများ ကတော့

(၁) မိုးတွင်းမို့ လုပ်ခင်း လယ်ယာ မသာလို့ (မိုးရွာနေတာကို စောင့်ရတဲ့ အတွက် အလုပ်မတွင်လို့)
(၂) စိုက်ပျိုးရေး နိုင်ငံ ပီပီ မိုးတွင်းမှာ မိုးကောင်းတုန်း ထွန်ချ ပါမှ တစ်နှစ်စာ ၀မ်းစာ ဖူလုံမှာမို့ အချိန်အခါ ရှိတုန်း လုပ်သင့်တာ လုပ်နေရလို့
(၃) မိုးတွင်းမှာ သက်ရှိအားလုံး (အပင်၊ သတ္တ၀ါတွေ) ရှင်သန်ဖို့ အားယူ နေရာမှာ ကိုယ်က လျှောက်သွား နေရင် မတော်တဆ နင်းမိတဲ့အခါ သေကြေ ပျက်စီး ကုန်မှာ စိုးလို့ ပါတဲ့။

အင်း.. ဟုတ်တာတော့ ဟုတ်နေသား … ဆက်စပ် စဉ်းစား ကြည့်ရင် ဗေဒင် မေးစရာ မလိုဘူးနော်။ မိုးတွင်းကြီး မင်္ဂလာဆောင်ရင် မြို့ပေါ်က လူတွေတောင် ကိုယ် ပိုင်ကား စီးရ တာတောင် ရှိုးပဲ့ အလုပ်ရှုပ် သေးတာ တောက လူတွေ အတွက် ကတော့ တော်တော်ကို မလွယ်ကြောပါ။ ၀ါတွင်း သုံးလ ဆိုတဲ့ မိုးတွင်းကြီးမှာ မင်္ဂလာ မောင်နှံ နေဖို့ အိမ်သစ် ဆောက်ဖို့ သစ်ရှာ၊ ၀ါးရှာ၊ တောတိုး၊ ကြိမ်ခုတ် လုပ်ဖို့ မိုးတွင်းကြီးမှာ ဘယ်လိုမှ အဆင်ပြေစရာ အကြောင်းမရှိပါဘူး။ ၀ါတွင်း သုံးလ ဥပုသ် သီလ စောင့်ဖို့ကတော့ ဝေးပါရော… ဒီတော့ သီတင်းကျွတ် ကောက်စိုက်လယ်ထွန်အပြီး အားတုန်း နားတုန်းလေး မင်္ဂလာ ဆောင်လေ့ ရှိကြ ပါတယ်။ တချို့ကတော့ ဆောင်းတွင်း ကောက်ရိတ် သိမ်း အပြီး ငွေရွှင်ချိန်မှ မင်္ဂလာ ဆောင်ကြ ပါတယ်။ မင်္ဂလာ ဆောင်ကောင်းတယ် ဆိုတဲ့အချိန်တွေက အဲလို လတွေ ချည့်ပါပဲ။ အေးဆေး ဟန်းနီးမွန်း လို့ ရတာ ကိုးနော်… တခြား အချိန်ဆို အလုပ်ရှုပ် သောက များနေတာနဲ့မို့လေ။ သောကများရင် ကလေး မရတတ်ဘူးတဲ့။ ဒေါက်တာ စိုးထက် ပြောတာပါ။

မင်္ဂလာ ဆောင်တဲ့အခါမှာ မြန်မာ့ရိုးရာက လက်ထပ် စာချုပ် မလိုပါဘူး။ သတို့ သမီးရဲ့ အုပ်ထိန်းသူ များ ထံကို သတို့သားနဲ့ အုပ်ထိန်းသူများက ရပ်ရွာ လူကြီးတွေရဲ့ ရှေ့မှာ အုန်းပွဲ ငှက်ပျောပွဲနဲ့ တင်တောင်း ရတာ ပါတဲ့။ ခုခေတ်လို တိုက်၊ ကား၊ စိန်တွေနဲ့ တင်တောင်းတာ ဟုတ်ဖူးနော်။ ဘာလို့ အုန်းပွဲ ငှက် ပျောပွဲနဲ့ တင်တောင်းတာလဲ ဆိုတော့ အဓိပ္ပာယ်က ဒီလိုပါတဲ့။

ငှက်ပျောပင်ဟာ တစ်သက်မှာ တစ်ခိုင် သာ သီးသလို ဒီအိမ်ထောင် ကလဲ တသက်မှာ တခါသာ ပြုမယ် လို့ အဓိပ္ပာယ်ရသတဲ့ရှင်။ တခိုင်မှာ အသီးတွေ များကြီး သီးသလို သားသမီး မြေးမြစ်တွေ ပွားစည်း မယ် လို့ ယူဆ ပါသတဲ့။

အင်း.. သိနေ တယ်နော် ခုခေတ် ဗရုတ် သုတ်ခတွေ ဘာပြောမလဲ ဆိုတာ.. ငှက်ပျောသီး အရေ အတွက် နဲ့ အညီ နောက် အိမ်ထောင် ပြုမယ်လို့ တွေးနေတယ် ဟုတ်။ မှားမယ်နော…။ အုန်းသီးကတော့ နောက် အဓိပ္ပာယ် တမျိုးတဲ့ရှင့်။

အုန်းပင်နဲ့ ထန်းပင်ဟာ မြင့်သာ မြင့်တာ။ အပင်မျိုး မဟုတ်ဘူးတဲ့။ မြက်မျိုး ဖြစ်ပါ သတဲ့ရှင်။ မြက်ပေမယ့် မိုးထိ မြင့်တဲ့ မြက် ဆိုတဲ့ အတိုင်း မျိုးရိုးဂုဏ်ကို ဘယ်နေရာ ကနေ လာလာ ထိပ်ဆုံးထိ မြင့် အောင် ကြိုးစားမယ် ဆိုတဲ့ သဘော ပေါ့တဲ့။ ဒါကြောင့် အုန်းပွဲ ငှက်ပျောပွဲနဲ့ တင်တောင်း ပါသတဲ့ရှင်။

သတို့ သမီး သတို့သား နေမယ့် အိမ်အသစ် ရှေ့မှာ ပုဆိုး ထွက်လှန်း လိုက်ရင် ရှေ့ ခုနှစ်အိမ် နောက် ခုနှစ်အိမ် အသိအမှတ် ပြုလိုက်ရင် လင်မယား အရာ မြောက်ပြီလို့ အားလုံးက လက်ခံပါသတဲ့။ ဆိုလို တာက လင်မယား အဖြစ် အသိ အမှတ် ပြုဖို့ရာ ပတ်ဝန်းကျင်သာ အခရာ ဆိုတဲ့ သဘောပါ။ လူ့အဖွဲ့ အစည်းကို လေးစား အသိအမှတ် ပြုတဲ့ သဘော လေးပါ။ အင်း ခုခေတ်တော့ ဒီလို လုပ်ဖို့ မလွယ်.. အလကားနေရင်း အားနေရင်း အတင်း ပြောတတ် သူတွေ သမုတ်တိုင်း သာဆို ခက်ကုန်ရချည့်။ ဒါက ခုခေတ်သာ အိမ်ထောင်စု စာရင်းတွေ ဘာတွေနဲ့မို့ လက်ထပ်စာချုပ် ချုပ်နေကြရတာပါ။ စက္ကူ ပေါ်က ဆိုင်းလေး တစ်ခုက တကယ်တော့ အိမ်ထောင်ရေး အတွက် ဘာမှ အထောက်အကူ ပြုလှ တယ်ရယ် မဟုတ်ပါဘူး။ အိမ်ထောင် ကွဲတဲ့ အခါ မှသာ အမွေဆိုင် ပစည်း ခွဲတော့မှ အသုံးဝင် တာပါ။ ဒါတောင် ဒီခေတ်မှ ဒါမျိုးတွေ ဖြစ်လာ တာပါ။ အရင်ခေတ် ကတော့ တော်ရုံနဲ့ အိမ်ထောင် ကွဲကြတာမှ မဟုတ် ဘဲနော်… ကြည့်ရတာ အုန်းပွဲ ငှက်ပျော ပွဲနဲ့ တင်မတောင်း လို့လား… ခေတ်ပဲ ပြောင်းလာ လို့လား တော့ မသိတော့ ပါဘူးရှင်။ အိမ်ထောင် ပြုတာနဲ့ ပတ်သက် လို့ မြန်မာ့ ရိုးရာ အကြောင်း ကြားဖူး မှတ်သား ဖူးတာ လေးတွေ ဝေငှ တာပါ။ သီတင်းကျွတ် အမှတ်တရ ပေါ့နော…

Read More...

Friday, October 26, 2007

အုတ်တစ်ချပ် သဲတစ်ပွင့်

အုတ်တစ်ချပ်ချင်း အတူတူ သဲတစ်ပွင့်ချင်း အတူတူ ဘုရား တည်တဲ့ အထဲ ထည့်ဆောက်မယ့် အုတ်၊ သဲ ဖြစ်ရင် ကောင်းပါတယ်။ ဘုရားမြေက အုတ်၊ သဲ ဆိုရင် လူတွေက ကံကောင်း စေတယ် အမှောင့် အနှောင့် ကင်းတယ်လို့ ယူဆပြီး လေးစား မြတ်နိုး သတ်မှတ်ပါတယ်။ သင်္ချိုင်းမြေက အုတ်၊ သဲ ဆိုရင် တော့ အမှောင့် ပရောဂနဲ့ ရောဂါ ပိုးမွှားတွေ ကပ်ပါ လာတတ် တယ်လို့ ယူဆပြီး လူတိုင်းက ရွံ့မုန်းစွာ ရှောင်တတ် ပါတယ်။

ကောင်းမှု တစ်ခု၊ ကောင်းတဲ့ စနစ် တစ်ခု ဖြစ်လာအောင် တတ်နိုင် တဲ့ဘက်က အုတ်တစ်ချပ် သဲတပွင့်စာ ပါဝင် ဆောင်ရွက် ကြိုးစားသူတိုင်းဟာ ကောင်းတဲ့ လူနေမှု စနစ် ဆိုတဲ့ အဆောက် အအုံ အတွက် ပါဝင် ပံ့ပိုးတဲ့ အုတ်ချပ် သဲပွင့်တွေ အဖြစ် အဆောက်အအုံ ရှိနေ သရွေ့ရော သမိုင်း မှာပါ မော်ကွန်းဝင် လာပါ တယ်။

ဒီလိုပဲ မကောင်းတဲ့ စနစ် တစ်ခု အကောင် အထည် ပေါ် အမြစ် တည်လာအောင် တတပ် တအား ပါဝင် လှုပ်ရှား နေသူ တွေဟာလဲ မကောင်းတဲ့ လူနေမှု စနစ် အဆောက် အအုံ တစ်ခု အတွက် ပံ့ပိုး ပါဝင်တဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်လာ ပါတယ်။

ကဲ စာရှုသူများရှင့်… ကျွန်မတို့တတွေ အုတ်တစ်ချပ်ချင်း သဲတစ်ပွင့်ချင်း အတူတူ

ဘုရား၊ စေတီ၊ ပုထိုး ဖြစ်မယ့် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ချင်သလား၊ ဖြစ်သင့်သလား
သင်္ချိုင်း ဖြစ်မယ့် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ချင်သလား၊ ဖြစ်သင့်သလား

(ဒီနေ့ သီတင်းကျွတ် လပြည့်နေ့မို့ ဘုရားသွား ကျောင်းတက် လုပ်ကြ တာကို တွေးရင်း ညီမငယ် ဘာညာနဲ့ ချတ်ရင်း ရလာတဲ့ အတွေးများ ဖြစ်ပါတယ်)

Read More...

Thursday, October 25, 2007

သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ အထိမ်းအမှတ် အမှတ်တရ

မြတ်ဘုရား အစစ် ပွင့်ဖို့မျှော်

စိတ်ပျက်တယ်
ငါဘုရားဖြစ်မှ ချွတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
သတ္တ၀ါတွေကို သံသရာက မကျွတ်အောင်
တားဆီးရင်း လိုက်နှောင့်ယှက်နေတဲ့
မဟာကရုဏာထက် ဘုရားဆိုတဲ့ဂုဏ်ကို ပိုမက်တဲ့
မာရ်နတ်ကို…

ဘုရားဖြစ်ဖို့ မကျင့်ကြံဘဲ
ဘုရားဖြစ်တဲ့အခါ ချွတ်ဖို့ သတ္တ၀ါ ကျန်ဖို့
သံသရာနွံမှာ နှစ်ကာ ချန်ချင်သူဟာ
မာရ်နတ်ပဲ ဖြစ်လာမယ် ဘုရားတော့ ဖြစ်မှာ မဟုတ်…

သံသရာမှ လွတ်မြောက်ကြောင်း တရားကို
ကိုယ်တိုင်ရှာဖွေ၊ ကိုယ်တိုင် ကျင့်သုံးလို့ အောင်မြင်တော့မှ
အောင်မြင်မှု အသီးအပွင့်တွေကို သတ္တ၀ါတွေကို ဝေငှ
အဲဒါကမှ မြတ်စွာဘုရားအစစ်…


ဒုက္ခဆင်းရဲ နွံတွင်းကြီးထဲမှာ ဘီလူးသဘက်တွေ ကိုက်ခဲခံနေရတဲ့ သတ္တ၀ါတွေ
ငါ့ခေါင်းဆောင်မှုရမှ နင်တို့အေးချမ်းမှာ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
ခေါင်းဆောင်နေရာကို အပြိုင်လုနေလိုက်တာ
သတ္တ၀ါတွေ ဘီလူးစားလို့ ကုန်တော့မယ်
ခေါင်းဆောင် နေရာ လုပွဲက မပြီးသေး…

စိတ်ပျက်တယ်
ခေါင်းဆောင်နေရာ ငါမရမချင်း
သတ္တ၀ါတွေကို ပေး မအေးချမ်းတဲ့
ခေတ်သစ် မာရ်နတ်တွေကို…

ကိုယ်တိုင် မကျင့်သုံးနိုင်တဲ့ စနစ်တခုကို
လှလှပပ စကားလုံးတွေနဲ့ ထုပ်ပိုး
အကြိုက်တွေကို လိုက်လျောမှုနဲ့ လဲလှယ်
မာယာချိုချိုတွေနဲ့ မဲဆွယ်ရင်း
ငါ့ကို မညွတ်တဲ့ခေါင်းဟာ ပြတ်ရမဟဲ့လို့ အပြင်းအထန်ချေမှုန်း
မာရ်နတ်ရဲ့ အကျင့်ကို ကျင့်ရင်း ဘုရားဖြစ်ဖို့မျှော်ကိုး
ဒါဟာ သတ္တ၀ါတွေရဲ့ အကျိုးဆောင် တကယ်ဖြစ်နိုင်မှာမို့လား…

ဒုက္ခဆင်းရဲ နွံတွင်းကြီးထဲမှာ ဘီလူးသဘက်တွေ ကိုက်ခဲခံနေရတဲ့
သတ္တ၀ါတွေ အားကိုးတကြီး မျှော်နေတယ်
ကိုယ့်ကိုယ်ကို တကယ် ကြည်ညိုနိုင်လောက်မယ့် ခေါင်းဆောင်
သတ္တ၀ါများရဲ့ တကယ်ကြည်ညို ခံနိုင်လောက်မယ့် အကျင့်တရားနဲ့
ဆင်းရဲတွင်းထဲက တကယ်ထွက်မြောက်နိုင်မယ့်လမ်းကို
ကိုယ်တိုင်ရှာဖွေ ကိုယ်တိုင်ကျင့်သုံးနိုင်မယ့် နည်းလမ်း
ကိုယ်တိုင် အောင်မြင်မှာ သေချာတယ်လို့ တကယ် ယုံတဲ့နည်းလမ်းတို့နဲ့
ဇွဲ၊ လုံ့လ၊ ၀ီရိယ တို့နဲ့ တကယ် ရှေ့ထွက်ရဲမယ့် ခေါင်းဆောင်
ခေတ်သစ် မာရ်နတ် မဟုတ်တဲ့ တကယ့်ခေါင်းဆောင် အစစ်ကို…

Read More...

Wednesday, October 24, 2007

ကမ္ဘာ့ ကုလသမဂ္ဂနေ့ အထိမ်းအမှတ် အမှတ်တရ



အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း

၁၉၄၈ ခုနှစ်၊ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်း အဝေး ကြီးက လူ့အခွင့်အရေး ကြေညာ စာတမ်း ကြီးကို အတည်ပြု၍ ကြေညာ လိုက်ရာ ထိုကြေညာ စာတမ်းကြီး၏ စာသားသည် နောက်စာမျက်နှာ များတွင် အပြည့် အစုံ ပါရှိသည်။ ဤကဲ့သို့ ရာဇ၀င် တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီး နောက် ဤညီလာခံ အစည်းအဝေး ကြီးက ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အားလုံး အား ထိုကြေညာ စာတမ်းကြီး၏ စာသားကို အများ ပြည်သူတို့ ကြားသိ စေရန် ကြေညာ ပါမည့် အကြောင်းကို လည်းကောင်း၊ ထို့ပြင် နိုင်ငံများ၊ သို့တည်း မဟုတ် နယ်မြေ များ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲ အဓိက အားဖြင့် စာသင်ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့အစည်း များတွင် ထိုကြေညာ စာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထား စေရန်၊ ဖတ်ကြား စေရန်နှင့် အဓိပ္ပါယ် ရှင်းလင်း ဖော်ပြ စေရန် ဆောင်ရွက်ပါမည့် အကြောင်း ဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။

စကားချီး . . .
လူခပ်သိမ်း၏ မျိုးရိုး ဂုဏ်သိက္ခာ နှင့်တကွ လူတိုင်း အညီအမျှ ခံစားခွင့် ရှိသည့် အခွင့်အရေး များကို အသိအမှတ် ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရား မျှတမှု၊ ငြိမ်းချမ်းမှု တို့၏ အခြေခံ အုတ်မြစ် ဖြစ်သောကြောင့် လည်းကောင်း၊ လူ့ အခွင့်ရေး များကို အရေး မထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့် သိက္ခာကို ချိုးဖောက် ဖျက်ဆီး တတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမှု များကို ဖြစ်ပေါ် စေခဲ့ သောကြောင့် လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟ ပြောဆို နိုင်မှု လွတ်လပ်စွာ သက်ဝင် ယုံကြည် နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်း တို့မှ ကင်း လွတ် စွာ အသက်မွေး နိုင်မှု တို့ကို ခံစား ရယူ နိုင်စေမည့် လောက တစ်ခု ပေါ်ပေါက် လာရန် အရေးကို လူခပ်သိမ်း တို့က မိမိ တို့၏ အထက်သန် ဆုံးသော လိုလားချက် ဆန္ဒကြီး အဖြစ်ဖြင့် ကြွေးကြော် ကြေညာ ပြီးဖြစ် သောကြောင့် လည်းကောင်း၊

လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက် ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်း ပန်းမှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက် စွဲကိုင်ကာ တော်လှန် ခြင်း၊ ပုန်ကန်ခြင်း မပြု စေရန်၊ လူအခွင့်ရေး များကို ဥပဒေဖြင့် ထိန်းသိမ်း ကာကွယ် ပေးရ မည် ဖြစ်သောကြောင့် လည်းကောင်း၊

နိုင်ငံ အချင်းချင်း ချစ်ခင် ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမို တိုးတက် စေရန် ကြံဆောင် ရမည် ဖြစ်သောကြောင့် လည်းကောင်း၊
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလ လူ့အခွင့် ရေးများကို လည်းကောင်း၊ လူ၏ ဂုဏ် သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမ တို့၏ တူညီသည့် အခွင့်အရေး များကို လည်းကောင်း၊ လေးစား ယုံကြည် ပါသည်ဟု ကုလ သမဂ္ဂ တွင် ထပ်မံ၍ အတည်ပြု ပြီးသည့်ပြင်၊ လူမှု ကြီးပွား တိုးတက်ရေး နှင့်တကွ ပိုမို လွတ်လပ် ကောင်း မွန်သော လူ့ဘ၀ အဆင့်အတန်း တို့ကို မြှင့်တင်ရန် သန္နိဌာန် ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊
ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တို့သည် ကုလ သမဂ္ဂ အဖွဲ့နှင့် ပူပေါင်း၍ လူ အခွင့်အရေး များကို လည်ကောင်း၊ အခြေခံ လွတ်လပ်ခွင့် အခွင့်အရေး များကို လည်းကောင်း၊ ကမ္ဘာ့ တ၀ှမ်း လုံးတွင် ရိုသေ လေးစား ကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေး မည်ဟု ကတိ ပြုပြီး ဖြစ်သောကြောင့် လည်းကောင်း၊

ထိုကြောင့်
အထွေထွေ ညီလာခံ က
အပြည်ပြည် ဆိုင်ရာ လူ့အခွင့်ရေး ကြေညာ စာတမ်းကို လူတိုင်း အဖွဲ့ အစည်း တိုင်းသည် အစဉ် နှလုံး သွင်းလျက် ကမ္ဘာ တ၀ှမ်း လုံးတွင် အဆိုပါ အခွင့်အရေး များနှင့် လွတ်လပ် ခွင့်များကို ရိုသေ လေးစား ကြစေရန် ဆုံးမ သွန်သင် ခြင်းဖြင့် အားထုတ် ကြရ မည်ဟု လည်းကောင်း၊ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ များနှင့် ထို နိုင်ငံ တို့၏ အာဏာပိုင် အတွင်းရှိ နယ်ပယ် ဆိုင်ရာ တိုင်းသူ ပြည်သား များအား အဆိုပါ အခွင့် အရေးနှင့် လွတ်လပ်ခွင့် များကို ကျယ်ကျယ် ပြန့်ပြန့် ထိရောက်စွာ သိမှတ် ကျင့်သုံး စောင့်စည်း ကြစေရန် ပြည်တွင်း ပြည်ပ ဆိုင်ရာ တိုးတက်သော ဆောင်ရွက် ချက် များဖြင့် အားထုတ် ကြရမည်ဟု လည်းကောင်း ရည်ရွယ် ပြီးလျှင် လူ့အခွင့် အရေး များဆိုင်ရာ အပြည်ပြည် ဆိုင်ရာ ကြေညာ စာတမ်းကို နိုင်ငံ ခပ်သိမ်း၊ လူခပ် သိမ်း တို့ တပြေး ညီစွာ ဆောင်ရွက် နိုင်ကြ စိမ့်သောငှာ ယခု ထုတ်ပြန် ကြေညာ လိုက်သည်။

အပိုဒ် ၁

လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီ လွတ် လပ် သော အခွင့် အရေး များဖြင့် လည်းကောင်း၊ မွေးဖွား လာသူများ ဖြစ်သည်။ ထိုသူ တို့၌ ပိုင်းခြား ဝေဖန် တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ် သော စိတ်တို့ ရှိကြ၍ ထိုသူ တို့သည် အချင်းချင်း မေတ္တာ ထား၍ ဆက်ဆံ ကျင့်သုံး သင့်၏။

အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့် အရေး ကြေညာ စာတမ်းတွင် ဖော်ပြ ထားသည့် အခွင့် အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံး တို့ကို ပိုင်ဆိုင် ခံစားခွင့် ရှိသည်။ လူမျိုးနွယ် အားဖြင့် ဖြစ်စေ၊ အသား အရောင် အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝ အားဖြင့် ဖြစ်စေ၊ ဘာသာ စကာား အားဖြင့် ဖြစ်စေ၊ ကိုးကွယ် သည့် ဘာသာ အားဖြင့် ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်း မဟုတ် အခြား ယူဆချက် အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်း မဟုတ် လူမှု အဆင့် အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့် ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုး ဇာတိ အားဖြင့် ဖြစ်စေ၊ အခြား အဆင့် အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်း
မရှိစေရ။
ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေ ဒေသ ၏ နိုင်ငံရေး ဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့် ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင် ရာဖြစ်စေ၊ အဆင့် အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသ နယ် မြေ တစ်ခုသည် အချုပ် အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်း မဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ် တဒေသ လောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။

အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှု ခွင့်နှင့် လုံခြုံ စိတ်ချခွင့် ရှိသည်။

အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန် အဖြစ်၊ သို့တည်း မဟုတ် အစေအပါး အဖြစ်၊ နိုင်ထက် စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်း ဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။

အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်း မဟုတ် ရက်စက် ကြမ်းကြုတ်စွာ လူ မဆန် စွာ ဂုဏ်ငယ် စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်း မပြုရ။

အပိုဒ် ၆
လူတိုင်းတွင် ဥပဒေ အရာ၌ လူပုဂ္ဂိုလ် တစ်ဦး အဖြစ်ဖြင့် အရာ ခပ်သိမ်းတွင် အသိ အမှတ် ပြုခြင်းကို ခံယူ ပိုင်ခွင့် ရှိသည်။

အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေ အရာ၌ တူညီ ကြသည့် အပြင်၊ ဥပဒေ၏ အကာအကွယ် ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။ ဤကြေညာ စာတမ်းပါ သဘော တရား များကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ ခွဲခြားခြင်းကို
လှုံဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာ အကွယ်ကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၈
ဖွဲ့စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်း အတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီး ခြင်းခံ ခဲ့ရလျှင် ထိုသို့ ချိုးဖောက် ဖျက်ဆီးသော ပြုလုပ် မှုကြောင့် ဖြစ်ပေါ် လာသော
နစ်နာချက် အတွက် ထိုသူသည် နိုင်ငံ ဆိုင်ရာ အာဏာပိုင် တရားရုံးတွင် ထိရောက် စွာ သက်သာ ခွင့် ရနိုင် စေရမည်။

အပိုဒ် ၉
မည်သူမျှ ဥပဒေ အရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင် ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ။

အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန် ၀တ္တရား များကို အဆုံးအဖြတ် ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရား စွဲဆို စီရင် ဆုံးဖြတ် ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက် သော တရား ရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာ စစ်ဆေး ခြင်းကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေ အတိုင်း စစ်ဆေး၍ ပြစ်မှု ကျူးလွန် သည်ဟု ထင်ရှား စီရင်ခြင်း ခံရသည့် အချိန် အထိ ပြစ်မှုနှင့် တရား စွဲဆိုခြင်း ခံရသူ တိုင်းသည် အပြစ်မဲ့သူ ဟူ၍ ယူဆခြင်း ခံထိုက်သည့် အခွင့်အရေး ရှိသည်။ ထိုအမှုကို ကြားနာ စစ်ဆေး ရာဝယ် စွပ်စွဲ ခံရသည့် ပြစ်မှု အတွက် ခုခံ ချေပ နိုင်ရန် လိုအပ်သော အခွင့် အရေး များကို ထိုသူအား ပေးပြီး ဖြစ်စေ ရမည်။
(၂) လူတစ်ဦး တစ်ယောက်အား နိုင်ငံ ဥပဒေ အရ ဖြစ်စေ၊ အပြည်ပြည် ဆိုင်ရာ ဥပဒေ အရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှု အရ ဆွဲဆို ပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှု ကျူးလွန်စဉ် အခါက ထိုက်သင့် စေနိုင်သော
အပြစ် ဒဏ်ထက် ပိုမို ကြီးလေးသော အပြစ် ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ။

အပိုဒ် ၁၂
မည်သူမျှ မိမိ သဘော အတိုင်း အေးချမ်း လွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်း ကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက် အ၀န်းကို သော်လည်းကောင်း၊ စာပေး စာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါ အတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက် စွက်ဖက် ခြင်းမှ သော် လည်းကောင်း ပုတ်ခတ် ခြင်းမှ သော်လည်းကောင်း ဥပဒေ အရ ကာကွယ် ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိ၏ နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ နေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြား တိုင်းပြည်မှ လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့် ရှိသည့် အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်း ရှိသည်။

အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြား တိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံ နေနိုင်ခွင့် ရှိသည်။
(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှု များမှ သော်လည်းကောင်း၊ ကုလ သမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘော တရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်း ကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရား စွဲဆိုခြင်း ခံရသည့် အမှု အခင်း များတွင် အထက်ပါ အခွင့်အရေးကို အသုံး မပြုနိုင် စေရ။

အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသား အဖြစ် ခံယူခွင့် ရှိသည်။
(၂) ဥပဒေ အရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံ စေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲ နိုင်သော အခွင့်အရေး ကိုလည်း ငြင်းပယ်ခြင်း မခံစေရ။

အပိုဒ် ၁၆
(၁) အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမ တို့တွင် လူမျိုးကို သော်လည်း ကောင်း၊ နိုင်ငံသား အဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော် လည်းကောင်း၊ အကြောင်း ပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြား နိုင်ခွင့် နှင့် မိသားစု ထူထောင် နိုင်ခွင့် ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယား အဖြစ် ပေါင်းသင်း နေစဉ် အချိန် အတွင်း၌ သော်လည်း ကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်း ကြသည့် အခါ၌ လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေး များကို ရရှိ ထိုက်သည်။
(၂) သတို့သား နှင့် သတို့သမီး နှစ်ဦး နှစ်ဘက်၏ လွတ်လပ်သော သဘော ဆန္ဒရှိမှ သာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
(၃) မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝ ကျသော အခြေခံ အဖွဲ့တစ်ရပ် ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရ တို့၏ ကာကွယ် စောင့်ရှောက် ခြင်းကို ခံယူခွင့် ရှိသည်။

အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်း ကောင်း ၊ အခြားသူ များနှင့် ဖက်စပ်၍ သော်လည်း ကောင်း၊ ပစ္စည်း ဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေး ရှိရမည်။ ဥပဒေ အရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်း ဥစ္စာ ပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်း မခံ စေရ။

အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆ နိုင်ခွင့်၊ လွတ်လပ်စွာ ခံယူ ရပ်တည် နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ် နိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေး များ၌ မိမိ ကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည် ချက်ကို
လွတ်လပ်စွာ ပြောင်းလဲ နိုင်ခွင့် ပါဝင်သည့် အပြင် မိမိ တစ်ယောက် ချင်းဖြစ်စေ၊ အခြား သူများနှင့် စုပေါင်း၍ ဖြစ်စေ၊ ပြည်သူ အများ ရှေ့မှောက်တွင် သော်လည်း ကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော
ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည် ချက်ကို လွတ်လပ်စွာ သင်ပြ နိုင် ခွင့်၊ ကျင့်သုံး နိုင်ခွင့်၊ ၀တ်ပြု ကိုးကွယ် နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆ နိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြ နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေး များ၌ အနှောင့် အယှက် မရှိဘဲ လွတ်လပ်စွာ ထင်မြင် ယူဆ နိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံ နယ်နိမိတ် များကို ထောက်ထားရန် မလိုဘဲ သတင်း အကြောင်း အရာနှင့် သဘော တရား များကို တနည်း နည်းဖြင့် လွတ်လပ်စွာ ရှာယူ ဆည်းပူး နိုင်ခွင့်၊ လက်ခံ နိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့် တို့လည်း ပါဝင်သည်။

အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေး နိုင်ခွင့် နှင့် ဖွဲ့စည်း နိုင်ခွင့် တို့ ရှိသည်။
(၂) မည်သူ ကိုမျှ အဖွဲ့အစည်း တစ်ခုသို့ ၀င်စေရန် အတင်းအကျပ် မပြုရ။
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိ နိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင် ဖြစ်စေ၊ လွတ်လပ်စွာ ရွေး ချယ် လိုက်သည့် ကိုယ်စားလှယ် များမှ တစ်ဆင့် ဖြစ်စေ ပါဝင် ဆောင်ရွက် နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ ၀န်ထမ်း အဖွဲ့၌ ၀င်ရောက် နိုင်ရန် တူညီသည့် အခွင့် အရေး ရှိသည်။
(၃) ပြည်သူ ပြည်သား တို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံ ဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန် ကာလ ပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲ များဖြင့် ထင်ရှား စေရမည်။ ရွေးကောက် ပွဲများ တွင်လည်း လူတိုင်း အညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့် အပြင် ၊ ထိုရွေးကောက်ပွဲ များကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေး စနစ် ဖြင့်ဖြစ်စေ၊ ကျင်းပ ရမည်။

အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့ အစည်း၏ အဖွဲ့ဝင် တစ်ဦး အနေနှင့် လူမှုရေး လုံခြုံခွင့် ရယူ ပိုင့်ခွင့် ရှိသည့် အပြင် နိုင်ငံရေး ကြိုးပမ်းမှုဖြင့် ဖြစ်စေ၊ နိုင်ငံ တကာ ပူပေါင်း ဆောင် ရွက်မှု ဖြင့်ဖြစ်စေ၊ နိုင်ငံ အသီးသီး၏ ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတ အင်အားနှင့် လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက် လက္ခဏာ လွတ်လပ်စွာ တိုးတက် မြင့်မားရေး အတွက် မရှိမဖြစ် လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲ ပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ် လုပ်ရန် လည်းကောင်း၊ မိမိ နှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော် သော အလုပ်ခွင်၏ အခြေ အနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာ အကွယ် ရရှိရန် လည်းကောင်း အခွင့်အရေး ရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်း မခံရ စေဘဲ၊ တူညီသော အလုပ် အတွက် တူညီသော အခ ကြေးငွေ ရနိုင်ခွင့် ရှိသည်။
(၃) အလုပ် လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစု အတွက် လူ့ဂုဏ် သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက် နိုင်ရန်၊ စိတ်ချ လောက်င သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာ ကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ် ခဲ့လျှင် အခြား နည်းလမ်း များမှ လူမှုရေး အထောက်အပံ့ ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံး များ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ် လျော်ကန်စွာ ကန့်သတ် ထားသည့် အလုပ် လုပ်ချိန် အပြင်၊ လစာနှင့် တကွ အခါ ကာလ အားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ် ရက်များ ပါဝင်သည့် အနား ယူခွင့်နှင့် အားလပ်ခွင့် ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့် တကွ မိမိ၏ မိသားစု ကျန်းမာရေး နှင့်တကွ ကိုယ်စိတ် နှစ်ဖြာ အေးချမ်းစွာ နေထိုင် နိုင်ရေး အတွက် အစာ အဟာရ၊ အ၀တ် အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက် အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူ ခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ် လက်မဲ့ ဖြစ်သော အခါ၌ သော် လည်းကောင်း၊ မကျန်း မမာ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန် ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ အသက် အရွယ် အိုမင်းသော အခါ၌ သော် လည်းကောင်း၊ မိမိ ကိုယ်တိုင်က မတတ် နိုင်သော အကြောင်းကြောင့် ၀မ်းစာ ရှာမှီး နိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊နေထိုင်စားသောက် ရေးအတွက် လုံခြုံ စိတ်ချ ရမှု အခွင့်အရေး ရှိသည်။
(၂) သားသည် မိခင် များနှင့် ကလေး များသည် အထူး စောင့်ရှောက် ခြင်းနှင့် အကူ အညီ ပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေ အရ ထိမ်းမြား ခြင်းဖြင့် ဖြစ်စေ အခြား နည်း ဖြင့် ဖြစ်စေ မွေးဖွားသော ကလေး အားလုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက် ရေးကို ရယူ ခံစားကြ ရမည်။

အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာ သင်ယူ နိုင်ခွင့် ရှိသည်၊ အနည်းဆုံး မူလတန်းနှင့် အခြေခံ အဆင့် အတန်း များတွင် ပညာ သင်ကြား ရေးသည် အခမဲ့ ဖြစ်ရမည်။ မူလတန်း ပညာ သည် မသင် မနေရ ပညာ ဖြစ်ရမည်။ စက်မှု လက်မှု ပညာနှင့် အသက် မွေးမှု ပညာ များကို ယေဘူယျ အားဖြင့် သင်ကြား ရယူ နိုင်စေ ရမည်။ ထို့ပြင် အထက်တန်း ပညာ အတွက် အရည်အချင်းကို အခြေခံ ပြု၍ တူညီသော အခွင့်အရေး ရရှိစေ ရမည်။
(၂) ပညာ သင်ကြား ရေးကို လူသား တို့၏ စရိုက် လက္ခဏာ အပြည့်အ၀ တိုးတက်မှု အပြင်၊ လူ့ အခွင့် အရေးနှင့် အခြေခံ လွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန် ဖွံ့ဖြိုး လာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာ သင်ကြား ရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစု များတွင် လည်းကောင်း၊ ဘာသာရေး အသင်း အဖွဲ့ များတွင် လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံ မှုနှင့် ခင်မင် ရင်းနှီးမှု တို့ကို အားပေး ရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလ သမဂ္ဂ၏ ဆောင်ရွက်မှု များကိုလည်း ဖြစ်မြောက် အောင် အားပေး ရမည်။
(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူ ရမည့် ပညာ အမျိုး အစားကို ရွေးချယ် နိုင်သော လက်ဦး အခွင့်အရေး ရှိသည်။

အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမ ပညာရပ် များကို လွတ်လပ်စွာ လိုက်စား မွေ့လျော် နိုင်ခွင့်၊ သိပံ္ပ ပညာ ထွန်းကားရေး လုပ်ငန်း များတွင် လွတ်လပ်စွာ ၀င်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင် များကို လွတ်လပ်စွာ ခံစား သုံးစွဲ နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် သိပံ္ပမှ ဖြစ်စေ၊ စာပေမှ ဖြစ်စေ၊ သုခုမ ပညာမှ ဖြစ်စေ၊ မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည် ဖန်းတီး မှုမှ ဖြစ်ထွန်း လာသည့် ဂုဏ်နှင့် ငွေကြေး အကျိုး အမြတ် များကို ခံစား ရယူ နိုင်ရန် အခွင့်အရေး အတွက် ကာကွယ် မှုကို ရရှိရန် အခွင့်အရေး ရှိသည်။

အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြ ထားသည့် အခွင့် အရေး များနှင့် လွတ်လပ်ခွင့် များကို အပြည့် အစုံ ရယူ နိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေး အခြေအနေ တို့၏ အကျိုး ကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။

အပိုဒ် ၂၉
(၁) မိမိ၏ စရိုက် လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက် နိုင်သည့် တစ်ခုတည်း သော လူ့ အသိုက်အ၀န်း အတွက် လူတိုင်း၌ တာဝန် ရှိသည်။
(၂) မိမိ၏ အခွင့်အရေး များနှင့် လွတ်လပ် ခွင့်များကို သုံးစွဲ ရာတွင် လူတိုင်းသည်၊ အခြား သူများ၏ အခွင့်အရေး များနှင့် လွတ်လပ်ခွင့် များကို အသိ အမှတ် ပြု၍ ရိုသေ လေးစား စေရန် အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့ အစည်း တွင် ကိုယ်ကျင့်တရား အပြင်၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူ့ အကျိုး စီး ပွား ဖြစ်ထွန်း ရေးတို့ အတွက်၊ တရား မျှတစွာ ကျင့်ဆောင်ရန် အလို့ငှာ လည်း ကောင်း၊ ဥပဒေက ပြဌာန်း ထားသည့် ချုပ်ချယ်မှု များဖြင့်သာ ကန့်သတ်ခြင်း ခံရမည်။
(၃) အဆိုပါ အခွင့်အရေး များနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စ တွင်မျှ ကုလ သမဂ္ဂ၏ ရည်ရွယ်ချက် များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်း ကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

အပိုဒ် ၃၀
ဤကြေညာ စာတမ်းပါ အခွင့်အရေး နှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာ ပျက်စီး ကြောင်း တို့ကို ရည်ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက် ဖြစ် စေ၊ လူတစ်ဦး တစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့် ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင် ဆောင်ရွက်ရန် အခွင့် ရှိသည်ဟု သော် လည်း ကောင်း အဓိပ္ပါယ် ပိုင်းခြား ကောက်ယူခြင်း မရှိစေရ။

Read More...

Tuesday, October 23, 2007

ယောက်ျားလေးပဲကွာ.. ဘာမှ နစ်နာစရာ မရှိပါဘူးတဲ့လား

ယောက်ျားလေးနဲ့ မိန်းကလေး လက်မထပ် အတူနေ ကြတဲ့ အခါတွေ မှာပဲ ဖြစ်ဖြစ်၊ လွန်လွန်ကျူးကျူး ဖြစ်ကြတဲ့ အခါတွေ မှာပဲ ဖြစ်ဖြစ် စကတည်းက အပျော် ကြံချင် ကြတဲ့ ယောက်ျား လေးတွေ ပြောလေ့ ရှိတဲ့ စကားပါ။ ကိုယ်က ရင်ဘတ်နဲ့ ခံစားတာမှ မဟုတ်တာ.. မိန်းမ ဗိုက်ကြီးတာ ဆန်းလား၊ စားရလို့ ကိုယ့်ဗိုက် ၀ရင် ပြီးတာပဲ.. ယောက်ျား လေးမို့ အကာအကွယ် ပစည်း သုံးထားရင် နစ်နာစရာ မရှိဘူး ဆိုတဲ့ စကားမျိုး အရင်လက စပြီး စီဘောက် ဆဲပွဲတွေ ကနေ မကြည့်ချင် ငုတ်တုတ် မြင်လိုက်ရ ပါတယ်။ ရေးသူက အိုင်ပီ အတု ပါလို့ ပြန်စွပ်စွဲမှာ စိုးလို့ မဖော်တော့ပါဘူး။ ဒီလို တိရစ္ဆာန်စိတ် ပေါက်နေသူက တိုင်းပြည် တာဝန် ထမ်းဆောင်မယ့် အရာရှိ တကယ် မဟုတ် ပါစေနဲ့ လို့ပဲ ဆုတောင်း လိုက်ပါတယ်။ မဟုတ်ရင် အုပ်ချုပ်ခံ သူတွေ အတွက် ရင်လေး လွန်းလို့… အစ ကတော့ မောင်နဲ့ အစ်မ ပြောလို့တောင် မကောင်းလို့ မရေးဘဲ နေဦး မလို့ပါ။ ဒါပေမယ့် တချို့ မအူမလည် မောင်ငယ်တွေ တလွဲ စဉ်းစား မိပြီး စိတ်အလိုကို လိုက်မှားရင်း အဟုတ်ထင် အတုခိုးမှားပြီး လူလို မကျင့်ဘဲ တိရစ္ဆာန်စိတ် ၀င်သွားမှာ စိုးတာ နဲ့ ဖြစ်ရပ်မှန် မှုခင်း ဇာတ်လမ်းလေးလဲ ဖတ်ထားမိတာနဲ့ တော်သလို အကြမ်းဖျင်း ဘာသာပြန်ရင်း ဒီ ဆောင်းပါးကို ရေးလိုက်တာပါ။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ရပ်ကွက် တစ်ခုမှာ သူတို့နိုင်ငံက လူမှု ဓလေ့ အတိုင်း နိုက်ကလပ်မှာ က ရင်း ယောက်ျားလေးရဲ့ အခန်းကို မိန်းကလေးကို ခေါ်အိပ် ပါသတဲ့။ သောင်းကျန်းရင်း သောက်ရင်း စားရင်းနဲ့ အိပ်ပျော်သွားတာ မနက် အိပ်ရာက နိုးတော့ ယောက်ျားလေးက သူ့ကိုယ်သူ ရေချိုးဇလုံထဲမှာ ရေခဲရိုက် ခံထား ရတဲ့ အနေအထားနဲ့ ဖြစ်နေပါသတဲ့။ သူ့တကိုယ်လုံးကလဲ လှုပ်ရ ခက်ခဲ နေသလို ဘေးကို ကြည့်တော့ ရေချိုး ဇလုံရဲ့ ဘေးမှာ စားပွဲငယ် တလုံး ချထားပြီး စားပွဲ ပေါ်မှာ တယ်လီဖုန်းနဲ့ ကတ်ပြား တစ်ချပ် ထောင်ထား ပါသတဲ့။ ကတ်ပြား ပေါ်မှာ ရေးထားတာ ကတော့ မသေချင်ရင် ရေးထား တဲ့ ဖုန်း နံပါတ် ကို နှိပ်ပြီး လူနာတင် ယာဉ်ကို အမြန်ဆုံး ခေါ်ပါတဲ့။ ကိုယ့်လက်ရှိ အခြေအနေ ကလဲ အဲလိုမှ မလုပ်ရင် မဖြစ်တော့ တာမို့ လူနာတင် ယာဉ်ကို ချက်ချင်း ဖုန်းဆက် ခေါ်ခဲ့ရ ပါသတဲ့။ လူနာတင် ယာဉ် ရောက် တဲ့ အခါ တာဝန်ကျ ဆရာဝန်က သူ့နောက်ကျောမှာ ဓားနဲ့ ခွဲထားတဲ့ ဒဏ်ရာ ၂ချက်ကို တွေ့ရတဲ့ အတွက် ရေခဲ ရိုက်လျက် အနေအထားနဲ့ ဆေးရုံ ရောက်တော့ စစ်ဆေး လိုက်တဲ့ အခါ ကျောက်ကပ် ၂လုံး စလုံးကို ဖြုတ်ခိုးခံ ထားရတာ တွေ့လိုက် ရပါတော့ သတဲ့။

လူနာဟာ သူတစ်ယောက်ထဲ ဒီအဖြစ်မျိုး ကြုံရတာ မဟုတ်ဘဲ ဆေးရုံပေါ်မှာ သူ့လိုလူနာတွေ တော်တော် များများကိုလဲ တွေ့လိုက် ရသတဲ့။ မှုခင်း ဆရာဝန် များရဲ့ လေ့လာ တွေ့ရှိချက် အရ ဒီလို မှုခင်းများ ဒီ ၂၀၀၆-၂၀၀၇ ခုနှစ်များ အတွင်းမှာ ဖြစ်ပွားမှု နှုံး တက်လာ တာကို တွေ့ရပြီး ခုလို ဖြုတ်ခိုး ခံလိုက်ရတဲ့ ကျောက်ကပ်များနဲ့ ကိုယ်တွင်း ကလီစာ များဟာ မှောင်ခို ဈေးကွက် ကို ရောက်ရှိ သွားတယ်လို့ ယူဆ ကြ ပါတယ်။ သက်ဆိုင်ရာ ကိုယ်တွင်း ကလီစာ များနဲ့ ပတ်သက်တဲ့ ရောဂါရှင်များဟာ ဒီ ကိုယ်တွင်း ကလီစာ များကို အစားထိုး ကုသတဲ့ နေရာမှာ အသုံးပြုတယ် လို့ ယူဆ ကြပါ သတဲ့။ ဒီသတင်းကို ဖတ် ရင်း ခုမှ တွေ့၊ ခုမှသိတဲ့ မိန်းမ တစ်ယောက်ကို လွယ်လွယ် တွဲရင်း တဏှာ စိတ် စေစား ရာ အတိုင်း ဆင်ခြင်ဉာဏ် ကင်းမဲ့စွာ အခန်းခေါ် လာတာ ဒါမျိုး ခံရတာ နည်းတောင် နည်းသေးတယ် လို့ ရေရွတ်ရင်း စီဘောက်စ် ပေါ်က ဆဲပွဲကို သတိရ လိုက် ပါတယ်။

နောက်တစ်ခါ မြို့ပြ ကျားကြီးများ အဖြစ် လူလည်ကျပြီး မိန်းကလေး အပျိုလေး သန့်သန့် ကလေးများ ကိုမှ ဂုဏ်၊ စည်းစိမ်၊ ငွေတို့နဲ့ ဖြားယောင်း မြှုဆွယ်ပြီး ခိုးစားတတ်တဲ့ လူများ ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ အဲလို မိန်းမတွေ ခြံရံ ထားမှတော့ ကိုယ့် မိသားစုဝင် တွေလည်း ဒီပတ်ဝန်းကျင် ထဲက လူတွေ အကျင့် ကူးပြီး သားချည့် မွေး ထား တာမို့ ငါတို့က ၀ဋ်လည် စရာ မရှိဘူး လို့ တွက်ထား သမျှ မြေးအစစ် မချီရ တဲ့ ဘ၀ကို ရောက် တတ် ပါသေးတယ်။ ၀ဋ် ဆိုတာ မလည်ဘူး ဆိုတာ မရှိပါဘူး။ အချိန်သာ ကွာချင် ကွာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုလဲ မလေးစား၊ ကိုယ့် ရဲ့ လူ့သိကာ ကိုလည်း မထိန်းသိမ်း မငဲ့ကွက်၊ အိပ်၊ စား၊ ကာမ သည် သုံးဝ ကိုသာ သိလို့ တိ= ၃မျိုး၊ ဣစ္ဆာ= လိုအင်ဆန္ဒ ဆိုပြီး ပေါင်းစပ်ရင်း တိရစ္ဆာန် ဖြစ်လာတဲ့ သတ္တ၀ါရဲ့ အလေ့အတိုင်း အသိစိတ်က အဲလောက်ပဲ ရှိရင်တော့ လူလို့ ခေါ်ဆိုလို့ မရနိုင် တာကို ခက်ဆစ် အဓိပ္ပာယ် အရကို သိနိုင်ပါ လိမ့်မယ်။ ဒါကြောင့် ယောက်ျားလေးပဲကွာ.. ဘာမှ နစ်နာစရာ မရှိပါဘူး ဆိုတဲ့ စကားကို ကိုယ် မနစ်နာ ရင်ပြီးရော သူများ ဘာ ဖြစ်ဖြစ် ဆိုတဲ့ အတွေးနဲ့ လွယ်လွယ် ပြောတတ်သူများ စောစောက ဇာတ်လမ်းထဲက မိန်းမ မျိုးက သင်ခန်းစာ ပေးတာကို ခံရတာ တရား မျှတမှု ရှိကြောင်းနဲ့ အဲလို လူစား များဟာ လူဆိုတဲ့ ခက်ဆစ်နဲ့ မညီဘဲ တိရစ္ဆာန် ဆိုတဲ့ စကားလုံးရဲ့ ခက်ဆစ် အဓိပ္ပာယ် ဖွင့်ဆိုချက် နဲ့သာ ညီမှာမို့ ကိုယ့်ကိုယ်ကို ဘယ် အတန်းအစား ဖြစ်ချင်လဲ ဆိုတာ မောင်ငယ်များ ကိုယ်တိုင် သတ်မှတ် ကြရမှာ ဖြစ်သလို အများ ပြည်သူ များကလဲ အဲလိုသာ သတ်မှတ် ကြမှာ ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ပါတယ်ရှင်။

Read More...

Sunday, October 21, 2007

နေဘုန်းလတ်နဲ့ ပညာရွာ

ဒီရက်ပိုင်း ကိုယ်တိုင်က ပို့စ် မတင်ဖြစ်လို့ လာလည်သူတွေ လာရကျိုး မနပ် မဖြစ်ရအောင် သူများပို့စ်ကို အငှား တင်ပေးလိုက်ပါတယ် .. ဆားချက်တယ် လို့ ဆိုချင်ဆိုပါ။ ဓာတ်ဆားလား လျက်ဆားလား သိအောင် မြည်းကြည့်စေချင်ပါတယ် သိပ်ကြိုက်တဲ့ ပို့စ်လေးမို့ ထပ်ဆင့် တင်ပြတာပါ။

ကျွန်တော်နှင့် ပညာရွာ

ချယ်ရီမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရဖူးတဲ့ ကျွန်တော့်ရဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပါ ...။ ဒီဝတ္ထုတိုလေးထဲမှာပါတဲ့ ပညာရွာလို့ နာမည်ရတဲ့ ရွာလေးထဲကရွာသားတွေရဲ့ တလွဲဆံပင်ကောင်းနေကြပုံလေးတွေက ခင်ဗျားတို့ကို ပြုံးစစဖြစ်စေလိမ့်မယ်လို့ထင်ပါတယ် ...။

ကျွန်တော်နှင့် ပညာရွာ

ဟိုးတစ်နေ့က ဘာရယ်ညာရယ်မဟုတ်ပဲဖတ်လိုက်ရတဲ့ဗေဒင်စာအုပ်လေးထဲမှာ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံရမယ်တဲ့။ ၉နှစ်မှတစ်ကြိမ်ရနိုင်တဲ့ ကံကောင်းခြင်းတွေ ကိုယ့်ဆီကို ရောက်လာလိမ့်မယ်တဲ့ ...။ အဲဒါလေးကိုဖတ်ပြီး သိပ်မကြာတဲ့တစ်နေ့မှာပဲ ကျွန်တော်ခရီးတစ်ခုထွက်ရဖို့ အကြောင်းဖန် လာတယ်။ နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်က အလည်လာဖို့လှမ်းခေါ်တာလေ။ အဲဒီ့လို့နဲ့ လေယာဉ်ပျံကြီးစီးပြီး ခရီးထွက်လာလိုက်တာ ကျွန်တော့်ရဲ့ထူးခြားဆန်းကြယ် တယ်ဆိုတဲ့ အဖြစ်အပျက်တွေက စတော့တာပဲ။ ကျွန်တော်စီးလာတဲ့လေယျာဉ်ကြီး ဘယ်နေရာမှာသွားဆိုက်ကပ်တယ် ဆိုတာကို ကျွန်တော်မသိပေမယ့် ကျွန်တော့်သူငယ်ချင်းလှမ်းခေါ်တဲ့ နိုင်ငံကို မဟုတ်တာတော့ သေချာပါတယ်။ ခရီးဆုံးပြီဆိုလို့ ကျွန်တော်လည်း လေယာဉ်ပေါ်ကဆင်းလိုက်ရော ခမ်းနားကြီးကျယ်တဲ့ မြို့ကြီးတစ်မြို့က ကျွန်တော့်ကို မားမားကြီး ရပ်ပြီးစောင့်ကြိုနေလေရဲ့ ...။ ကျွန်တော်လည်း ရှေ့ကလမ်းကလေးအတိုင်း ဟိုဟိုဒီဒီလျှောက်လာလိုက်တာ မြို့အ၀င်ဝမှာ ရေးထားတဲ့ဆိုင်းဘုတ်ကြီးကိုလဲတွေ့လိုက် ရရော အံ့သြခြင်း တွေနဲ့အတူ လှိုက်လှဲဝမ်းသာသွားမိတယ်။

`ပညာရွာ´ တဲ့ ...။

သူတို့ကရွာသာဆိုတယ် ခမ်းနားထည်ဝါနေလိုက်ပုံက မြို့ကြီးပြကြီးတွေတောင် သြချရလောက်တယ်။ သြော် ... ပညာရှင်တွေ၊ ပညာရှိကြီးတွေချည်းပဲ စုနေတာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လို့ ကျွန်တော် စဉ်းစားမိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဘာမှ ရှည်ရှည်ဝေးဝေးတွေတွေးမနေတော့ပဲ အဲဒီ့ပညာရွာကြီးထဲကို သိချင်နေတဲ့မေးခွန်းတွေ တပုံတခေါင်းကိုဆွဲပြီး ၀င်ခဲ့ လိုက်တော့တယ်။
ရွာထဲကိုဝင်ဝင်ခြင်းမှာပဲ ပထမဦးဆုံးစတွေ့တဲ့မြင်ကွင်းက ကျွန်တော့်ရဲ့စိတ်အာရုံတစ်ခုလုံးကို ဖမ်းစား လိုက်တယ်။ လူတွေအယောက် နှစ်ရာလောက်နီးပါးဟာ အဆောက်အအုံကြီးတစ်ခုရဲ့ရှေ့မှာ တန်းစီ နေကြတာပဲ။ ကျွန်တော်လည်း ထူးဆန်းတာနဲ့ အဲဒီ့အဆောက်အအုံကြီးအနားကိုသွားပြီး အထဲကိုလှမ်းကြည့် လိုက်တော့ အထဲမှာ ခုဏက တန်းစီနေကြတဲ့သူတွေ အမည်စာရင်းတွေပေးသွင်း၊ နောက်တော့ ခွက်တစ်ခွက်ထဲကအရည်တွေကို သောက်သောက်ပြီး လဲလဲကျသွားကြတာ ကိုမြင်လိုက်ရတယ်။ အဲဒီ့အချိန်မှာပဲ ကျွန်တော့်ကိုအနောက်ကနေ လူတစ်ယောက်က လက်လာတို့တာနဲ့ လှည့်ကြည့်လိုက်တော့ ... ဂရိတွေးခေါ်ပညာရှင်ကြီး ဆော့ခရတ္တိ (Socrates) ... ။ ကျွန်တော်မမှားဘူးဆိုရင်ပေါ့ ... သူ့ပုံတွေကို ကျွန်တော်စာအုပ်တွေမှာ မြင်ဖူးနေတာပဲ ...။

`` ခင်ဗျား ... ဆော့ခရတ္တိမဟုတ်လား ´´

ကျွန်တော် အဲဒီလိုမေးလိုက်တော့သူက မအီမသာမျက်နှာနဲ့ ခေါင်းညိတ်ပြတယ်။ ကျွန်တော်လည်း ခုဏက ခေါင်းထဲမှာ ရှုပ်နေတဲ့ကိစ္စကို အမြန်အဆန်ပဲ ထုတ်မေးလိုက်တယ်။

``အဲဒီ့လူတန်းကြီးက ဘာလုပ်နေကြတာလဲဗျ ...´´

``အဆိပ်သောက်ဖို့ တန်းစီနေကြတာလေ ...´´

သူက ကလေးတွေကိုပြောမရလို့ဒီအတိုင်းလွှတ်ထားရတဲ့ ဖခင်တစ်ယောက်ရဲ့လေသံနဲ့ပြောတယ်။ သူ့အဖြေကို ကြားတော့ ကျွန်တော်လည်း တော်တော်လေးကို အူကြောင်ကြောင်ဖြစ်သွားတယ်။

``ဘယ်လိုဖြစ်ကြတာတုန်းဗျ ... ကျွန်တော့်ကိုလည်း သေသေချာချာရှင်းပြပါဦး ၊ အဆိပ်ခွက်ကိုသောက်ဖို့ အတွက် သူတို့တွေဘာလို့ဒီလောက်တောင်အလုအယက်ဖြစ်နေကြတာလဲဗျ ... ကျွန်တော်နားမလည် တော့ဘူး´´

`` နာမည်ကြီးချင်ကြလို့တဲ့ဟေ့ ...၊ ဆော့ခရတ္တိနာမည်ကြီးတာ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးစီရင်ရဲလို့ဆိုပြီး သူတို့လဲ အဲဒီလိုလိုက်လုပ်နေကြတာလေ´´

``ဟိုက် ...´´

လွဲချက်ကတော့ တော်တော်လေးကိုဆိုးသွားပါပြီ။ ဆော့ခရတ္တိရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တော့လည်း လူပုံအလယ်မှာ အဆိပ်ခွက်ကိုသောက်ခဲ့မိတဲ့အတွက် နောင်တရနေပုံပါပဲ။

``အမှန်တရားအတွက် လိုအပ်ရင် အသက်ကိုစွန့်ဝံ့ရမယ်ဆိုတဲ့ ဥဒါန်းကို ငါကပြဠာန်းချင်ခဲ့တာ ... အခုတော့ ... လွဲကုန်ပြီ ... လွဲကုန်ပြီ ...´´

စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း ညည်းတွားရေရွတ်နေတဲ့ သူကို့ကျွန်တော်လည်း ဘယ်လိုဖြောင်းဖျ ရမယ်မှန်းတောင်မသိတော့ပါဘူး။ သူ့နေရာမှာ ကျွန်တော်ဆိုရင်လည်း သူ့လိုပဲဝမ်းနည်းပတ်လက် ဖြစ်မိမှာပဲလေ။ အဲဒါနဲ့ ကျွန်တော်လည်း သူနဲ့လူတန်းကြီးကိုထားခဲ့ပြီး ရှေ့ဆက်လှမ်းခဲ့တော့တယ်။ ``ပညာရွာ´´ ကြီးရဲ့ပထမဆုံး ဆီးကြိုနှုတ်ဆက်မှု ကတော့ အဲဒီလိုမလှမပနဲ့ပြီးဆုံးသွားတယ်။ နောက်ထပ်ဘာတွေများ ဆန်းဆန်းပြားပြားတွေ ထပ်တွေ့ရဦးမလဲဆိုတဲ့ အတွေးနဲ့ ကျွန်တော်နဲနဲတော့ တက်ကြွနေခဲ့သေးတယ်။ သိပ်မကြာပါဘူး ... နောက်ထပ် ထူးခြားတဲ့ မြင်ကွင်းတစ်မျိုးနဲ့ ကျွန်တော်ဝင်တိုးမိပြန်ပါတော့တယ်။

လူတွေ ... လူတွေ ... နေ့ခင်းကြောင်တောင်ကြီးမှာ ဟိုနားတစ်ယောက်၊ ဒီနားတစ်ယောက် ၊ တချို့က လက်နှိပ်ဓါတ်မီးတွေနဲ့ ၊ တချို့က မီးလုံးတပ်ဦးထုပ်တွေနဲ့ ၊ တချို့က မီးအိမ်လေးတွေနဲ့ ဘာတွေကိုလိုက်ရှာ နေကြတယ် မသိပါဘူး။ ကျွန်တော်လည်း အဲဒီ့လူတွေထဲက ဘယ်သူ့ကိုများလှမ်းမေးရရင်ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာ သူတို့တွေ အားလုံးကို ကျောက်တုံးကြီးတစ်တုံးပေါ်ကနေထိုင်ကြည့်ပြီး သက်ပြင်းတွေ မပြီးမစီး ချနေတဲ့ အဘိုးကြီးတစ်ယောက် ကိုတွေ့လိုက်တယ်။ သူ့ရဲ့နံဘေးမှာက မီးအိမ်တစ်လုံးနဲ့ တောင်ဝှေးတစ်ချောင်း ...။ ဟိုက်ပိုကလိုက်တပ်စ် ဆိုတဲ့ ပညာရှိကြီးပဲဖြစ်ရမယ်လို့ကျွန်တော်သိလိုက်တယ်။ သူ့ရဲ့မအီမသာ၊ မချမ်းမမြေ့ဖြစ်နေတဲ့ မျက်နှာကြီးကိုကြည့်နေရင်း ခုဏကလူတွေရဲ့အဖြစ်ကို ကျွန်တော်တဖြည်းဖြည်းနဲ့ရိပ်မိလာတယ်။

``သြော် ... သူတို့တွေလည်း အဘလိုပဲ အမှန်တရားကို လိုက်ရှာနေကြတာတဲ့လားဟင် ´´

ကျွန်တော်အဲဒီလိုမေးလိုက်တော့ သူက ကျွန်တော့်ကို ရီဝေေ၀ပြန်ကြည့်ရင်းဖြေတယ်။

``အေးလေကွာ ... ရွဲ့လို့ရွဲ့မှန်းလည်းမသိ ... အဟုတ်မှတ်ပြီးလိုက်လုပ်နေကြတယ်။ အမှန်တရားဆိုတာက ဒီလိုမီးထွန်းရှာရုံနဲ့ ဘယ်တွေ့မှာလဲကွ။ တကယ်တမ်းက ကိုယ့်ကိုယ်ကို အလင်းလက်ဆုံးဖြစ်အောင် ထွန်းညှိနိုင်မှ အမှန်တရားနဲ့ နီးစပ်နိုင်မှာလေ။ ဟင်း ... လွဲချက်ကတော့ဆိုးပါတယ်ကွာ ...´´

ဟုတ်တော့လည်း ဟုတ်တာပဲ။ သူ့အစားကျွန်တော်တောင် ငိုချင်လာတယ်။ ဒီလူတွေလုပ်နေပုံက သူ့ကိုပဲပြန်ပြီး အရွဲ့တိုက်နေသလိုကြီးလေ။

``အဘ ... သူတို့ကတကယ်ယုံယုံကြည်ကြည်နဲ့ ရှာနေကြတာလားဟင်´´

``ဟုတ်တယ်ကွ ... သူတို့တွေ အမှန်တရားကိုရှာနေကြတာပဲ။ ဒါပေမယ့် နည်းလမ်းတွေကလွဲနေတော့ အမှန်တရားကိုမတွေ့ကြပဲ အခြားမလိုလားအပ်တာတွေကိုပဲ တွေ့တွေ့နေကြတာပေါ့။ သူတို့ဟာနဲ့ သူတို့ကတော့ ဟုတ်နေကြတာပါပဲကွာ ´´

သူ့ဒုက္ခကလည်း တော်တော်မသေးပါလားလို့ ကျွန်တော်တွေးမိတယ်။ အခုလို မဟုတ်က ဟုတ်ကဇာတ်လမ်းကို သူကပဲစလှမ်းခဲ့သလိုဖြစ်နေတာကို ...။ နောက်ကျနေပြီဖြစ်တဲ့နောင်တကြီးကို ရင်မှာပိုက်ပြီး သူဆက်လက်ကြေကွဲနေတာနဲ့ ကျွန်တော်လည်း ရှေ့ဆက်ပြီးထွက်လာခဲ့လိုက်တယ်။ ပညာရှိကြီးတွေကိုတော့ တွေ့ပါရဲ့ ဒါပေမယ့် အခြားရွာသားတွေက တော်တော်တုံးကြပါလားလို့ ကျွန်တော်စဉ်းစားမိတယ်။ အဲဒီလိုနဲ့ တစ်နေရာ အရောက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်တော်လန့်ဖြန့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ လူတွေလေ ... အ၀တ်မပါကိုယ်ဗလာနဲ့ အောင်ပြီ ... အောင်ပြီလို့ အော်အော်ပြီးလျှောက်ပြေးနေကြတာ ရှုပ်ယှက်ကိုခတ်နေတာပဲ။ အဲဒီ့အချိန်မှာပဲ ...

``အမလေးလေး ... ရှက်စရာကောင်းလိုက်တာ ... ရှက်စရာကောင်းလိုက်တာ ... ငါ့မျက်နှာကို ဘယ်နား သွားထားရပါ့မလဲ ´´

ကျွန်တော်အနားမှာ မျက်နှာကိုလက်ဝါးကြီးနဲ့အုပ်ပြီး အလန့်တကြားငိုညည်းနေတဲ့သူကို ကြည့်လိုက်တော့ ... အတွေးအခေါ်ပညာရှင်ကြီး အာခီမိဒိ (Archimedes) ... ။ ကျွန်တော်လည်း ရှက်နေတဲ့သူ့ကိုအားနာနာနဲ့ပဲမေးလိုက်ရတယ်။

``သူတို့တွေက ဘယ်လိုဆန်းသစ်တဲ့အတွေးအခေါ်တွေ၊ တွေ့ရှိချက်တွေကို ဖော်ထုတ်နိုင်လိုက်ကြလို့ အဲဒီ့လို အော်ပြီးလျှောက်ပြေးနေကြတာလဲဟင် ...´´

``ဘာမှလည်း ထွေထွေထူးထူးရှာတွေ့ကြတာမဟုတ်ပါဘူးကွာ ...။ ငါ့ရဲထူးခြားတဲ့ အပြုအမူတစ်ခုကို လိုက်လုပ်နိုင်ရုံနဲ့ ငါ့လိုဖြစ်ပြီလို့ထင်နေကြတဲ့သူတွေလေ။ သူတို့လုပ်မှပဲ ငါလည်း ငပေါကြီးလုံးလုံး ဖြစ်တော့တယ်။´´

ကျွန်တော် သူ့ကိုကြည့်ပြီး နဲနဲရယ်ချင်သွားတယ်။ တခါက သတိလက်လွတ်ဖြစ်ပြီး လွန်လွန်ကျူးကျူး ပျော်မြူးခဲ့မိတဲ့ သူ့ကိုယ်သူ မကျေမနပ်တွေဖြစ်နေတဲ့သူ့ကို ကြည့်ပြီး ပြုံးလိုက်မိတဲ့အတွက် ကျွန်တော် အားတော့နာသွားတယ်။ သူ့ကို ဘာပြောရမှန်းမသိပဲ အူကြောင်ကြောင်နဲ့ ကြည့်နေမိတဲ့ကျွန်တော့်ကိုသူက ထပ်ပြောတယ်။

``ဘယ်အရာကိုမဆို အပေါ်ယံကြောပဲ ရှပ်ပြီးကြည့်တတ်ကြတာ ဒီရွာသားတွေရဲ့အကျင့်ပဲကွ။ ငါနဲ့ ပတ်သက်ရင် ပဲကြည့်လေ ...။ ငါရှာဖွေတွေ့ရှိခဲ့တဲ့ အမှန်တရားတွေမှာ ဆက်ပြီးတွေးစရာတွေ၊ ထပ်ပြီးစူးစမ်း လေ့လာ စရာတွေ အများကြီးကျန်နေသေးတယ်ကွ။ တချို့တွေကတော့ အပေါ်ယံအမြင်တွေမှာတင်ရပ်မနေပဲ ဆက်တွေးကြ၊ ကြံဆကြ၊ တီထွင်ဖန်တီးကြတော့ ငါပေးချင်တဲ့အနှစ်သာရကို အပြည့်အ၀ရကြပြီး အဆင့်အတန်းတွေမြင့် ကုန်ကြတာပေါ့။ ဒီရွာလေးကတော့ မင်းမြင်တဲ့အတိုင်း ဒုံရင်းကဒုံရင်းပဲလေ။ ´´

သူလဲပြောချင်တာတွေပြောပြီး ကျွန်တော့်အနားကနေထွက်သွားတာနဲ့ ကျွန်တော်လည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာလိုက်တယ်။ စိတ်ထဲမှာတော့ သံသယတချို့တ၀က်နဲ့အတူ ဒီရွာကို ဘာကြောင့်များ `ပညာရွာ´လို့ နာမည်ပေးထားတာလဲမသိဘူးလို့ စဉ်းစားနေမိတယ်။ ကျွန်တော် အဲဒီ့လိုစဉ်းစားနေတုန်းမှာပဲ လူတစ်ယောက်က ကျွန်တော့်ကို ၀င်တိုက်လိုက်လို့ ကျွန်တော်ဖင်ထိုင်ရက်ကြီးလဲကျသွားတယ်။ ကျွန်တော်လည်း ကမမ်းကတန်းပြန်ထပြီး ၀င်တိုက်တဲ့သူကို ရန်တွေ့မလို့လှမ်းကြည့်လိုက်တော့ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း(Estein)ဖြစ်နေတယ်။

``ဟာ ... အန်ကယ်က အိုင်းစတိုင်းမဟုတ်လား ... ဘာတွေဖြစ်လာတာလဲဗျ ...´´

ကျွန်တော်ကအဲဒီလိုမေးလိုက်တော့ သူက ခေါင်းညိတ်ပြပြီး မောကြီးပမ်းကြီးနဲ့ပြန်ဖြေတယ်။

``ဟုတ်တယ် ... ငါကသူတို့ကို သိပ္ပံပညာရှင်တွေအဖြစ်နဲ့ လောကကောင်းကျိုးဆောင်ရွက်နိုင်အောင် ရှေ့ဆောင်လမ်းပြခဲ့တယ်။ အခု သူတို့က အဏုမြူဗုံးတွေပဲထွင်ပြီး တစ်ယောက်တစ်လုံးစီဆောင်ထားကြတယ်။ အဲဒါကြောင့် ငါလဲ သူတို့နားမှာမနေရဲတော့လို့ထွက်ပြေးလာတာကွ ...´´

သူလဲ ကျွန်တော့်ကိုရှင်းပြပြီးတာနဲ့ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ဆက်ပြေးသွားတယ်။ ပထမတော့ ကျွန်တော်လည်း သူ့နောက်ကလိုက်ပြေးရရင်ကောင်းမလားလို့စဉ်းစားမိသေးတယ်။ နောက်တော့မှ ... ဒီရွာသားတွေ ကိုယ့်အသက်ကိုမနှမြောပဲနဲ့တော့ မိုက်ရူးရဲမလုပ်လောက်ပါဘူးလို့တွေးပြီး လေ့လာရအောင်ဆက်လျှောက် လာခဲ့တယ်။ အိုင်းစတိုင်းပြောသွားသလိုပါပဲ ... ရွာသားတွေက ခင်ခင်မင်မင်ရှိကြပေမယ့် အားလုံးလိုလိုရဲ့လက်ထဲမှာ လက်တစ်ဆုပ်စာ အဏုမြူဗုံးလေးတွေ ကိုင်ထား ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ရင်တောင် လက်နှစ်ဖက်နဲ့ လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်နှုတ်ဆက်လို့မရကြဘူး။ အဏုမြူဗုံးတွေကိုင်ထားတဲ့လက်တွေကို နောက်ပစ်ပြီး ကျန်လက်တစ်ဖက်တည်းနဲ့ လက်ဆွဲနှုတ်ဆက်ကြတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သူတို့တွေ ဘယ်လိုစိတ်ထားတွေကြောင့်များ ဒီလိုမျိုးဖြစ်နေကြရတာလဲဆိုတာကို သိချင်လာတာနဲ့ ... အနီးဆုံး လူတစ်ယောက်ကို လှမ်းမေးလိုက်တယ်။

``ဟေ့လူ ... ခင်ဗျားတို့ဟာက မဟုတ်သေးပါဘူးဗျာ ... ခင်ဗျားတို့ကိုကြည့်ရတာ အင်္ဂါမစုံတဲ့ ရင်းနှီးမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ကျီစယ်နေကြသလိုတောင်ဖြစ်နေပြီ ... ဘယ်လိုဖြစ်ကြတာလဲဗျာ ...´´

ကျွန်တော်က အဲဒီလိုပြောတော့ သူကတစ်ခွန်းမခံပါဘူး။ ကျွန်တော့်ဘက်ကို ဒေါကြီးမောကြီးနဲ့လှည့်လာပြီး အဏုမြူဗုံးကြီးတမြှောက်မြှောက်နဲ့ ကျွန်တော့်ကိုရှင်းပြပါတယ်။

``မင်းဘာနားလည်လို့လဲကွ ... လူဆိုတဲ့အမျိုးက ဘယ်လောက်ပဲခင်မင်ရင်းနှီးတယ်ပြောပြော ယုံရတာ မဟုတ်ဘူးကွ။ တစ်ခါတစ်ခါ ... ကိုယ့်ဒူးခေါင်းနဲ့ကိုယ်ပြန်တိုက်မိပြီး နှုတ်ခမ်းပေါက်တဲ့အဖြစ်မျိုးတောင် ရှိသေးတယ် မဟုတ်လားကွ။ အဲဒီ့တော့ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားတာ မမှားပါဘူးကွာ´´

တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုကင်းမဲ့နေတာကို ဒီလိုနည်းနဲ့ဖြေရှင်းလို့မရဘူးဆိုတဲ့အကြောင်း ...။ သံသယတွေကို ယုံကြည်မှုအသွင်ပြောင်းနိုင်မှ အနာဂတ်ဆက်ဆံရေးလမ်းကြောင်းတွေ ဖြောင့်ဖြူးနိုင်မယ်ဆိုတဲ့အကြောင်း ...။ ကာကွယ်ဖို့ ကာကွယ်ဖို့နဲ့ အင်အားကြီးမားလာတဲ့အခါ အနိုင်ကျင့်မှု၊ ဗိုလ်ကျမှု၊ ကျူးကျော်ရန်စလိုမှုတွေ ဖြစ်လာနိုင်တဲ့အကြောင်း စတဲ့ ... စတဲ့ ... အကြောင်းတွေ သူ့ကိုကျွန်တော်မပြောပြဖြစ်ခဲ့ပါဘူး။ တော်တော်ကြာ ပြောပြလိုက်လို့ ဒေါပွသွားပြီး သူ့လက်ထဲက အဏုမြူဗုံးကြီးနဲ့ ဆုံးမလွှတ်လိုက်မှ ဒုက္ခဖြစ်နေဦးမှာကို တွေးမိတာနဲ့ ကျွန်တော် သူတို့ကိုထားပြီး အိုင်းစတိုင်းရဲ့လမ်းစဉ်အတိုင်း ဝေးရာကိုပြေးထွက်လာခဲ့လိုက်တယ်။

အဲဒီလိုနဲ့ တစ်နေရာကိုအရောက်မှာ သူကိုယ်တိုင်ဖြတ်ပစ်ခဲ့တဲ့နားရွက်ကို သူ့ဖာသာသူ ပြန်တပ်ဖို့ကြိုးစား နေတဲ့ ဗင်းဆင့်ဗန်ဂိုး (Vincent Vangoe)နဲ့သွားတွေ့တယ်။ ကျွန်တော် အနားကပ်သွားတာတောင် ဂရုမစိုက်နိုင်အားပဲ နားရွက်တစ်ဖက်နဲ့ အလုပ်တွေရှုပ်နေတဲ့ သူ့ကို ကျွန်တော်ကပဲ စကားစလိုက်တယ်။

``ကိုဗန်ဂိုးကြီး ... ဘယ်လိုဖြစ်နေတာလဲဗျ ... အခုမှ နားရွက်ကိုပြန်တပ်ချင်စိတ်တွေပေါက်နေပြီလား´´

``နောင်လာနောင်သားတွေ အတုခိုးမှားကြမှာစိုးလို့ဟေ့ ...။ နုံနုံအအရွာသား ငတုံးတွေကတော့ နားရွက်တွေ မရှိကြတော့ဘူးကွ´´

သူပြောမှ ဘေးဘီဝဲယာကိုကျွန်တော်အကဲခတ်ကြည့်လိုက်တော့ ... ဟုတ်သားပဲ ... နားရွက်တစ်ဖက်ပြတ်နဲ့ ရွာသားတွေ ... မှင်နဲ့ မောင်းနဲ့ ဗန်ဂိုးစတိုင်ဖမ်းနေလိုက်ကြတာ သူတို့ကိုကြည့်ပြီး ကျွန်တော် တော်တော်ရယ်ချင် သွားတယ်။ ရွာသားတွေကတော့ ဘယ်လိုသဘောနဲ့ နားရွက်တွေဖြတ်ကြတယ်ဆိုတာကို ကျွန်တော်စိတ်မ၀င်စားပေမယ့် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးဗန်ဂိုးကိုတော့ တွေ့တုန်းတွေ့ခိုက်လေး ဘာ့ကြောင့် နားရွက်ဖြတ်ပစ်ရတာလဲဆိုတာမေးကြည့်ဖို့ ကျွန်တော်စဉ်းစားမိလိုက်တယ်။

``ဒါနဲ့ ... ခင်ဗျားက ... ဘာဖြစ်လို့ကိုယ့်နားရွက်ကိုယ် ဖြတ်ပစ်လိုက်ရတာလဲဗျ ...´´

``ဒီလိုပါပဲကွာ ... အချို့စကားလုံးတွေကိုလည်း မကြားချင်၊ သူတို့ရဲ့ပါးစပ်တွေကို ပိတ်ပစ်နိုင်ဖို့ကလည်း မတတ်နိုင်တော့ ... ကိုယ့်နားရွက်ကိုယ်ဖြတ်ပစ်လိုက်တာပဲကောင်းပါတယ်ကွာလို့ ဂွကျကျတွေးမိလို့ပါ။ ဒါပေမယ့် ... နားရွက်ဖြတ်ပစ်လိုက်တာ အသံတွေကိုတားမြစ်နိုင်ခြင်းမှမဟုတ်တာပဲကွ။ နာတာပဲ အဖတ်တင်တာပဲ ...။ အဲဒါကြောင့်လည်း ငါနောက်နားရွက်တစ်ဖက်ကို ဆက်မဖြတ်တော့တာပေါ့ ´´

သူပြောတာကိုကြားတော့ ကျွန်တော်ပြုံးစိစိဖြစ်သွားတယ်။ နောင်တအရမြန်ပေလို့တော်သေးတယ်လို့လဲ စဉ်းစားမိတယ်။ နို့မို့ဆို ... နားရွက်လုံးဝမရှိတဲ့ သတ္တ၀ါကြီးဆိုပြီး ဒီ့ထက်တောင်နာမည်ကြီးသွားနိုင်သေးတယ်။ အဲဒီလိုနဲ့ ကျွန်တော်သူ့ကိုထားခဲ့ပြီး ပြန်ရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့ နောက်ကြောင်းပြန်လှည့်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာ ကျွန်တော်စဉ်းစားတယ်။ ဒီရွာလေးက ရွာသားတွေဘာလို့များ ဒီလိုဖြစ်နေကြ ရတာလဲလို့ ...။ သေချာတာတစ်ခုကတော့ သူတို့တွေအားလုံး နာမည်ကြီးချင်ကြတယ်၊ ပညာရှိကြီးတွေ ဖြစ်ချင်ကြတယ်။ နောက်ပြီး သူတို့အားလုံး ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေကို အတုခိုးကြတယ်။ ဒါပေမယ့် ... သူတို့လုံးဝမစဉ်းစားမိတာတစ်ခုက ကမ္ဘာကျော်ပညာရှိကြီးတွေ၊ အောင်မြင်ကျော်ကြားကြသူတွေ အားလုံးဟာ နာမည်ကြီးချင်တဲ့စိတ်၊ အောင်မြင်ကျော်ကြား ချင်တဲ့စိတ်တွေနဲ့ ကြိုးစားခဲ့ကြတာမဟုတ်ပဲ သူတို့အလုပ်ကိုပဲ သူတို့ အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ကြတယ် ဆိုတာပဲ။

ကျွန်တော့်ရဲ့အပြန်လမ်းမှာ တစ်နည်းမဟုတ်တစ်နည်း လွဲချော်နေကြတဲ့ ရွာသားတွေနဲ့ ပြန်တွေ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အတွေးစတွေအကြောင်း သူတို့ကို ကျွန်တော်မပြောဖြစ်ခဲ့ပါဘူး။ တိတ်တိတ်လေးပဲ ကျွန်တော့်ကို စောင့်နေတဲ့ လေယာဉ်ကြီးပေါ်ကိုပြန်တက်ပြီး `ပညာရွာ´ လေးကို လက်ပြနှုတ်ဆက်လိုက်တယ်။ အဆင်ပြေရင်တော့ ရွာသားတွေနဲ့ စကားပြောဖို့ ဒီရွာလေးကို နောက်ထပ်တစ်ခေါက်ထပ် လာချင်ပါသေးတယ်။

နေဘုန်းလတ်

Read More...

Friday, October 19, 2007

Extremely Rare And Beautiful Pink Dolphin Spotted

This extremely rare and beautiful "pink dolphin" was spotted and photographed by Capt. Erik Rue of Calcasieu Charter Service on June 24th, 2007 during a charter fishing trip on Calcasieu Lake south of Lake Charles, LA.

It appears to be an uncanny freak of nature, an albino dolphin, with reddish eyes and glossy pink skin. It is small in comparison to the others it is traveling with and appears to be a youngster traveling with mama. After spotting the beautiful mammal cruising with a pod of four other dolphins, Rue and his guests Randy and Peyton Smith and Greg and Sam Elias of Monroe, LA idled nearby while watching and photographing the unusual sight for more than an hour.





Read More...

Thursday, October 18, 2007

မှတ်လောက်သားလောက် အသံဝဲမှုများ

အီတလီ။ ။ အိုင် ၀မ့်ထ် နာတူရယ် ဂျမ်စတုန်း ယူရွတ်ဂျန့်တလီး (နေချရယ်=natural ကို နာတူရယ်လို့ အသံထွက်လိုက်တာပါ) (အားဂျန့်တလီး= urgently ကို ယူရွတ်ဂျန့်တလီး ပါတဲ့)

ထိုင်း။ ။ ၀မ်းပလိတ်အော့ဖ် စပါ… ဂတီးးး အန် မာကလို နီးးးးးး (one plate of spaghetti and Macaroni)

ကမ္ဘာပတ်နေတဲ့ သူတို့ရဲ့ အသံထွက် အလွဲတွေကြောင့် ကလေးဘ၀က အညာမှာ ဘုန်းကြီးကျောင်းသားလေး တစ်ယောက် အားရပါးရ စာအော်ကျက်သံလေးကို ပြန်သတိရပြီး ပြုံးမိပါတယ်။

မြန်မာ။ ။ စပယ်ရိုး စာကလေး၊ အောက်က ဆင်း နွား၊ ဘဖယ် လိုး ကျွဲ

မှားပါတယ် ကိုယ့်ဆရာတို့ ရယ်…

Read More...

အစာလဲ ဆေး၊ အစာလဲ အဆိပ် ဒါမှမဟုတ် အစားမတော် တစ်လုပ်

ဒီဘလော့လာ သူငယ်ချင်းများအတွက် ကြားဖြတ် ကျန်းမာရေး သတင်းလေး တစ်ခု တင်လိုက်ပါရစေ။ အစာလဲ ဆေး၊ ဆေးလဲ အစာ မဖြစ်ဘဲ တခါတလေ အခန့်မသင့်ရင် အစာက အဆိပ်ဖြစ်သွားတတ် တာ လေးပါ။ ကိုယ့်ကိုယ်ကိုလဲ ဗေဒင်တွက်၊ ကိုတေးအေးရိပ်ကလဲ တွက်ပေးနဲ့ ဒီနှစ်ထဲ အင်္ဂါ ဘုမ္မိမို့ အသက်ဘေး သတိ ထား၊ စွပ်စွဲမှုတွေ ဖြစ်တတ်တယ် အဆိုးဆုံးက အဆိပ်မိတတ်တယ် ဆိုတာနဲ့ သတိ တအားထားခဲ့တဲ့ ကျွန်မ၊ ခရစ်နှစ် မွေးနေ့ လွန်တော့ လွတ်ပြီကျွတ်ပြီဆိုပြီး ပျော်နေခဲ့တယ်။ ဒါပေမယ့် မြန်မာ သကရာဇ်အရ ဆိုရင်တော့ မွေးနေ့ မရောက်သေးပါဘူး။ အဆိပ်မသင့်ရအောင် အပြင်က အစားအစာတောင် ၀ယ်မစားဘဲ အိမ်မှာပဲ ချက်ပြုတ် စားနေခဲ့ပါတယ်…

တန်ပြန်မနေ့က ဈေးသွားရင်း ဂုံးခရုကြီးတွေ လတ်လတ်ဆတ်ဆတ် တွေ့တော့ ကြိုက်တာနဲ့ ၀ယ် လာ၊ သုတ်စားဖို့ ပြင်ဆင်ရင်း သံပုရာသီး ၀ယ်ဖို့မေ့ခဲ့တော့ ရှာလကာရည် ထည့်သုံးတာပေါ့။ တို့ စားဖို့ အချဉ် အတွက် ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို Blender နဲ့ ကြိတ်၊ ရှာလကာရည်နဲ့ ဖျော်ပြီး နံနံပင်လေး အုပ် ထားရော.. ဂုံးခရုပြုတ်လေးနဲ့ တို့စားရင်း အဆင်ပြေနေတာ.. လျှာမှာ လည်ချောင်း မှာ စပ်ပေမယ့် ငရုတ် သီးရော ကြက်သွန်ဖြူရောက အရသာက စပ်သျှားသျှားမို့ သူတို့ကြောင့်လို့ ထင်ထားသမျှ ၃နာရီလောက် ကြာတော့မှ အဖြစ်မှန်က စပါတယ်။ နာလိုက်တဲ့ လည်ချောင်း၊ လျှာနဲ့ ဗိုက်။ စပ်ဖျဉ်းဖျဉ်းနဲ့ ပူပြီး နာနေတာပါ။ အဲဒီတော့မှ အပြင်းအထန် စဉ်းစားမိတော့ တွေ့ပါပြီ.. တရားခံ ရှာလကာရည်။ ကျွန်မတို့အိမ်က မီးဖိုချောင်က အရှေ့ဘက်မှာ.. အိမ်မျက်နှာစာက အနောက်ဘက် လှည့်မို့ တမနက်လုံး မီးဖိုချောင်ကို နေပူပါတယ်။ ရှာလကာရည်ပုလင်းက မီးဖိုချောင်မှာ မနက်တိုင်း နေလှန်းခံထားရတော့ အလကား နေရင်းနဲ့ တဖြည်းဖြည်း အငွေ့ပျံပြီး အရည်လျော့နေတာ သတိ မထား မိဘူး။ နေပူခံ အငွေ့ပျံရင်း highly concentrated acidic acid ဖြစ်လာနေတယ် ထင်ပါရဲ့။ အဲဒါကို မသိလိုက်ဘဲ ခရုနုနုလေးနဲ့ တို့စားလိုက်မိတော့ အစာ စားတဲ့ လမ်း ကြောင်း တလျှောက် အက်ဆစ် လောင်ကုန်တော့တာပါ။

ဒါနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဆေးမရှိဝါးမရှိ။ ကြားဖူးတဲ့ မြန်မာနည်းနဲ့ ဆန်ကို ရေစင်စင် ဆေးပြီး ကြိတ်ပါ တယ် ဆန်စိမ်း ကြိတ်ထားတာကို ရေဖျော်ပြီး သောက်ပါတယ်။ အားပါးတရ ရေကို မသောက် မဖြစ် အ၀ကြီး သောက်ပါတယ် ခဏနေတော့ ၀မ်းသွားပါရော.. လူကို မျော့သွားတာပဲ။ အူဆေးခံလိုက် ရသလိုပါပဲ။ အက်ဆစ် နဲ့ကို ဆေးတာလေ။ နောက်တော့ အွန်လိုင်းမှာ ရှိတတ်တဲ့ ဘလော့ဂါ ဆရာဝန် တွေ လိုက်ရှာပါ တယ်။ တော် ပါသေးရဲ့ ဒေါက်တာ လွဏ်းဆွေကို အွန်လိုင်းမှာ အသင့်တွေ့ပါရော။ သူက ဆေးမကုတာ ၁၅နှစ် ရှိပြီတဲ့။ သူသောက်ခိုင်းတဲ့ ဆေးက အိမ်မှာလဲ မရှိ။ ၀ယ်လဲမရ။ ခဏ နေတော့ ဘလော့ဖတ်တဲ့ ဒေါက်တာ အကို တစ်ယောက် အွန်လိုင်း ရောက်လာပါရော.. သူ့ကို မေးတော့ သူက ပြန်မေးတာ အများကြီး။

ဘယ်လို ပုံစံ နာတာလဲ၊ ဘယ်နေ့က စဖြစ်တာလဲ။ နာတာ အပြင် ဘာဖြစ်သေးလဲ၊ အန်သေးလား၊ ချောင်းဆိုး ရင် သွေးပါသေးလား၊ တံတွေးများ သလား။ ၀မ်းသွားတော့ ဘာအရောင်လဲ၊ အနက်လား၊ သွေးပေါင်ချိန် နဲ့ သွေးခုန်နှုံး ဘယ်လောက်လဲ နဲ့ စုံသွားတာပဲ… လေအန်တယ်၊ တံတွေးများ လာ တယ်။ သွေးတော့မထွက်ဘူး၊ ၀မ်းအရောင်၊ သွေးပေါင်ချိန် နဲ့ သွေးခုန်နှုံး က ပုံမှန်ပဲ အစာလမ်း ကြောင်း တလျှောက် စပ်ဖျင်းဖျင်းနဲ့ ပူနေ၊ နာနေတာ ပဲ ရှိတယ် ဆိုတော့မှ သူက ရေတအား သောက် လိုက်တာ မှန်သွားပါသတဲ့။ အက်ဆစ်ဖြေဆေးတွေ ဒီအချိန်မှာ ကိုယ့်သဘောနဲ့ကိုယ် မသောက်ရ ဘူးတဲ့။ အန်ဆေးတွေ၊ ၀မ်းနှုတ်ဆေး တွေလဲ ဆရာဝန် ညွှန် ကြားချက် မပါဘဲ သွားမစားရဘူးတဲ့။ တမင်သက်သက် အန် အောင် လဲ မလုပ်ရ ပါဘူး တဲ့။ အန်တာ ကြောင့် အရည်ဆုံးရှုံးတာ၊ သွေးပေါင် ချိန်နဲ့ သွေးခုန်နှုံးကို သွားသက်ရောက်မှာ ထည့်စဉ်းစား စရာပါတဲ့။ သူ့ဟာသူ အန်ချင်စိတ် ပေါ်လာ ရင်တော့ အန်ထုတ်လိုက်ပါတဲ့။ စားမိတဲ့ အက်ဆစ် အမျိုးအစား ပေါ်မူတည်ပြီးမှ ဆေး ပေးရမှာမို့ ကိုယ့် သဘောနဲ့ကိုယ် ကြားဖူးနားဝနဲ့ လျှောက်လုပ်ရင် ပိုဆိုး တတ်ပါ တယ်တဲ့။ ခေါင်းကို သေချာ မမြင်ရဘဲ မခွဲခြားတတ်ဘဲ တကိုယ်လုံးကို မြင်တာနဲ့ ယက်ကန်းကြိုး မြွေထင်ပြီး အဆိပ်မရှိဘူး အထင်နဲ့ မှား ဆွဲ လို့ မြွေစိမ်းမြီးခြောက် ဖြစ်နေမှ ဆေးမမီဘဲ သေတတ်တဲ့ သဘောမျိုးပါဘဲ။

အကောင်းဆုံးက အက်ဆစ်လောင်ရင် ပါးစပ်ကို ရိုးရိုးရေအေး (ရေခဲရေ မဟုတ်) များများနဲ့ ခဏခဏ ဆေးပေး၊ သောက်ပေးပြီး အနီးဆုံး ဆေးရုံဆေးခန်းကို သွားပါတဲ့။ ပြီးတော့ အစာအိမ် အူလမ်း ကြောင်း ကို ဘယ်လောက်တောင် လောင်သွားလဲ ဆိုတာ စစ်ပါတဲ့။ လူက နုံးပြီး မူးနေရင် ဓာတ်ဆားရည် အထုပ်သေး တစ်ထုပ်ကို ရေတလီတာနှုံး ခပ်ပျော့ပျော့ဖျော်ပြီး ၀င်သလောက် သောက်ပေးပါတဲ့။ ဖျော်ရည် ပြင်းရင် အစာအိမ် အူလမ်းကြောင်း နာနေတာကို သွားထိမှာ စိုးလို့ပါ။ သူကတော့ ပြောပါတယ် ရေသောက်များတာ မှန်သွားတယ် တဲ့။ နည်းနည်းပဲ ထိသွားတာပါတဲ့။ ဟုတ်ပါ့ ကိုယ့်ကိုယ်ကိုလဲ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ သတိရ မြန်သွားတယ်.. နည်းနည်းပဲ ထိတာကလဲ အစားမပုပ်တာလဲ ပါမှာပေါ့နော် ။ မှတ်သား လောက်ပါပေ့ ရှာလကာရည် ရယ်.. နောက် နောင် သူ့ကို ဘယ်တော့မှ နေရောင် ရတဲ့ နေရာမှာ မထားဖို့ တသက်စာ အမှတ်ထား လိုက်ရပါ တော့တယ်။ ခုထိတော့ လူက နုံးချိ ဖျော့တော့..

Read More...

Wednesday, October 17, 2007

အကန်းတစ်ယောက် မြင်တဲ့နေ့

ကျွန်မဟာ မွေးရာပါ မျက်ကန်းတစ်ယောက်ဖြစ်ခဲ့သတဲ့။ သူတို့က ပြောတာပါ။ မျက်ကန်းဆိုတာ မျက်စိ မမြင်ရ တာတဲ့။ မျက်စိဆိုတာဘာလဲဆိုတော့ ကျွန်မရဲ့ မျက်စိနှစ်လုံးကို သူတို့က ကျွန်မမျက်နှာပေါ်မှာ ကျွန်မရဲ့ လက် နဲ့ စမ်းမိအောင် သင်ပေးကြပါတယ်။ အဲဒီ မျက်စိ နှစ်လုံး ဆိုတာ ကြီးဟာ ကျွန်မ အတွက် ကတော့ ဘာမှ မထူး ခြားတဲ့ ဖုလုံးလေး ၂ဖုပါပဲ။ သူတို့က ကျွန်မကို သနား ကြတယ်။ မြင်ခြင်းဆိုတာ ဘာ ဆိုတာနဲ့ မြင်ရခြင်းရဲ့ အံ့ဖွယ် တွေကို သူတို့ ကျွန်မကို ပြောပြကြတယ်။

အလင်းဆိုတာ ဘာနဲ့ လင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမြင်အာရုံ ဆိုင်ရာ ခံစားချက်တွေ၊ အမှောင်ဆိုတာ ဘယ်လို ကြောက်စရာ ကောင်းကြောင်းနဲ့ မှောင်ခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ ဆိုးကျိုးတရားတွေ သူတို့က ကျွန်မ ကို စေတနာနဲ့ ပြောပြကြ ပေမယ့် ကျွန်မအဖို့ အဲဒါတွေနဲ့ ပတ်သက်လို့ ဗဟုသုတရပေမယ့် ဘာမှန်းကို မခံစား မိပါဘူးရှင်။

ကျွန်မအတွက် အလင်းဆိုတာ ပူနွေးတယ်။ အမှောင်ဆိုတာ အေးတယ်။ အလင်းရှိရင် အသံရှိတယ်။ လောကကြီး က အလင်းရှိတယ်ဆိုတဲ့အချိန်မှာ လှုပ်ရှားသက်ဝင်နေပြီး အမှောင် ရှိတယ် ဆိုတဲ့ အချိန်မှာ အများအားဖြင့် တိတ် ဆိတ် ငြိမ်သက် နေလေ့ ရှိတယ်လေ… တခါတခါ ကျွန်မ စဉ်းစားမိတယ်

သာယာအေးချမ်းတယ် … အသံမကြား ရဘူး … ငြိမ်သက် တိတ်ဆိတ် နေတယ် … ဆိုတာ တခါတခါ တကယ် ငြိမ်းချမ်း နေလို့ ငြိမ်သက်နေတာလား ကြောက် စရာ ကောင်းလောက်အောင် မှောင်နေလို့ ငြိမ်သက် တိတ်ဆိတ် နေတာ လား ဆိုတာပါ။

ကျွန်မက မမြင်ရဘူး လေ။ ကျွန်မရဲ့ အတွေ့အကြုံအရ မှန်းပဲ မှန်းတတ်တာ ပေါ့နော်။

သူတို့ပြောတဲ့ ကျွန်မရဲ့ အမှောင် ကမ္ဘာလေး ထဲမှာ ကျွန်မရဲ့ စိတ်ကို ကြည်နူးစေတဲ့ သံစဉ်တွေရှိတယ်၊ ညစ် ညမ်း စေတဲ့ ဆူညံသံတွေရှိတယ်။ ချို့ယွင်းကို ကဲ့ရဲ့ နှိမ့်ချ ခြင်းတွေ ရှိသလို သနား ကြင်နာခြင်း တွေ ရှိတယ်။ ဒါပေမယ့် မမြင်နိုင်တာလို့ သူများ ပြောတာက လွဲလို့ ကျွန်မမှာ အများနည်းတူ လုပ်နိုင် ကိုင်နိုင်တယ်။ စာရေး စာဖတ် နိုင်တယ်၊ ကစား ခုန်စားနည်း တချို့ လုပ်နိုင်တယ်၊ ကျွန်မရဲ့ ငယ်ဘ၀ဟာ ပြီးပြည့်စုံ နေပါတယ်။ ကျွန်မ ရဲ့ ကမ္ဘာ မှာ ကျွန်မဟာ ဘုရင်မပါပဲ။

ဒါပေမယ့် ကျွန်မရဲ့ မိဘတွေနဲ့ ကျွန်မကို သိပ်ချစ် သိပ်ကူညီကြတဲ့ သူငယ်ချင်းတွေကတော့ ကျွန်မကို သိပ်ပြီး မျက်စိမြင်စေချင်ကြပါတယ်။ သူတို့ခမျာ ဟိုစုံစမ်း ဒီမေးမြန်းနဲ့ ကျွန်မ ပြန်မြင်နိုင်လောက်မယ့် နည်းပေါင်းစုံကို လိုက် စုံစမ်းကြရှာပါတယ်။ တနေ့မှာတော့ သူတို့ အားထုတ်မှုက အဖြေ ထွက်လာ ပါတယ်။ မိဘတွေနဲ့ တခြား သူတွေက ကျွန်မကို ဆေးစစ်ပြီး အာရုံကြော ထိခိုက် တာကြောင့် ကန်းတာ မဟုတ်လို့ ခွဲစိတ် ကုသပြီး မျက် ကြည်လွှာ ထည့်၊ ကုသမှု ခံယူရင် ကျွန်မ ပြန်မြင် နိုင်ပြီ လို့ အားရ ၀မ်းသာ ပြောကြပေမယ့် အနာခွဲတာ ခံဖူး ထားတဲ့ ကျွန်မ နောက်ထပ် ခွဲစိတ် ဆိုတာကြီးကို မုန်းတာနဲ့ လက်သင့် မခံခဲ့ ပါဘူး။ မြင်ရင် ဘာဖြစ်မလဲ ဆို တော့ အလင်း၊ အမှောင်တွေကို သိမှာပေါ့တဲ့။
(ကျမ်းကိုး။ http://dailystrength.org/support/Ears_Eyes_Mouth/Blindness_Visual_Impairment/)

အသက်ကလေး ရလာတော့ ကျွန်မ စဉ်းစားတတ်ပါပြီ။ လူတွေဟာ အလင်းဆိုတာကို ဘာလို့ဒီလောက် တမ်းတ ကြတာလဲ။ အလင်း ဆိုတာ စွမ်းအင်တဲ့။ ရူပဗေဒ သင်ခန်းစာထဲမှာ သင်လိုက်ရတယ်။ ဘာကြောင့် လင်းဖို့ ဒီလောက် လိုအပ် နေတာလဲ။ စွမ်းအင်အတွက် လုကြရာက စစ်ပွဲတွေတောင် ဖြစ်ရသတဲ့။ ဒါဆို ဒီအလင်းဟာ ဘယ်လောက် တောင် အစွမ်းသတ္တိ ရှိနေလို့ ပါလိမ့်။ စူးစမ်းမိတော့ အလင်းဆိုတာ အရောင်တွေ အားလုံးရဲ့ ဖန်ဆင်းရှင်တဲ့။ အရောင်တွေဆိုတာ လူတွေကို နှစ်သက် ကြည်နူးမှု တွေရော စက်ဆုပ်မှု တွေပါ ခံစားစေသတဲ့။ မလုပ်ဖူးတာတွေကို လုပ်တတ် လာရင်၊ မသိဖူး တာတွေကို သိတတ် လာရင် ခံစားရတဲ့ ခံစားချက် အပျော်ကို ကျွန်မ မက်မောတတ် လာချိန်မှာ အလင်း ဆိုတာကြီးကို သိချင်စိတ် တအားပြင်းပျ လာချိန်ရောက်တော့ ကျွန်မ ခွဲစိတ် ကုသ ခံရဖို့ ပြန်စဉ်းစားမိပါတယ်။ အမှောင်ထဲမှာ ကျွန်မအမြဲ နေနေရတာကို သိပ်သနားနေရှာတဲ့ ကျွန်မ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းက ပြောရှာပါတယ်။

အလင်းကသာ အမှောင်ကို ထိုးဖောက် ၀င်ရောက် နိုင်စွမ်း တာပါ .. အမှောင်က အလင်းကို မဖုံးလွှမ်း နိုင်ပါဘူး အလင်းပိတ် အရာဝတ္ထု ကသာ အလင်းကို ကာဆီးလို့ အမှောင်ကို ဖန်တီး နိုင်တာပါ … အဲလိုပဲ လင်းနိုင်တဲ့ မျှော်လင့်ချက် ရှိလျက်နဲ့ နာကျင်မှုတွေကို ငဲ့ကွက်ပြီး ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ အလင်းကို တသက်လုံး အမှောင် ဖုံး စေမလို့လား။ အဲဒီလို အလင်းကို ပိတ်စေတဲ့ ကြောက်ရွံမှု ဆိုတဲ့ စိတ်ကန့်လန့်ကာ အလင်းပိတ် အရာကို သတ္တိစိတ်နဲ့ ဆွဲဖယ်လိုက်ပါ။ ခွဲစိတ်ခံရမှု ဆိုတဲ့ အိပ်မက်ဆိုးကြီးကနေ နိုးထလိုက်ပါ။ စဉ်းကို မစဉ်းစားပါနဲ့။ ခွဲစိတ်ပြီးရင် မြင်နိုင်ခြင်း ဆိုတဲ့ အဓိက ကျတဲ့ ပန်းတိုင်ကိုပဲ ကြည့်ကြပါစို့။ ကဲလာ!!! အဲဒီ အလင်း ပိတ် အရာဝတ္ထုကို တို့ ဖယ်ကြမယ် ညီညီညာညာပေါ့ .. တဲ့။

သူ့ရဲ့ အားပေးမှုနဲ့ ကျွန်မ တသက်တာ ကြောက်ရွံ့ ခဲ့တဲ့ ခွဲစိတ်ကုသမှု ဆိုတာကြီးကို လက်ခံဖို့ ကျွန်မဆုံးဖြတ် တဲ့ နေ့မှာ ကျွန်မဘေးက လူတွေ အားလုံး ပျော်နေ ကြတာကို အသံကို နားထောင်ရုံနဲ့ သိနိုင်ပါတယ်။
(ဆက်ပါဦးမည်)

Read More...

Tuesday, October 16, 2007

မှ... သို့... ဒဏ်ရာရှင်

ငါဟာ ပိုးကိုက်ခံ ပန်းဖူးလေး တစ်ခု ဖြစ်ခဲ့ဖူးတယ်..
ဆက်ပွင့်ရင် မလှမှာ စိုးလို့ ...
ပွင့်ရကောင်းနိုး မပွင့်ရကောင်းနိုး ...

ပန်းဆိုတဲ့အမျိုးက မျိုးဆက်သစ်အတွက်
ပွင့်ဖို့တာဝန် က အဓိက..
လှဖို့တာဝန်က သာမညမို့ ..

ဆက်သက် ရှင်သန်ပါရစေ ..
ဆက်လက် ဖူးပွင့် ပါရစေ...
ပွင့်ဖျက်ပိုးကိုတော့ ဂရုမစိုက် အားတော့လို့ ..

နှလုံးသားလေးရေ
ပြန်လည် နိုးထပေးပါ
ပြန်လည် ရှင်သန်ပေးပါ
မင်းရဲ့ စည်းချက်ကျ မြည်သံမှာ
ယိမ်းနွဲ့ ကခုန်ကြမယ့်
စောင့်စားနေတဲ့ ပန်းဖူးတွေလေ….


Read More...

ပန်းတစ်ပွင့်ရဲ့ ဘ၀အားမာန်

ပန်းလေးတွေကို ချစ်တဲ့သူ များလှပါတယ်။ သူ့ဝတ်ရည်ကို စုပ်ယူ သောက်သုံးဖို့ ချစ်တဲ့သူ၊ သူ့အလှအပ တွေကို ကိုယ့်အတွက် အသုံးချချင်လို့၊ ခံစားချင်လို့၊ လေးစားမြတ်နိုးလို့ ချစ်တဲ့သူ စသဖြင့် မျိုးစုံအောင် ရှိနေမှာပါ။ ဥယျာဉ်မှူးကတော့ သူတယုတယ စိုက်ပျိုးခဲ့ရတဲ့ သစ်ပင်လေးရဲ့ ဆုလက်ဆောင် အဖြစ် ပန်းပွင့် လေးကို တမြတ်တနိုး မခူးရက်အောင် ချစ်နေမှာပါ။ ဘယ်ပန်းကိုမှ ကြိုက်တယ် .. ဘယ်ပန်းကမှ အကြိုက် ဆုံး စသဖြင့် ပန်းကို ကြိုက်ရခြင်း အကြောင်းတွေ အထက်တန်း ကျောင်းသားဘ၀ ကဗျာတွေမှာ အများကြီး ပါလေ့ရှိပါတယ်။ တောရွာ အလိုက် မြို့အလိုက် လူမျိုးအလိုက် ပန်းအကြိုက် မတူကြပါဘူး။ ကျွန်မရော ဘယ် ပန်းပွင့်လေးတွေကို ဘာလို့ ချစ်တာလဲ။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိတဲ့အခါ….

ပန်းပွင့်လေးတွေလေ… အားကုန် အစွမ်းထုတ်ပြီး ငွားငွားစွင့်စွင့် ပွင့်နေလိုက်တာ။ အပင်ရဲ့ သဘာဝအတိုင်း မျိုးဆက် ပြန့်ပွားမှုအတွက် သီးချိန်တန်သီး ပွင့်ချိန်တန်လို့ပွင့်ရတာကို သူတပါးကို ဆွဲဆောင်ဖို့ ပွင့်တယ် ဆိုတဲ့ စွပ်စွဲချက်က ပန်းတွေအတွက်ရက်စက်လွန်းပါတယ်။ ဒီနေရာမှာ အင်းဆက်စား သစ်ပင်တို့ရဲ့ အစာ ချက်လုပ်ရာ ဌာနဖြစ်တဲ့ အပင် အစိတ်အပိုင်းတစ်ရပ်ကို ကျွန်မကတော့ ပန်းလို့ မသတ်မှတ်ချင် ပါဘူးရှင်။ သူက ပန်းအလုပ်ကို လုပ်နေတာမှ မဟုတ်တာနော်။ သူတို့ကြောင့် ပန်းနာမည် ပျက်ရတာကိုလဲ ကျွန်မက တော့ မကြိုက်ပါဘူးရှင်။ ပန်းတိုင်းရဲ့ အလုပ်ဟာ ၀တ်မှုန်ကူးပြီး မျိုးအောင်ဖို့၊ ပန်းအဖြစ်ကနေ ကြွေပေးပြီး မိခင် အပင်ရဲ့ မျိုးဆက် ရှင်သန် ပြန့်ပွားရေး အတွက် အသီးတွေကို မွေးဖွား ပေးဖို့ပါ။

ပန်းဟာ နူးညံ့ သိမ်မွေ့သလောက် အင်မတန်မှ သတ္တိရှိတယ်လို့ ကျွန်မကတော့ မြင်ပါတယ်။ သူ့ကို ပန် ဆင်သူ၊ မြတ်နိုးသူ၊ နှစ်သက်သူ၊ ဖျက်ဆီးသူ၊ ဘယ်သူတွေရှိရှိ ဘာမှ မစဉ်းစားနေဘဲ သူလုပ်စရာရှိတဲ့ ဖူး ပွင့်မှု အလုပ်တာဝန်ကို မလစ်ဟင်းစေရဘဲ ပွင့်မြဲ ပုံမှန်ပွင့်ပါတယ်။ ဦးခေါင်းထက်မှာ တမြတ်တနိုး ပန်ဆင် ခံရမှာလား၊ ဒါမှမဟုတ် တချို့သော သူတို့ရဲ့ ခမ်းနားမှုအတွက် သူတို့နင်းလျှောက်သွားတာ ခံရဖို့ ခင်း ဖြန့် ခံရမှာလား၊ မိုးစက် တွေကြောင့် ရိဆွေး သွားမလား၊ နှင်းစက်တွေ ကိုက်ခဲလို့ ပဲ့ကြွေသွား မလား။ နေ ပူပြင်း တွေကြောင့် ညှိုးခြောက် သွားမလား၊ လေပြင်း တွေကြောင့် ကြွေလင့် သွားမလား။ ဖျက်ပိုးတွေ ကိုက်ခဲလို့ အလှပျက် သွားမလား စတာတွေ စဉ်းစားပြီး ကြောက်ရွံ မနေဘဲ သူကတော့ မိခင် အပင် အတွက် မျိုးဆက် ပြန့်ပွားဖို့အတွက် ပွင့်ချိန်တန်ရင် အစွမ်းကုန် ပွင့်ရင်း သူ့တာဝန်ကို အကျေပွန်ဆုံး ထမ်းဆောင် လိုက်တာ ပါပဲ။

ပန်းဟာ သူ့တာဝန်ကို သူထမ်းဆောင်တဲ့ နေရာမှာ သူတပါးကို မထိခိုက် စေရုံသာမက သူ့ပတ်ဝန်းကျင်ကို အလှဆင်ရင်း သူ့ကို တွေ့မြင်ကြ သူတိုင်းကို ပျော်ရွှင် ကြည်နူးစေတယ်။ သူ့ကို သဘာဝအတိုင်း ထားတဲ့ အခါ သူက သဘာဝ အတိုင်း အလှအပတွေ မွှေးရနံ့ တွေကို ပတ်ဝန်းကျင်ကို ဖြန့်ကျက် အလှဆင် ပေး တယ်။ သူ့ကို နည်းမှန် လမ်းမှန် အသုံးချတဲ့ အခါမှာတော့ ဆေးဝါးများအဖြစ် အသုံးတော် ခံပါသေး တယ်။ တလွဲသုံးလို့ ဒုက္ခ ဖြစ်တာကတော့ ပန်းအပေါ် အပြစ်မပုံစေချင်ပါဘူး။ သုံးစွဲသူရဲ့တာဝန်သာဖြစ်တာပါနော်။

ကျွန်မကတော့ နန်းမဆန် တော်မ၀င်ပေမယ့် တယုတယ စိုက်ပျိုး မခံရပေမယ့် သဘာဝက ပေးတဲ့ သာမန် အခြေအနေ လေးတွေ ထဲမှာ ပွင့်ရဲတဲ့ တောပန်း တောင်ပန်း လေးတွေရဲ့ သတ္တိကို သိပ်ချစ်ပါတယ်ရှင်။ ပြီးတော့ ပန်းတပွင့်စာလောက် သတ္တိရှိဖို့ ကိုယ့်ကိုယ်ကိုလည်း အားပေးမိပါတယ်။ ဒီဘလော့လာ ဧည့်သည်တော်များရော ဘယ်ပန်းလေးတွေကို ဘာကြောင့် ချစ်လဲ ဆိုတာ ဖြေပေးခဲ့ကြပါ နော်..

Read More...

Monday, October 15, 2007

မုန်တိုင်းထဲက သူငယ်ချင်းများ (၃)

ကျော်။ ။ မသူဇာ
သူဇာ။ ။ အမေ့.. မြတ်စွာဘုရား
အနားက တိုးတိုးကပ်ခေါ်သံပေမယ့် စာထဲ အာရုံ ၀င်စား နေခိုက်မို့ အကြီးအကျယ် လန့်ဖျပ်သွားခဲ့ရသည်။ သူမကို ရွှေငါးလို့ နာမည်ပေးခဲ့သူမို့ သူ့ကို ကွယ်ရာမှာ ရွှေငါးလို့သာ ပြန်ခေါ်ခဲ့သည်။ ခုတော့ တခုခု အလွန် သိချင်နေပုံနှင့်

ကျော်။ ။ ဆောရီးဗျာ.. လန့်သွားရင် တောင်းပန်ပါတယ်။ ကျွန်တော် တစ်ခု မေးချင်လို့ပါ
သူဇာ။ ။ ဘာများပါလိမ့်ရှင်
ကျော်။ ။ ဟို.. ဟိုလေ.. စိတ်တော့ မဆိုးပါနဲ့နော်
သူဇာ။ ။ အော် စိတ်ဆိုးလောက်တဲ့ မဟုတ်က ဟုတ်က မေးခွန်းတော့ မမေးနဲ့ပေါ့ရှင်
ကျော်။ ။ ကျွန်တော် ပြီးပြီးရော သဘောထားပြီး မေးတာ မဟုတ်ပါဘူးဗျာ.. အကြာကြီး စဥ်းစားပြီးမှ မေးတာပါ
သူဇာ။ ။ နိဒါန်းချီတာနဲ့ မပြီးနိုင် တော့ပါလားရှင်.. ကဲ.. မေးမှာ မေးပါ
ကျော်။ ။ မသူဇာနဲ့ ခုတလော တွဲနေတဲ့ ကို *** တို့ သမီးရည်းစား ဖြစ်နေကြပြီလို့ သတင်းကြားလို့ ဟုတ်လား လို့ပါ
သူဇာ။ ။ အယ်.. ဘာလို့ အဲလို ထင်ကြရ တာတုန်း.. ကျူရှင်တူလို့ တွဲသွားတွဲလာ လုပ်ဖြစ် တာလေ။ ဘာလို့ သူနဲ့မှ ထင်ရတာတုန်း.. တခြား ယောက်ျားလေး သူငယ်ချင်းတွေနဲ့ကျ မထင်ဘဲနဲ့။ သူ့မှာက မိဘကပါ သဘောတူထားတဲ့ ရည်းစား ငုတ်တုတ်ကြီးနဲ့ကို.. သူ့တောင် မေးသေးတယ် .. နင်နဲ့ငါ ခင်မင်နေတာကို နင့်ကောင်မလေးက သ၀န်တိုနေဦးမလား မသိဘူး.. ဂရုစိုက်ပြီး ရှင်းပြ ပေးထား ဦးနော်လို့.. သူက သူ့ ဘက်က အိုကေ ပါတယ် ဆိုလို့ တို့တွေ ဆက် ခင်ဖြစ်ကြတာ..
ကျော်။ ။ အော်.. အဲဒါ မသိဘူးဗျ.. နေပုံ ထိုင်ပုံက သမီးရည်းစားနဲ့ မတူနေပေမယ့် တခြား ယောက်ျားလေး သူငယ်ချင်းတွေနဲ့က ကျောင်းသွားကျောင်းပြန် မတူဘဲ သူနဲ့ တူတူ ပြန်နေ တော့လေ.. ကျွန်တော် အစိုးရိမ်ကြီးသွားတာလဲ ဖြစ်မှာပါ..
သူဇာ။ ။ ဟာ.. ဟို ဘိုးတော်တွေနဲ့က ကျောင်းကားချင်း လမ်းကြောချင်းမှ မတူတာ.. ကျူရှင်ချင်းလဲ မတူဘူးလေ
ကျော်။ ။ ပြီးတော့ ကန်တင်းလဲ တူတူ ထိုင်ကြတော့…
သူဇာ။ ။ အောင်မြတ်လေး အိမ်က အဖေတောင် အဲလောက် လိုက်ဂရုစိုက် မနေဘူး.. ထိုင်မှာပေါ့ စာရေးတဲ့သူ ချင်း ချင်း အထင်အမြင်တွေ ဖလှယ်တယ်.. အတွေးတွေ မျှဝေတယ် .. ကဗျာစာအုပ် စုထုတ်ဖို့ လုပ်တယ်.. ၀ါသနာတူ ခံယူချက်တူ ဦးတည်ချက် တူသူချင်း တွဲမိတာ ဆန်းလား.. ကဲ အဲလောက်ဖြစ်နေရင် ယောက်ျား လေးကို သွားမေးလေ.. မိန်းကလေးကို လာမေးရင် ရှက်လို့၊ ကြောက်လို့၊ နာမည်ကျမှာ စိုးလို့ ဆိုပြီး ရည်းစား ရှိလျက်နဲ့ မရှိဘူး ပြောတတ်တဲ့ မိန်းကလေးတွေ တပုံကြီး.. ယောက်ျားလေးကတော့ ရည်းစား ရရင်ကို မနေနိုင်မထိုင်နိုင် ကြွားချင်နေတာ .. သေချာချင်ရင် သူ့သွားမေးလေ.. သူကတော့ အမှန်အတိုင်း ဖြေမှာပေါ့..
ကျော်။ ။ မေးခဲ့ပြီးပါပြီ.. သူက မသူဇာကိုသွားမေးတဲ့.. မသူဇာ ဖြေတဲ့ အတိုင်းပဲတဲ့။
သူဇာ။ ။ ဟာ ဒီဘိုးတော်ကလဲ တမျိုး .. ရစ်ပြီ.. မဟုတ်ဘူး ဖြေလိုက်ရင် ပြီးနေတာကို ဒီကို ထပ်လွှတ်သေးတယ်
ကျော်။ ။ မဟုတ်ဘူး မသူဇာရဲ့.. အဲဒါ သူက မသူဇာကို တန်ဖိုးထားတာ.. နားလည်ပေးတာ.. မလိုတမာ သူတွေက “ မသူဇာကသာ လိုက်ကပ်နေတာပါ.. ကို***က မကြိုက်ပါဘူး။ ရှောင်နေတာ ရှောင်မလွတ်လို့ ဖြစ်ချင် ဖြစ် မှာ.. ခုတောင် ငြင်းလွှတ်လိုက်တာပဲ” လို့ လျှောက်ပြောမှာ စိုးလို့ မသူဇာကို သိက္ခာမကျအောင် တမင် ဒီလို ပြောလိုက်တာ ဖြစ်မှာပါ။
သူဇာ။ ။ အော် အဲလိုလား.. သိပါဘူး .. လူတွေကလဲနော် ရှုပ်နေတာပဲ.. ကာယကံရှင်ချင်းက ဘာမှကို မဟုတ်ဘဲနဲ့
ကျော်။ ။ ကျွန်တော် မသူဇာတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ အချင်းချင်း ယုံကြည်မှု၊ လေးစားမှုကို တန်ဖိုးထားပါတယ် ဗျာ။ တကယ်လို့သာ တကယ် မဟုတ်ဘဲ တစ်ယောက်ယောက်ကသာ မရိုးသားစိတ် ထားခဲ့ရင် နှစ်ယောက်လုံး တော်တော် ဒုက္ခ ရောက်ဦးမှာပဲ။ ခုတော့ ဒီလို ကြားရတာ အားလဲ ကျပါတယ်။ လေးစားပါတယ်ဗျာ..
သူဇာ။ ။ ဟုတ်ကဲ့.. ရှင်လဲ ကျွန်မရဲ့ သူငယ်ချင်းအပေါ် မလိုတမာစိတ် မထားဘဲ ကျွန်မကို သူ့အတွေးတွေ အကြောင်း ယောက်ျားချင်း နားလည် ခံစားပြီး ပြန်ရှင်းပြ ပေးတဲ့အတွက် လေးစားပါတယ် ကျေးဇူးလဲ တင်ပါတယ်ရှင်
ကျော်။ ။ ကောင်းပါပြီဗျာ..
အော် သူငယ်ချင်းရယ်.. ဖြစ်ရလေ.. ငါ့မှာ ရည်းစား ရှိပြီးသား ပါကွလို့ လွယ်လွယ် ငြင်းဆို မပြောလွှတ် လိုက်ဘဲ မိန်းကလေး သူငယ်ချင်းကို ညှာတာပြီး ခုလို ဖြေရှင်းပေးလိုက်တာ ကျေးဇူးပါ။ သူတို့ သမီး ရည်းစား တွေ အဆင်ပြေ ကြပါစေ.. မှားပါတယ် လောကကြီးရယ်… ဒီလောက် ရှင်းအောင် နေတာတောင် ကန်တင်း တူတူထိုင် စကားပြောမိတာ ကျောင်းသွားကျောင်းပြန် တူမိတာလေးနဲ့ စွပ်စွဲ ရက်လိုက်ကြတာ။ အဖြူရောင် ခင်မင်ခြင်းတွေကို သူတို့ မခံစား တတ်ကြ ရှာဘူးနော်.. သနားပါတယ်

Read More...

မုန်တိုင်းထဲက သူငယ်ချင်းများ (၂)

ဆွေ။ ။ ဟဲ့ သူဇာ .. နင်ဘယ်လိုဖြစ်လို့ မျောက်မှိုင်မှိုင်နေတာလဲ
သူဇာ။ ။ အောင်မာ သေလိုက်ပါလား နင်သာ အမြီးမပေါက်လို့ မှိုင်နေတဲ့ မျောက်လွှဲကျော်
ဆွေ။ ။ နင်ကလဲ ငါရည်းစားပိုးမရတာပဲ လိုက်ထိခိုက်နေ
သူဇာ။ ။ ဘာလို့ စသေးလဲ ပြောမှာပေါ့..
ဆွေ။ ။ နင် ဘာဖြစ်နေတာလဲ
သူဇာ။ ။ ငါ ကန်တင်း ခဏ သွားတုန်း အတန်းထဲမှာ ချထားတဲ့ ငါ့စာအုပ်တွေ ပျောက်ပျောက်နေလို့

ဆွေ။ ။ အင် .. စာမေးပွဲနီးနေတဲ့ဟာ.. နင်က နင့်စာအုပ်ကို အဲလို ထားခဲ့ရလား
သူဇာ။ ။ အာ.. ကျောင်းစာအုပ်တော့ ဘယ်ထားမလဲဟ.. ခုဟာက ဗလာစာအုပ် အလွတ်တွေ.. ငါပြန်လာရင် နဂိုနေရာ ပြန်ထိုင်လို့ ရအောင် နေရာဦးပြီး ထားခဲ့တာ။ ပြန်လာတိုင်း သူများ ၀င်ထိုင်နေတယ်။ ငါ့စာအုပ်ကို မေးတော့ သူတို့ ၀င်လာကတည်းက မရှိတာ မတွေ့တာတဲ့ဟ
ဆွေ။ ။ ဟာ.. ဒါတော့ တော်တော်ဆိုးတာပဲ.. သူတို့ကိုယ်တိုင် ဖယ်ပစ်တာလား
သူဇာ။ ။ မဖြစ်နိုင်ဘူးဟ.. တစ်ရက် တစ်ဖွဲ့ ဖြစ်နေတာ .. ငါနဲ့သူတို့နဲ့ ဆက်ဆံရေး ကောင်းနေတာကို.. သူတို့ကတောင် ငါ့စာအုပ်ကို လိုက်မေးပေး လိုက်ရှာပေးနေသေးတယ်
ဆွေ။ ။ နင်ပျောက်တာ ဘယ်နှစ် အုပ် ရှိပြီလဲ
သူဇာ။ ။ ရှစ်အုပ်
ဆွေ။ ။ ဒါဆို မရိုးသားတော့ဘူး
သူဇာ။ ။ အင်း.. ငါလဲ စဉ်းစားမရတော့ဘူး
ဆွေ။ ။ ဟိုတလောက နင့်နာမည်သုံးပြီး ဖုန်းလျှောက်ဆက်တဲ့ တစ်ယောက်လား.. ငါ အောင်မျိုးမြင့်ဆီက ကြားလိုက်တယ်..
သူဇာ။ ။ ဟုတ်ပါဘူး ထင်ပါတယ် .. သူနဲ့က မေဂျာချင်းမှ မတူတာ.. ပြီးတော့ ငါပျောက်တဲ့ရက်တွေမှာ သူကျောင်း မတက်ဘူး။ နောက်ပြီး ဈေးသည်လေးတွေ ဖြစ်ရအောင်ကလဲ ငါက အတန်းထဲ ထိုင်ရင် ရှေ့ဆုံးခုံ လူမြင် ကွင်း ကြီး ဆိုတော့ တော်ရုံ အပြင်လူက စာသင်ခန်း ရှေ့ဆုံးခုံပေါ်က စာအုပ်တော့ ၀င်မခိုး လောက်ပါဘူး
ဆွေ။ ။ နင့်မလဲ ဖြစ်လိုက်ရရင် အဆန်းချည့်။ နင့်စာအုပ် မှ ရွေးဖြစ်တယ်လို့ .. ကျောင်းစာတွေ ပါရင် ထားပါတော့..
သူဇာ။ ။ နောက်ပြီး.. အင်း..
ဆွေ။ ။ ဘာဖြစ်သေးလဲ … ဟဲ့ ပြောလေ ငိုင်နေပြန်ပြီ
သူဇာ။ ။ အင်း တနေ့ မနက်ဟာ.. ငါက ကျောင်းမလာခင် မနက် အစောကြီး ဈေးသွားပြီး အပြန်မှာ ငါ့အိမ်နဲ့ မျက်နှာချင်းဆိုင် ဘက် ပလက်ဖောင်းပေါ်ကနေ လမ်းလျှောက်လာတာဟာ.. အိမ်ရှေ့ရောက်လို့ လမ်းဖြတ် ကူးမလို့ လုပ်တုန်း အိမ်ရှေ့ကနေ ကောင်လေးနဲ့ ကောင်မလေး ၂ယောက်တည်း ကားခေါင်းခန်းမှာ ပါတဲ့ ကားအဖြူလေး တစ်စီး ဖြေးဖြေးလေး ဖြတ်သွားရင်း ငါ့အိမ်ရှေ့ရောက်တာ့ ကောင်မလေးက ငါ့အိမ်ကို လက်ညှိုးထိုးပြတယ်။
ဆွေ။ ။ အင် ဘယ်သူတုန်း .. သူက နင့်အိမ်ကို ဘာလို့ လက်ညှိုးထိုးပြရတာတုန်း
သူဇာ။ ။ ငါလဲ ၂ယောက်လုံးကို အစက မသိပါဘူး။ ကားက ညာမောင်း ဆိုတော့ ကောင်လေးက ငါ့အိမ်ဘက် ခြမ်းမှာ ထိုင်တာ။ ငါ့ဘက်ကကြည့်တော့ မမြင်ရဘူးလေ။ ငါက ကောင်မလေးကိုပဲ မြင်ရတာ.. ထူးဆန်း နေတာက မနက် အစောကြီးကို ကောင်မလေးက နေကာ မျက်မှန်ကြီး တပ်ထားတာ ငါ့စိတ်ထဲ ထူးဆန်း နေတာ နေမှ မပူဘဲနဲ့။ ငါကလဲ ထင်လိုက်တာက ငါ့အိမ်ကို အိမ်ရောင်းမည် လို့ ဆိုင်းဘုတ် တပ်ထားတော့ အိမ်လာကြည့်တဲ့ ရှမ်းတရုတ်မ လို့ ထင်လိုက်တာ.. အင်း
ဆွေ။ ။ အင်း ဖြစ်နိုင်တာပဲ
သူဇာ။ ။ မဟုတ်ဘူးဟ.. ငါက သူ့ကို ဆံပင်ပုံစံရယ်၊ ခေါင်းက ကလစ်ရယ်၊ အင်္ကျီ ဒီဇိုင်းနဲ့ အဆင်ရယ် မြင်လိုက် တယ်။ အဲဒါ သူ့ကို ငါ့မျက်စိရှေ့မှာ တွေ့နေလို့ .. မျက်မှန်က ချွတ်လိုက်ပြီလေ.. သူဘာလို့ အဲလိုလုပ်ရ တာလဲ လို့ တွေးနေတာ။ ဒီမနက် အဲဒီကားက ငါ့ကို ၀င်ပွတ်သွားတယ်.. ရှောင်လိုက်လို့ ဘာမှ များများ မဖြစ် ပေမယ့် ငါ့ ခြေသန်း ပဲ့သွားပြီ
ဆွေ။ ။ ဟင် .. မိုက်ရိုင်းလိုက်တာကွာ .. ဘယ်သူလဲ အဲဒါ
သူဇာ။ ။ ဟိုမှာ
ဆွေ။ ။ ဟာ.. နင်ကြည့်လုပ်ဦးနော်.. သူက သိပ်အေးတာ.. ရည်းစားတောင် ရှိတာ မဟုတ်ဘူး။ ဘယ်ယောက်ျား လေး နဲ့မှလဲ စကားတောင် ပြောတာ မဟုတ်ဘူး။ နင်ပြောသလို ယောက်ျားလေးရဲ့ ကားနဲ့ လိုက်ဖို့က တော့ ဝေးရော… ပြီးတော့ သူက သိပ် သနား အားနာ တတ်တာ..
သူဇာ။ ။ အော်.. နင်ပြောပုံက ငါကရော မဟုတ်ဘဲနဲ့ လံကြုပ်လုပ်တတ်တဲ့ မိန်းမ မို့လို့လား
ဆွေ။ ။ အာ.. ငါက အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူးဟာ.. တော်တော်ကြီးကို ထူးဆန်းနေလို့ပါ.. နေပါဦး … ကားမောင်းတဲ့သူကို နင်မမြင်လိုက်ဘူးနော်.. ကိစ္စမရှိဘူး။ အဲဒီကားက ဘာအမျိုးအစားလဲ.. ဘာရောင်လဲ
သူဇာ။ ။ ကားက အဖြူဟာ.. ပုံစံက အက်စ်အီးလိုဟာမျိုး.. နံပါတ်က အစအဆုံး မှတ်မိလိုက်ဘူးဟ.. ဒါပေမယ့် ၈က/၇ထောင်ကျော်…
ဆွေ။ ။ ဟဲ့.. နင့်ဟာက မဟုတ်တော့ဘူးနော်… အက်စ်အီးတွေက သ လောက် အ လောက်မှာ ခေတ်ကုန်သွား တာ.. ခုဟာက ၈က ဆိုရင် နင့်ဟာက ခုကတည်းက လွဲနေပြီ။ ယုတ္တိ မရှိတော့ဘူး။ အက်စ်အီးတော့ မဖြစ်နိုင်ဘူး သေချာတယ်
သူဇာ။ ။ ဟာ… အက်စ်အီးပုံစံ ပါဟာ..
ဆွေ။ ။ ဟဲ့ ငါ ကားပွဲစား လုပ်လာတာ ဆယ်တန်းကတည်းက။ ကားအကြောင်းတော့ ငါနဲ့ လာမငြင်းနဲ့။ ၈က တန်းမှာ အက်စ်အီး မရှိတော့ပါဘူးဆို
သူဇာ။ ။ ဒါပေမယ့် ငါမြင်တာ အက်စ်အီး ပုံဟ.. ကားနောက်မြီးမှာ မီးတန်းခုံးခုံးလေး တောင် ပါသေးတယ်
ဆွေ။ ။ နင့်ဘိုးအေရဲ့ အဲဒါ လီမိတက်ဟ.. အက်စ်အီးမှ မဟုတ်တာ။ လီမိတက် ကားက အက်စ်အီးနဲ့ဆင်တယ် နောက်မြီးမှာ မီးလုံးတန်းလေး ပါတယ်
သူဇာ။ ။ သိဘူးလေ .. ငါက နင့်လို ကားပွဲစားမှ မဟုတ်တာ
ဆွေ။ ။ အိုကေ.. ဒီလောက်ဆို ငါ ဒီကောင့်ကို စုံစမ်းလို့ ရပြီ။
သူဇာ။ ။ နင်ကလဲ ကားအစီးရေ တစ်ထောင်ကျော်ကြားထဲ ဘယ်လို ရှာမလဲ
ဆွေ။ ။ ဟ.. ကားအမျိုးအစားသိပြီလေ.. နားမလည်ရင် နေပါဟာ .. အဲဒါ ငါ့အလုပ်လို့ ထားလိုက်ပါ
သူဇာ။ ။ အင်း ဒါဆို ပြီးရော.. ငါ သူတို့ကို ဘာမှ မဖြစ်စေချင်ပါဘူးဟာ.. ငါ့စာအုပ်တွေ လိုက်ဖျောက်ပြီး ငါ့ကို လိုက်ဒုက္ခပေးနေတာ ငါဘာများ မှားမိလို့လဲ ဆိုတာ မေးပေးနော်။ ပြီးတော့ စိတ်ဆိုးမပြေလဲ တောင်းပန် ပါတယ်လို့ ခွင့်လွှတ်ပါလို့ ပြောလိုက်ပါဟာ.. ငါတော့ သူတို့ကို တမင်သက်သက် ဘာမှ မလုပ်မိပါဘူးဟာ
ဆွေ။ ။ သေလိုက်ဟေ.. နင့်ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး။ ခွင့်လွှတ်ရအောင် နင်မှ မှားမထားတာ။ နင်မှားထားရင် သူတို့ နင့်ကို လူကိုယ်တိုင် ရှေ့လာပြီး ချဲသင့်တာပေါ့။ ခုဟာက နောက်ကွယ်ကနေ ပုန်းလျှိုး ကွယ်လျှိုးနဲ့ …
သူဇာ။ ။ သိပါဘူးဟာ…
ဒီလိုနဲ့ နောက်တစ်ပတ်နေတော့ စာရွက် တချို့နဲ့ ဓာတ်ပုံတွေကိုင်ရင်း သူပြန်ရောက်လာသည်။
ဆွေ။ ။ ဟဲ့ သူဇာ.. လူနာမည်၊ ကားနံပါတ်နဲ့ သက်သေတွေ ရလာပြီ
သူဇာ။ ။ ဟယ်.. တော်လှချည့် .. ဘယ်လိုရလဲ။ ကားပိုင်ရှင်က ဘယ်ကလဲ။ သူက ဘာလို့ငါ့ကိုအဲလို လုပ်ရတာလဲ
ဆွေ။ ။ ကားပိုင်ရှင်က --- မေဂျာကဟ.. ငါတို့ကျောင်းကပဲ.. က.ည.န ကနေ ဒီကားအမျိုးအစား ဒီနံပါတ် ဆိုပြီး ရှာရင်း ဒီကားပိုင်ရှင် ဘယ်သူလဲ ဆိုပြီး စုံစမ်းလိုက်တာ.. ဒီမှာ ဓာတ်ပုံတွေ.. ငါတို့ ချောင်းရိုက်ထားတာ.. သူတို့က တိတ်တိတ်ပုန်း ငြိနေကြတာ… သူ့ကောင် နင့်ကို စိတ်ဝင်စားမှာ စိုးလို့ နင့်ကို အပုပ်ချထားတာ ထင်တာပဲ။ ဒါကြောင့် ဟိုကောင်က နင့်ကို ကားနဲ့ ပွတ်တာ ..
သူဇာ။ ။ ဟယ်.. တက္ကသိုလ်တောင် ရောက်နေမှ ရည်းစား ထားတာ ဘာလို့ ပေါ်ပေါ်တင်တင် မထားလဲ။ သူနဲ့ တောင် ရည်းစားဖြစ်နေမှ သူ့ကောင်ကရော ငါ့ကို ဘာကိစ္စ စိတ်ဝင်စားရမှာလဲ.. မဆိုင်လိုက်တာ .. အဓိပ္ပာယ်မရှိ.. ဘာတွေတုန်းဟာ
ဆွေ။ ။ သူ့ကောင်က တခြားတစ်ယောက်နဲ့ စေ့စပ်ပြီးသားဟ.. ဒီကောင်က ဆိုင်ရာ ပိုင်ရာတွေ လဲ ရှိ၊ နောက်ခံ ဘက်ဂရောင်းကလဲ ကောင်းနေတယ်ဟ. ယူဖြစ် မယူဖြစ် မသေချာတော့ တိတ်တိတ် လူမသိအောင် တွဲနေကြတာ ထင်တာပဲ.. ဘာအကြောင်း တွေလဲ တော့မသိဘူး။ သူ့ကောင်ကို သူမနိုင်လို့ နေမှာပေါ့ ဟာ.. နင့်ကို အဲလိုလုပ်မှပဲ သူ့အကြောင်း ပေါ်တော့တယ်.. မထင်ရဘူး အံ့ရော။ ငါတို့ကတော့ ရိုးရိုး သားသား မှတ်လို့ သူ့ကို လေးစားလိုက်ရတာ စိတ်နာတယ်… ငါတို့ သတိပေး ထားပါတယ်.. နင်လဲ လမ်းသိပ်မထွက်နဲ့။ ကျောင်းလဲ သိပ်တက်မနေနဲ့။ ငါတို့ Roll Sheet ထိုးပေးထားမယ်။ Tutorial ရှိမှ လာဖြေပေါ့ ဟုတ်လား။ ငါကျောင်းက အပြန် နင့်အိမ်ကျော်ပြီးမှ ငါ့အိမ်ရောက်တာပဲဟာ.. ငါ စာတွေ ကော်ပီကူးခဲ့ပြီး နင့်ဆီ ၀င်ပို့ပေးမယ် ဟုတ်ပြီလား။
သူဇာ။ ။ ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရယ်.. နင်ဒီလို စေ့စေ့စပ်စပ် စုံစမ်းပေးတာ ငါဘယ်လို ၀မ်းသာမှန်း မသိဘူး။ ငါက နင်ပါ ငါ့ကို အထင်လွဲသွားပြီး ဒီကိစ္စကို နင် ပြီးပြီးရော သဘောထားလိုက်ပြီ ထင်နေတာ
ဆွေ။ ။ ဟ.. သူငယ်ချင်းဆိုတာကို နင်က ဘယ်လို စာလုံးပေါင်းထားတာလဲ။ လောကနီတိ ထဲမှာ မိတ်ဆွေ အင်္ဂါရပ် ဆယ့်ခြောက်ပါးကို နင် မဖတ်ဖူးဘူးလား။ ငါက လူပိန်ပေမယ့် မိတ္တဗလတော့ အပြည့်ရှိပါတယ်ဟ..
သူဇာ။ ။ အေးပါဟာ.. ဟဲ့ နင့်ဗလတော့ ထုတ်ပြမနေပါနဲ့ဟ.. စပုတ်တံကို အိမ်မြောင်ဥ ကပ်နေသလိုပဲ အဟီး .. ကာယဗလ မရှိတာတော့ ကျေကျေနပ်နပ် ၀န်ခံလိုက်ပါဟာ.. အရှိကို အရှိအတိုင်းပေါ့ အဟိ.. သူငယ်ချင်း အချင်းချင်းကြားထဲမှာ ကာယဗလက အရေးမကြီးပါဘူးဟာ စိတ္တဗလက ပိုအရေးကြီးပါတယ်။ ကျေးဇူး ကမ္ဘာပါ သူငယ်ချင်းရယ်.. နားလည်မှုနဲ့ ယုံကြည်မှုက အားလုံးထဲမှာ အရေးကြီးဆုံးပါပဲဟယ်..
ဆွေ။ ။ ဒါအစစ်ပဲ သူငယ်ချင်း.. အေးဆေးပါဟာ အမှန်တရားဆိုတာ အမှန်တရားပါပဲ အပေါ်ယံ မာယာတွေ ဘယ်လောက် ဖုံးနေပါစေ တနေ့တော့ အဖြစ်မှန်က ပေါ်စမြဲပါ. ကဲကဲ ငါပြန်တော့မယ် တာ့တာ

Read More...

မုန်တိုင်းထဲက သူငယ်ချင်းများ (၁)

ဘုန်းကနဲ ပစ်ချလိုက်သော စာအုပ်သံကြောင့် လန့်ဖျပ်ပြီး လှည့်အကြည့်
အောင်။ ။ ဟဲ့ သူဇာ နင့်ကို ပြောစရာရှိတယ်
သူဇာ။ ။ ပြောစရာရှိတာ ကောင်းကောင်းမွန်မွန် ပြောပါလား အောင်မျိုးမြင့်ရဲ့ ။ ဘာလို့ လန့်အောင်လုပ်လဲ။ မရဘူး တအားလန့်သွားပြီ ငါ့ကို အအေးပြန်ဝယ်တိုက်
အောင်။ ။ အင်.. မှားပါတယ်… နောက်ကို မလုပ်တော့ပါဘူးခင်ဗျာ မှတ်သားလောက်ပါတယ်

သူဇာ။ ။ စေတနာ မရှိလဲ နေပေါ့ စိတ်လေးတွေ သိရတာပေါ့ လန့်အောင် လုပ်တုန်းက လုပ်ပြီးတော့
အောင်။ ။ အေးပါဟာ .. တိုက်ပါ့မယ်… လန့်ပါစေ လို့ လုပ်တာ မဟုတ်ပါဘူး အရေးတကြီး ပြောစရာ ရှိလို့ … စိတ်လော သွားလို့ပါဟ
သူဇာ။ ။ ဘာတုန်း
အောင်။ ။ အေး.. ငါ့ဆီကို နင်ဖုန်းဆက်လား
သူဇာ။ ။ ဆက်ပါဘူး… ခုတလော ဘိုင်ပြတ်နေတယ် … နင့်ဆီဖုန်းဆက်ရင် ၃မိနစ် ၇၀ ပေးရမှာဟ။ လေကြောရှည်နေရင် ငါ့ပိုက်ပိုက်လေး ကုန်သွားမှာပေါ့..
အောင်။ ။ ငါလဲ ထင်ပါတယ်။ ငါ့ဆီ ဒီတလော အိမ်ကို ဖုန်းခဏခဏ ဆက်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ
သူဇာ။ ။ အောင်မယ် နင်ကစွံလို့ .. နင့်ဆီကို ကောင်မလေးက စပြီး ဖုန်းဆက်ရတယ်လို့ အဟီ
အောင်။ ။ နင်ကလဲ ပြီးအောင်နားမထောင်ဘူး.. သူက ငါ့ကျူရှင်ချိန် တွေကို သိနေ သလိုပဲ.. ငါကျူရှင် သွားချိန်ကျမှ ဖုန်းဆက်ပြီး ငါ့အမေကို “ကိုအောင် အိမ်ပြန်ရောက်ပြီလား သမီးနဲ့ ချိန်းထားပြီး မလာလို့” ဆိုပြီး ကြပ်တာ ဟ… ငါ့ကို အဲလို ကြပ်ရဲ စရဲတာ နင်တို့ပဲ ရှိတယ်.. ဒါပေမယ့် တခြားနည်းနဲ့ပဲ နင်တို့က ကြပ်မှာ.. ဒါမျိုး တော့ မလုပ်လောက်ပါဘူး ဆိုပြီး ငါလဲ နင်တို့ကို မမေးတာ.. ဒါပေမယ့် တနေ့ညကတော့ လွန်တယ်ဟာ.. ည ဆယ့်တစ်နာရီကြီး ဖုန်းဆက်ပြီး င့ါကို တွေ့ချင်လို့ ဆိုတော့ အမေက နာမည် ဘယ်သူလဲ ဆိုတော့ နင့်နာမည် ပြောပြီး ဖုန်းချသွားတယ်… အမေဆိုတာ ဒေါသပုန်ထပြီး ဆူတော့တာပဲ။
သူဇာ။ ။ အလိုလေးလေး.. ငါ့ကို.. ငါ့နာမည်ကို ပြောသွားတယ်.. အန်တီတော့ အထင်လွဲတော့မှာပေါ့ နင့်ကိုရော ငါ့ကိုရော.. ငါလိုက် ရှင်းပေးရ မလားဟေ..
အောင်။ ။ အေးဟ.. ငါလဲ ငါ့အမေကို အေးဆေးရှင်းပြရတာပေါ့ .. နင့်အိမ်မှာ ဖုန်းမရှိတဲ့အကြောင်း၊ ခေါင်းရင်းအိမ် အသုပ်ဆိုင် ကပဲ ဖုန်းခေါ် ပေးရတဲ့ အကြောင်း အမေ သိသားပဲလို့.. ခုလို အချိန်ကြီး ဖုန်းအိမ်က ပိတ်ရော ပေါ့ သူမှ ဖုန်းကို ဆက်မရတာလို့ ဆိုတော့အမေက စိတ်အေးသွားတာ.. ဒါတမင် နင့်ကိုဂျောက်ချတာမို့ နင့်ကို သတိပေးလိုက် လို့ အမေက ပြောတယ်..
သူဇာ။ ။ အေးဟာ.. နင်နဲ့ငါကြား ဘယ်ကောင် ချောက်ချသွားလဲ မသိဘူးနော်
အောင်။ ။ မိန်းကလေးဟ.. မိန်းကလေး အသံနဲ့တဲ့
သူဇာ။ ။ ဟယ်.. ငါစဉ်းစားမိပြီ ဒုက္ခပါပဲ
အောင်။ ။ ဘာတုန်း
သူဇာ။ ။ ငါ့ကို ခုတလော ကောင်လေးတွေ ပြီတီတီ လုပ်နေတာ ငါသတိထားမိတယ်ဟ
အောင်။ ။ နင့်ကိုကြိုက်လို့ ပိုးနေတာ ဖြစ်မှာပေါ့ဟ အဟီး
သူဇာ။ ။ ဟာ နင်ကလဲ အသိသာကြီး.. ကြိုက်လို့ပိုးရင် လေးစားသမှု ရှိတယ်ဟ.. ဒီကောင်တွေက လေးစားသမှု မရှိဘူး.. စပ်ဖြဲဖြဲ ပြီတီတီချည့် လုပ်နေတာဟ.. ငါက ကြည့်မရလို့ ဂရုကို မစိုက်တာ.. နင်ပြောမှ သတိရ တာ.. ဟယ်.. နင့်ကို ငါ့နာမည်သုံးပြီး လုပ်သလို ဘယ်နှစ်ယောက်ကိုများ အဲလို လုပ်ထားလဲ မသိဘူး… သေချင်တာပဲဟာ.. ရှက်ဖို့ ကောင်းလိုက်တာ
အောင်။ ။ ဟာ.. အေး.. ဟုတ်သား.. နင်နဲ့ငါ ကြားတောင် ၀င်မွှေသေးတာနော် .. ဘယ်လိုလုပ်ရပါ့
သူဇာ။ ။ ဟာ.. စိတ်ကုန်လိုက်တာကွာ .. ဒုက္ခပါပဲ
အောင်။ ။ နေဦးဟ.. ငါအကြံရပြီ.. ငါဖုန်းရုံးကို လိုက်မယ်.. ငါ့ဖုန်းကို အဲဒီအချိန်က ဖုန်းခေါ်ထားတာ ဘယ်သူလဲလို့.. ဖုန်းနံပါတ် သိရင် ဖုန်းလမ်းညွှန် စာအုပ်နဲ့ တိုက်ကြည့်ရင် ဖုန်းပိုင်ရှင် ရဲ့ အိမ်လိပ်စာကို သိပြီဟ
သူဇာ။ ။ သူက ဖုန်းကို ငှားထားတာ ဆိုရင်ရော
အောင်။ ။ လိုက်စုံစမ်းမယ်ဟာ.. ဖုန်းပိုင်ရှင်က သူ ဘယ်သူ့ကို ဖုန်းငှားတယ် ဆိုတာတော့ ပြောမှာပေါ့ဟ
သူဇာ။ ။ အေးဟာ… အဲလို ရှင်းလို့ရရင် တော်သေးတာပေါ့.. ကျေးဇူးပါဟာ
အောင်။ ။ ရပါတယ်ဟာ နင်ကလဲ သူငယ်ချင်းဆိုတာ ဘာလဲ… ဒီလောက်တော့ ကူညီရမှာပေါ့ဟ.. ငါနဲ့ ငါ့အမေကြား အထင်လွဲအောင် နင်နဲ့ငါ့ကြား အထင်မှားအောင် ၀င်ကြပ်ထားတာ အဲဒီမိန်းမနဲ့ ငါနဲ့ တွေ့မယ်
သူဇာ။ ။ နင် ငါ့ကို တကယ် အထင်မလွဲဘူးနော်.. ကျေးဇူးပါဟာ
အောင်။ ။ အောင်မယ်.. လုပ်မနေပါနဲ့ ဆိုမှ.. သူငယ်ချင်းချင်း နင့်အကြောင်းကို ငါသိပြီးသားပဲဟာ… နင့်ပါးစပ် ဟတာနဲ့ အူဘယ်နှစ်ခွေရှိလဲ ငါသိတယ်..
သူဇာ။ ။ ဟွန့် လွယ်လွယ်လေးကို သိမှာပေါ့.. ဘယ်လောက် တွန့်ခေါက်နေနေ အစကနေ အဆုံးထိ တစ်ခွေစာပဲ ရှိတာကို…
(ဟားဟားဟား)

Read More...