Tuesday, July 31, 2007

ပြောင်းပြန်ရေနောက်

ဂုဏ်၊ အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ မျိုးရိုးနဲ့ နာမည်ကောင်း ဆိုတာတွေ ကြီးနေပြီဆိုရင်…

ပြောင်းပြန်စီးလို့ နောက်တဲ့ ရေကို ပြောတာမဟုတ်သလို ဂမ္ဘီရ သမားတွေ အရူးအမူး လိုက်ရှာ နေတဲ့ မြစ်သာ မြစ်ရေ ကိုပြော တာလည်း မဟုတ်ပါဘူး။ တခြား မြစ်တွေက မြောက်ကနေ တောင်ကို စီးပေမယ့် သူက တောင်ကနေ မြောက်ကို စီးပြီး တခြား မြစ်တွေက ရေလယ် နောက်ပြီး ကမ်းမှာ ကြည်ပေမယ့် သူက ပြောင်းပြန် မြစ်လယ်မှ ရေကြည်ပြီး ကမ်းစပ်မှာ ရေနောက်လို့ မြစ်သာ မြစ်ရေကို ပြောင်းပြန် ရေနောက်လို့ ခေါ်တာပါ။
သဘာဝတရားအရ စုန်ရေသာရှိတယ်၊ ဆန်ရေ မရှိဘူးလို့ ပြောလေ့ရှိပေမယ့် လောကမှာ သည်လို ဆန်တက်တဲ့ ကိစ္စလေး တွေလည်း ရှားရှားပါးပါး ရှိနေတတ်ပါတယ်။ သဘာဝ နိယာမ အတိုင်း သွားလေ့ရှိရင် ရိုးစင်းတာပေါ့လေ။ ဆန်းပြားတာ ကတော့ နေရာတိုင်းမှာ မကောင်းပါဘူး။
တောင်တောင်အီအီ မွန်းကြပ်တဲ့စိတ်နဲ့ ရင်ထဲမှာ ဟာနေအောင် ဗလာကျင်းလျက် ဂျပန်သီချင်းလေးတစ်ပုဒ်ကို တိုးတိုး လေး ညည်းလိုက်မိတယ်။

Ue o muitte… arukoo… namida ga kobore… nani yooni …omuitte ..aruku… hiori..boo..sinoyoo

မျက်ရည်များ ပါးပြင်ပေါ်ကို ယိုစီးမကျလာရလေအောင် အပေါ်မော့ပြီး လမ်းလျှောက်မယ်နော် တဲ့။
ပါးအို့နီနီနဲ့ မေးကြောထောင်ပြီး အပေါ်မော့ပြီး လမ်းလျှောက်တတ်တဲ့ မာနကြီးတဲ့ မိန်းကလေးလို့ အများက သတ်မှတ် ကြောက်ရွံ့တာ ခံရတဲ့ သူမ ညည်းဆို နေတဲ့ သည်သီချင်းရဲ့ အဓိပ္ပာယ်ကို ရှင်တို့သိရင် သည်လို သတ်မှတ်မှာ မဟုတ်ပါ ဘူး။ ငိုလို့ မဖြစ်နိုင် လောက်အောင် ယူထား ရတဲ့ တာဝန်တွေက ပုခုံးပေါ်မှာ အနင့်သားလေ။ အားကိုးပါတယ် ဆိုတဲ့ စကား တစ်ခွန်းဟာ တန်ထောင်ချီ လေးတဲ့ ၀န်ထုပ်ဝန်ပိုး တွေထက် ပိုလေးပါတယ်။ တခဏတာ ထမ်းဆောင်ရမယ့် တာဝန် မဟုတ်လေဘဲ မိသားစုရဲ့ သြရသ ဆိုတဲ့ကြိုးက ခါးမှာ မချည်၊ လည်မှာ ချည်ထား တော့လေ… ဆွေကြီးမျိုးကြီး ဆိုတဲ့ စကားကို နာနာကျည်းကျည်း ပြုံးပစ်လိုက်တယ်.. ဟုတ်မယ်.. ရှင်စောပုဘုရင်မကြီးရဲ့ သမီးတော် ကိုးကွယ်တဲ့ နန်းဘုရားမှာ ရင်ဘတ်မှာ အပေါက်ကြီး နဲ့ဆိုတာ။
ဂုဏ်၊ အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ မျိုးရိုးနဲ့ နာမည်ကောင်း ဆိုတာတွေ ကြီးနေပြီဆိုရင်…

ဒါတွေကို တန်ဖိုး ထားနေတဲ့ မိဘဆွေမျိုးတွေ ရှိနေပြီ ဆိုရင်…

အဲသည့် မိဘတွေကို စိတ်ချမ်းသာ စေချင်ပြီ ဆိုရင်…
ပြီးတော့ အဲဒါတွေနဲ့ ထိန်းကျောင်း ကြပ်မတ်ထားမှ လူတွေရဲ့ အကျင့်စာရိတ္တတွေ၊ အမူအကျင့်တွေ လွယ်လွယ် မဖောက်ပြန်မှာ ဆိုတာကို ယုံကြည် လက်ခံ ထားရင်…

လူလိုမနေနဲ့တော့။ ခံစားရ သက်သာအောင် နှလုံးသားကို ခွဲထုတ် ပစ်လိုက်။ ကိုယ့်ကိုယ်ကို သတိပေးရင်း နှလုံးသားကို ဖြုတ်ထုတ် လိုက်တော့ နှလုံး သွေးကြော လေးတွေက မျက်ရည် စက်လက်နဲ့ နှုတ်ဆက်ကြတယ်။ မမှုဟန် အတင်း ဆောင်ရင်း သီချင်းကို ဆက်ညည်း လိုက်တယ်

Shirawase ga sora no ue ni, Shira wase ga tora no ue ni
ပျော်ရွှင်ခြင်းဆိုတာတွေက ကောင်းကင်ရဲ့ အပေါ်မှာ.. ပျော်ရွှင်ခြင်းဆိုတာ မိုးတိမ်တွေရဲ့ အထက်မှာတဲ့။
အပေါ်နှုတ်ခမ်း ပါးပါး၊ အောက်နှုတ်ခမ်း ထူထူလေးကို တင်းတင်းစေ့ လိုက်တော့ မြင်သူတွေက ပြုံးတယ်လို့ ထင်ကြ တယ်။ တကယ်တော့ အသံတိတ်နည်းနဲ့ ကျွန်မ ရင်ထဲမှာ သည်းသည်း ထန်ထန် ငိုနေတာပါ။ သူတို့က ပြောကြတယ်။ သူမရဲ့ မျက်လုံး လေးတွေက အမြဲ အရည်လဲ့ပြီး ရွှန်းစို နေတာပဲ.. သည်လို မျက်လုံးမျိုး လှလှလေး ရထားတာ ကံကောင်း လိုက်တာတဲ့။ သည်မျက်လုံး ထဲကနေ မျက်ရည်မြစ်တွေ လျှံကျမလာအောင် မျက်ခမ်းတမံနဲ့ ယဲ့ယဲ့လေး အနိုင်နိုင် ထိန်းရတဲ့ ပညာကို ရှင်တို့ သင်စရာ မလိုတာ ဘယ်လောက် ကံကောင်းလဲလို့ ရင်ထဲက ဟစ်ရင်း ပြောမိရဲ့။
မိဘတွေ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု အားရဂုဏ်ယူမှု တွေအတွက် ရင်းလိုက်ရတဲ့ အရာတွေ၊ အတွေးတွေ၊ အကြိုက်တွေ၊ ခံစားချက်တွေ… အို.. နှလုံးသားတစ်စုံလုံးနဲ့ အပြည့်ပါပဲ… ဦးဏှောက်က အဖြေတစ်ခု ထုတ်ပေးတယ်။ ကျေနပ်ပါတယ် တဲ့။ မိဘတွေနဲ့ ပတ်သက်လို့ နောင်တ ရစရာ မလိုဘူး ပေါ့တဲ့။
ပေါ့ပါး သွားတဲ့ စိတ်အခြေအနေတစ်ခုကို လိုချင်လို့ ရုပ်ရှင် ဂျိုးကပ် သူငယ်ချင်း ရွေးပေးတဲ့ ဟိန္ဒီရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်တဲ့ Mohabethein ဆိုတဲ့ ကားကို ကြည့်ဖို့ စဉ်းစား လိုက်တယ်။ မင်းသားတွေက နာမည်အကြီးဆုံး အမီတာဘာချန်နဲ့ ရှာရွတ်ခန်း၊ မင်းသမီးက မယ်ကမ္ဘာ အက်ရှ် ၀ါယာရာ ရိုင်၊ ပြီးတော့ ဘာမှ နားမလည် ဦးတော့ ကုလားက ကြည့်ရတာ အညောင်း ပြေတယ် ဆိုပြီး ကြည့်လိုက်မိတယ်။
အမီတာဘာချန်နဲ့ အက်ရှ် ၀ါယာရာ ရိုင် က သိပ်ချစ်ကြတဲ့ သားအဖ။ ဘယ်သူက ဘယ်သူ့ကို ပိုချစ်သလဲ လို့မေးရင် ဘယ်လိုဖြေမလဲ စုန်ရေသမား တွေရေ။ အဖေလုပ်သူက သမီးကို တပည့်နဲ့ သဘောမတူနိုင်ဘဲ ကျောင်းကနေ နှင်ထုတ်၊ ဘ၀မှာ ပညာ ဆက်သင်ခွင့်ပါ မရတော့အောင် လုပ်ပစ်ခဲ့တယ်။ ပြီးတော့မှ သမီးလေးကို မေးတယ်။ သမီး နေသာရဲ့လား၊ ပျော်ရဲ့လားတဲ့။ မေးရက် လိုက်တာ။ အပြစ်မဲ့ ချစ်သူကို ရက်ရက်စက်စက် ဘ၀တုံးအောင် လုပ်ပြီးမှ သည်စကားကို မေးရက် လိုက်တာ။ သမီးရဲ့ ဖခင် အပေါ်မှာ ထားတဲ့ မေတ္တာက ရှင်းပါတယ်။ တည်တည်ငြိမ်ငြိမ် ပါပဲ။ နီရဲ စိုလဲ့နေတဲ့ မျက်ဝန်းရွဲကြီးတွေနဲ့ အပြုံးမပျက် ပြန်မေးရှာတယ်။ ဖေဖေရော ပျော်သလားတဲ့။ ဖေဖေပျော်ပါတယ် သမီး ဆိုတော့ ဖေဖေပျော်ရင် သမီးလည်း ပျော်ပါတယ် ဖေဖေရယ်တဲ့။ အဖေကို အပြစ် တစ်စက်မှ မတင်ရက်တဲ့ သမီး။ နောက်ဆုံးတော့ မွန်းကြပ် လွန်းတဲ့ စိတ်ဝေဒနာကို တင်းမခံနိုင် တော့တဲ့အတွက် ၀ရန်တာကနေ ခုန်ချသွားခဲ့တယ်။
မိဘတွေဟာ ကိုယ့်သားသမီး အတွက် တကယ်ပဲ စဉ်းစား ပေးပြီး ချစ်ကြရဲ့လား။ သူတို့ရဲ့ အလိုဆန္ဒ တွေအတွက် စိတ်ကျေနပ် ပျော်ရွှင်မှု ရစေဖို့ သားသမီးတွေ ရင်းနှီး ပေးဆပ် လိုက်ရတာ ဘာတွေလဲ ဆိုတာ သိလိုက် ကြရဲ့လား။ ဒီဇာတ်ဝင်ခန်း အပြီးမှာ နာကျင်စွာ ပြုံးမိပါတယ်။ သမီးကို တစက် ကလေးမှ မဆူမငေါက် ရှာတဲ့ အဖေအပေါ် ပြန်လည် နားလည် ခွင့်လွှတ်မှု ထားတဲ့ သမီးနဲ့ သမီးကို အပြစ်မမြင်ဘဲ တပည့်ကိုသာ စိတ်ဆိုးလွန်းလို့ နှင်ထုတ်ခဲ့တဲ့ အဖေ။ ကိုယ့်မှာတော့… တွေးမိရင်း ၀မ်းနည်းမှု လှိုင်းတံပိုး တစ်ချက် အရိုက်မှာ နှလုံးသွေးကြော လေးတွေကနေ သွေးတွေ ပွင့်အန် တက်လာကြတယ်။ အတင်း မျိုချလိုက်တဲ့ ခံစားချက်တွေက ရင်ဘတ်ထဲမှာ ၀ုန်းဒိုင်းကြဲ ရိုက်ခတ်လို့။ အတွေး တွေရဲ့ မွန်းကြပ်မှုမှ ခဏတာ လွတ်မြောက်ဖို့ အဇဋာ ကောင်းကင်ပြင်ကို ငေးမောနိုင်ဖို့ ၀ရန်တာကို ထွက်လာခဲ့တယ်။ ၀ရန်တာ လက်ရမ်းကို ကျောနဲ့ မှီထားရင်း သံစဉ်တစ်ခုက တိုးတိုးလေး ရွတ်မိလျက်သား…
Kanashimi ga sora no shita ni… Kanashimi ga tora no shita ni.. ue o muitte arukooo…

ဝမ်းနည်း ငိုကြွေးမှုတွေဟာ တိမ်တွေရဲ့ အရိပ်အောက်မှာ.. ၀မ်းနည်း ငိုကြွေးမှုတွေဟာ ကြယ်တွေရဲ့ အရိပ်အောက်မှာ မျက်ရည်များ ပါးပြင်ပေါ်ကို ယိုစီးမကျ ရလေအောင်…
ညည်းဆိုရင်းနဲ့ ခေါင်းကို မော့လိုက် မိတယ်။ ခန္ဓာကိုယ်က အားအင်မဲ့စွာ နုံးချိ လာခဲ့တော့ ၀ရန်တာ လက်ရမ်းပေါ်ကို ကျောမီလျက်နဲ့ ပိုမော့ လိုက်တယ်.. အား.. မွန်းကြပ်မှုတွေ လွတ်ထွက် သွားလောက်တဲ့ ကောင်းကင်.. ကြယ်ညီလာခံ နေတဲ့ လပြည့်ည.. ညဉ့်ပိုးကောင် လေးတွေက စိုးစီစိုးစီ ညံလို့… ဟိုးအဝေးမှာ မှုန်ပျပျ တိမ်ငွေ့တန်းလေးတောင် ထင်းလို့။ စိတ်လွတ်လက်လွတ် မော့ငေး နေလိုက်တယ်။ တိမ်ဇာလွှာရုံလေးက လ၀န်းဘေးကို တဖြည်းဖြည်း ရစ်သမ်း လို့။ မြူငွေ့ အေးအေးလေးတွေ ပါးပြင်ကို ထိခတ်လာတော့မှ အပြင်မှာ အေးတာကို သတိပြုမိတယ်.. သည်လောက် အေးချမ်း သာယာ နေတဲ့ လောကကို သတိမမူ မိလောက်အောင် ငါ့စိတ်တွေ ဒီလောက် မွန်းကြပ် နေခဲ့ပါလားလို့ သတိ ထားမိ ချိန်မှာ မျက်ဝန်းတို့ သွေ့ခြောက် နေပြီ။ ရင်အစုံမှာ ခံစားချက်တွေ ဗလာကျင်း သွားတာကို နှစ်နှစ်ချြိက်ခြိုက် ပြုံးလိုက်မိတယ်။ လက်အစုံကို ဆန့်မြှောက်ရင်း မြူငွေ့ လေးတွေကို ရင်ခွင်နဲ့ ဆီးကြိုလိုက်တယ်။ သည်လို အေးချမ်း ခြင်းကို ငါငတ်မွတ် နေတာ ကြာခဲ့ ပြီကော။ ၀ရန်တာကို မှီထောက် ထားတဲ့ကျောပြင်က အချိန် ကြာတော့ ကျိန်းလာတာနဲ့ နည်းနည်း နေရာ ရွှေ့ပြီး ဆက်ငေး နေမိတယ်။ သြော်.. လွတ်လပ် အေးချမ်း ပါပေ့။ မြူငွေ့လေးတွေပဲ ပိုပြီး သိပ်သည်းစွာ ကျလာသလားမသိ။ သူမရဲ့ အမြင်တွေေ၀၀ါးလာသည်။ ညသည် ပိုမို မှိုင်းပျစွာ လှပလို့…
ညဥ့်လေအေးက ပျပျလေး တိုက်ခတ် လာတာကို တရှိုက်မက်မက် ၀င်သက် ရှူသွင်း လိုက်တော့ ညမွှေးပန်း နံ့လေးတွေ တသက်သက် နမ်းရှိုက်ခွင့် ရလိုက်တယ်.. ဒါပေမယ့် ခံတွင်းထဲက သံနံ့ကို ပျပျလေး ရလိုက်တယ်။ သူမရဲ့ နှုတ်ခမ်း နှစ်လွှာ ပွင့်အာ လာတဲ့အခါ နှလုံးသွေးတွေ စီးကျလာတော့ သူမ တားဖို့ မကြိုးစား တော့ဘူး။ အသက်ကို ခပ်ပြင်းပြင်း ရှိုက်အသွင်း လိုက်မှာ ခန္ဓာကိုယ်က လျောကနဲ … သူမရဲ့ ခန္ဓာကိုယ် သွယ်လျလျ လေးက မဟူရာ မွေ့ယာပြင် ပေါ်ကို လွင့်ခနဲ … လေထဲမှာ ပက်လက်ကလေး လွင့်နေ ဆဲမှာပဲ သူမ သီချင်း စာသားလေး တစ်ကြောင်းကို အားမစိုက်ဘဲ အသာ ညည်းလိုက်တယ်…
Shirawase ga sora no ue ni…
ပျော်ရွှင်မှုတွေဟာ မိုးတိမ်တွေရဲ့ အထက်မှာ..

ခုလဲ သူမ မိုးတိမ်တွေ ပေါ်မှာ ဆိုတော့ ပျော်ရွှင်မှု တွေနဲ့ နီးစပ်သွားပါပြီ… သည်အခိုက်မှာ လွတ်လပ် နှစ်ခြိုက်စွာ ပြုံးလိုက်တဲ့ သူမရဲ့ နှုတ်ခမ်းလွှာက စီးထွက် လာတဲ့ နှလုံးသွေးစက် လေးကတော့ ညမွှေးပန်းရုံ လေးပေါ်ကို သူမထက် စောစွာ ကျသွား ပါတော့တယ်။
(သီချင်းကို ဒီမှာ နားထောင်ပါ)

Read More...

ငှက်ကလေးရဲ့ အိမ်ပြန်ချိန်

Free bird towards a free Burma
(By Daw Aung San Suu Kyi)
My home...
where I was born and raised
used to be warm and lovely
now filled with darkness and horror.

My family...
whom I had grown with
used to be cheerful and lively
now living with fear and terror.

My friends...
whom I shared my life with
used to be pure and merry
now living with wounded heart.

A free bird...
which is just freed
used to be caged
now flying with an olive branch
for the place it loves.

A free bird towards a Free Burma.

ငါ့ရဲ့ အိမ် …
ငါမွေးဖွားရာ
ကြီးပြင်းခဲ့ရာ ရိပ်ငြိမ်သာသည်
နွေးထွေးချစ်ဖွယ် ကြည်နူးဖွယ်တိ
ပြည့်ခဲ့ဖူးသည် ခုချိန်မှာတော့
နှစ်မြို့ဖွယ်ကင်း မှောင်ဘိခြင်း။
ငါ့မိသားစု …
တူကြီးပြင်းရာ မွေ့ပျော်ရာအတိ
ပျော်ခဲ့ဘိလည်း ခုချိန်ခါမှာ
ကြောက်မှုအတိ၊ ခြောက်ချား၏
ငါ့သူငယ်ချင်းများ…
ငါ့ဘ၀ရဲ့
ပျော်ရွှင်မှုနဲ့ သန့်စင်မှုများ
မျှဝေဖူးရာ နှလုံးသားမှာ
ခုခါ ဒဏ်ရာ အပြည့်တည့်။
လှောင်ချိုင့်တွင်းမှ လွတ်မြောက်ခါစ
အို ငှက်လှငယ်..
သူ့ချစ်မြေတွက် သံလွင်ခက်နဲ့
ပျံပါစေလို့ မြန်ပြေသို့
လွတ်လပ်စေဖို့ အားဖြည့်ဖို့။ ။
ကိုယ့် ဘာသာပြန် စွမ်းရည်ကို ဆန်းစစ်ကြည့် တာတော့ မဟုတ်ပါဘူး။ အင်္ဂလိပ်ကဗျာကို ဖတ်ရင်းနဲ့ ကိုယ့်ဘ၀ကို ပြန်စဉ်းစားမိလို့ ခံစားချက် များပြီး ဘာသာပြန်ကြည့် ဖြစ်သွားတာပါ။ အင်း.. လှောင်ချိုင့်ထဲက ထွက်ခါစ ဆိုတော့ တောင်ပံတွေ သိပ်အား မရှိသေးလို့ မြန်မြန်မပျံနိုင်ခင် မုဆိုးနဲ့ မတွေ့ ပါစေနဲ့လို့ပဲ ဆုတောင်း ရတော့မှာပဲ။

Read More...

သူတို့ပြောတဲ့စကားများ- ၁

ကျွန်မကိုးကွယ်တဲ့ဆရာတော်နဲ့ ကျွန်မရဲ့ ခင်ပွန်းသည်နဲ့ သူငယ်ချင်း၊ မိတ်ဆွေများရဲ့ စကားများထဲက ကျွန်မကြိုက်နှစ်သက်တဲ့ စကားလုံး လေးများကို စုစည်းဝေမျှလိုက်ပါတယ်…
ဘုရားတကယ်ပွင့်မပွင့် မိဂဒါဝုန်တောကနေ ထိုင်စောင့်ကြည့် နေမယ်။ (အန်တီခိုင်)
မီးဖိုထဲက လက်နှီးစုတ်ကို ညစ်ပတ်နေတယ်လို့ ဘယ်သူကမှ မပြောဘူး။ မျက်နှာသုတ်ပ၀ါကိုသာ ညစ်၊ မညစ် စောင့်ကြည့် လျှောက်ပြောနေကြတာ။ ကိုယ့်မျက်နှာ ကိုယ်သုတ်ရမယ့် ကိုယ့်မျက်နှာသုတ်ပ၀ါ တကယ်ဖြူစင်သန့်ရှင်းနေရင်ပြီးတာပဲ။ (မင်းသစာ)
ဘယ်လက်ကလုပ်တဲ့အလုပ်ကို ညာလက်နဲ့ပြန်စစ်ပြီးမှန်မှ သည်အလုပ်ကိုပြီးတယ်လို့အောက်မေ့တယ်။ (ကြော့သူဇာ)

မိုးထဲ၊ လေထဲ၊ မုန်တိုင်းထဲမှာ ငါ့ကိုလက်တွဲရဲတဲ့သူကို ပိုတန်ဖိုးထားတယ် (ကြော့သူဇာ)
မျှော်လင့်ချက်မထားဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်စရာရှိတာကို ပြီးအောင် အကောင်းဆုံး လုပ်လိုက်ရင် ခံစားရသက်သာတယ် (မင်းသစာ၊ နေဘုန်းလတ်၊ အန်တီခိုင်)
ပါးစပ်ပါတဲ့သူချည့်ပဲ၊ ပြောတတ်ပါတယ် အမရယ်၊ မပြောချင်တော့တာမို့ သမီးက အတယ်လို့ပဲ ပေးထင် ထားလိုက်ပါတယ် (သဲစု)
လူချင်းပေါင်းတယ်ဆိုတာ ရေစီးကြောင်းတွေပေါင်းတာနဲ့သိပ်တူတာဟ… ရေစီးကြောင်းနှစ်ခု အတူတူ အရှိန်ပြင်းပြင်း ပေါင်းစည်းသွားနိုင်ဖို့ ဦးတည်ချက်နဲ့ အရှိန်ချင်းတူဖို့လိုတယ်။ ရေစီးကြောင်းနှစ်ခု စုဆုံချိန်မှာ အရှိန်တူပြီး ဦးတည်ချက်မတူရင် ၀ဲကတော့ ထမယ်။ ဦးတည်ချက်တူပြီး အရှိန်မတူရင် အသံထွက်ပြီး ပလုံစီထမယ်။ ရေလယ်ကျွန်းတို့၊ ရေစီးကြောင်းပြောင်းတာတို့ဖြစ်မယ်။ ဦးတည်ချက်နဲ့ အရှိန်ပါ မတူရင် အရှိန်ပျော့တဲ့ရေစီးက အရှိန်ပြင်းတဲ့ရေစီးရဲ့ ဦးဆောင်မှုနောက်လိုက်ပြီး ရေစီးကြောင်း တစ်ကြောင်းက ဦးတည်ချက်ပျောက်သွားနိုင်တယ်။ (အောင်မိုး)
အမြီးဆွဲလိုက်ရင် ခွာနဲ့ပေါက်ထုတ်မယ်။ (အောင်မိုး)
အများရဲ့ မျက်စိရှေ့မှာ ရှင်းရှင်းလေး နေတာမို့ ယုံရမယ်ဆိုရင် မျက်လှည့်ဆရာဆိုရင် ဘယ်လို လုပ်မလဲ။ မျက်လှည့်ပြသွားတာ ကိုယ့်မျက်စိရှေ့မှာတော့ ရှင်းနေတာပဲ။ (ဟိန်ဇော်)
ကိုယ်ကောင်းရင်ခေါင်းဘယ်မှမရွေ့ဘူးဆိုပြီး ကိုယ်ချည့်ပဲရွေ့သွားရင်ရော.. (ဟိန်ဇော်)
Top secret ဆိုတာ အပေါ်ဆုံးက လျှို့ဝှက်ချက်ဆိုတော့ သိပ်မလျှို့ဝှက်သေးဘူး။ Bottom Secret အောက်ဆုံးက လျှို့ဝှက်ချက်ဆိုမှ ပိုလျှို့ဝှက်တာ။ (ဟိန်ဇော်)
ယောက်ျားလေးဘယ်လောက်အေးအေး မျောက်လောက်တော့ ဆော့တတ်တယ် (ချောစု)
တစ်ဘ၀စာမှာသာ ကိုယ်နဲ့သူတပါးစာရင်းရှင်းနေကြရတာ။ သံသရာမှာတော့ ကိုယ်နဲ့ ကိုယ့်လုပ်ရပ်တွေ အချင်းချင်းပဲ စာရင်းရှင်းကြရတာပါ။ (ခွန်မြလှိုင်)
တရားကို သညာသိဖြင့်သိပြီး ငါစွဲမစင်သေးလို့ ငါစွဲကြောင့်မာန၀င်ပြီး မာနခံ လို့တရားကို ပညာနားနဲ့ ထောင်ဖို့ရာ နားမ၀င်နိုင်ဘဲ တရားကိုတကယ့် ပညာသိဖြင့် မသိပါဘဲ သိပြီထင်မှတ်လျက် ကိလေသာ အမိုက်မှောင်ထဲ နက်နက်နဲနဲကြီးဝင်တိုးလျက် အကုသိုလ်ကြီးများကို လွန်ကျူးရင်း တရားကို တကယ့် ပညာသိဖြင့် သိခြင်းနဲ့ လွဲရသည့်ကိုယ် မဖြစ်ရလိုပါ။ တရားကို ပညာသိဖြင့် ပိုင်းခြားဝေဖန် သိမြင်နိုင်ပြီး ထိုသိသော တရားအလင်းဖြင့် အမှောင်မိုက်ဆုံး ကိလေသာတို့ကို ပယ်ခွင်းနိုင်ကာ မဂ္ဂင်လမ်းကို တည့်တည့်ကြီး လျှောက်လှမ်းရင်း နိဗ္ဗာန်ရွှေပြည်ကို ဆိုက်ရောက်ရပါလို၏။ (ခွန်မြလှိုင်)
ကြွားလုံးထုတ်နေသေးသရွေ့ အပါယ်မျိုးစေ့ မကုန်သေး။ မာနခံနေသေးသရွေ့ ငါစွဲဒိဌိ မပြုတ်သေး။ (ဓမစေတီဆရာတော် အရှင်ကောသလ)
ဘ၀မှာ ကိုယ်ကစေတနာသိပ်ကောင်းနေရင် သူတပါးအတွက် လှေကားထစ်အဖြစ် အသုံးချခံချင်ခံပါ။ ငြမ်းတော့ မဖြစ်စေနဲ့ညီမလေး။ လှေကားဆိုတာ သည်အဆောက်အဦးရှိနေသေးသရွေ့ ကိုယ့်ကို ဖယ်ရှားတာ မခံရဘူး။ သည်တော့ ခံစားရတာ ခံသာသေးတယ်။ ငြမ်းဆိုတာကတော့ သည်အဆောက်အဦ မပြီးခင် အသုံးချခံရပြီး သည်အဆောက်အဦပြီးရင်အဖျက်ခံရတာ။ ခံစားရတာ သိပ်ဆိုးရွားတယ်။ (ကိုဇေဖြိုး)
ကိုယ်ချစ်ရတဲ့သူအတွက် ရှာကျွေးနေရတာ၊ ကျန်းမာရေးမကောင်းလို့ ပြုစုနေရတာကို ပင်ပန်းတယ်လို့ ၀န်ထုတ်ဝန်ပိုးလို့ မထင်ပါဘူး။ ချစ်ထုတ်ချစ်ပိုးကြီးရထားတယ်လို့ပဲထင်တော့ လုပ်ပေးခွင့်လေး ရနေသေးတဲ့အတွက် ပျော်တယ်။ (မင်းသစာ)
ဘ၀မှာ ကိုယ်ချစ်ရတဲ့သူနဲ့ အတူ လောကဓံကို ရင်ဆိုင်ဖြတ်သန်းရတဲ့အခါ ကိုယ့်ဘေးမှာသူရှိတယ် ဆို တဲ့ အားနဲ့ရင်ဆိုင်ရတာ ပိုအားရှိပြီး ပိုရင်ဆိုင်နိုင်တယ်။ ကိုယ့်ဘေးကလူက ကိုယ်ချစ်တဲ့သူ မဟုတ်ရင် လောကဓံကို ရင်ဆိုင်ရတာ အားမရှိဘူး။ (ဦးကိုကိုထွေး)
လမ်းမှာလေပွေမွှေ့လို့ (လေဆင်နှာမောင်း အသေးစား)
လမ်းပေါ်က ကျွတ်ကျွတ်အိတ်စုတ်၊ စကူ စုတ်တွေ၊ အမှိုက်တွေကို လေပွေကစုပြီးသယ်သွားလို့ ဘယ်သူ့အိမ်ရှေ့မှာ လေပွေရပ်မလဲလို့ ကျွန်တော် လမ်းလျှောက်ရင်း လိုက်ကြည့်တာဗျ။ အံ့စရာဗျာ၊ လေပွေက အမှိုက်ပုံမှာသွားရပ်တယ်။ စောစောက လေပွေမွှေ့တဲ့လမ်း တလျှောက်မှာ ပါလာတဲ့အမှိုက်တွေက အမှိုက်ပုံပေါ်ရောက်သွားရော… လောကကြီးတယ် ဆန်းကြယ်တယ် ဗျာ။ တူရာတူရာစုတာပဲဗျ။ (ဦးခင်မောင်ရွှေ)
မနှစ်ကထက် သည်နှစ်ဝင်ငွေ တိုးလာတာကို တိုးတက်တယ်လို့ မခေါ်ဘူးဗျ။ မနှစ်က၀င်ငွေနဲ့ ဘယ်လောက် ၀ယ်နိုင်စွမ်းရှိပြီး သည်နှစ်ဝင်ငွေနဲ့ ဘယ်လောက်ဝယ်နိုင်စွမ်းရှိတယ်ဆိုတာချင်း တိုင်းတာပြီးမှ ပိုနေမှ မနှစ် ကထက် သည်နှစ် ၀င်ငွေ တိုးတက်တယ်ခေါ်မယ်။ (ဒေါက်တာချစ်)
နိုင်ငံတစ်နိုင်ငံတိုးတက်တယ်ဆိုတာ နိုင်ငံရဲ့ ပြည်တွင်းထွက်ကုန် တိုးတက်တာကို တိုးတက်တယ် မခေါ်ဘူး။ ခင်ဗျားတိုင်းပြည်ရဲ့ အသစ်ပြန်ထုတ်ယူလို့ မရနိုင်တော့တဲ့ သယံဇာတ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက် မျက်ရတနာ)
တွေကို ရောင်းထုတ်လို့ရတဲ့ငွေတွေ များလာတာဟာ ဆုံးရှုံးမှုကို ပြတာပဲ။ နောင်အနာဂတ်မှာ သုံးစရာမရှိတော့လို့လေ။ တကယ်က တိုင်းပြည်မှာ ရှိတဲ့လူတွေက ပိုနည်း တဲ့ ပြန်လည်ထုတ်လုပ်ယူနိုင်တဲ့ သယံဇာတ (သစ်တော၊ ဇီဝဓာတ်ငွေ့၊ ထပ်တလဲလဲ ပြန်ပြင်အသုံးပြုနိုင်သော ရာဘာ၊ စကူ၊ ပလတ်စတစ်၊ ထပ်တလဲလဲ ထွက်ရှိအောင် မွေးမြူစိုက်ပျိုးနိုင်သော ရေထွက်ကုန်၊ စားသောက်ကုန်ကြမ်းများ)
တွေကို အနည်းဆုံးသုံးပြီး ပိုကောင်းတဲ့၊ ပိုများတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်စွမ်းအားတွေ တိုးတက်လာတာကိုမှ တိုးတက်မှုအစစ်လို့ ခေါ်တယ်။ (မစတာ ဂျွန်ဟိုက်)

Read More...

ကျစ်လစ်ထိမိတဲ့ မြန်မာ စကားလုံး အသုံးအနှုံး လေးများ - ၁

မြန်မာ စကားလုံး အသုံးအနှုံး လေးတွေကို ကျွန်မရဲ့ အတွေးတွေ ထဲက အဓိပ္ပာယ် သတ်မှတ် နားလည် လက်ခံ မိတဲ့အတိုင်း ချရေးမိတာပါ။
ဘ၀။ ။ ဘကုန်းကြီးလို ကုန်းရုန်းပြီး လှုပ်ရှား ရုန်းကန် နေရ သလောက် ၀လုံးလေးလို လုံးလည် ချာလည် လိုက်နေတဲ့ ဖြစ်စဉ်တစ်ခုဟာ ဘ၀ ပါပဲ။ ဗျည်းလေး နှစ်လုံးတည်း ရှိပေလို့ သရတွေများ ပါလာရင် မချောင်ဘူး။ ဒိထက်ကို ပိုဆိုးမလား မသိ။
ပန်းတိုင်။

။ စိတ်အား သို့မဟုတ် လူအားသုံးပြီး ပင်ပင်ပန်းပန်း ကြိုးစားပြီးမှ ရတဲ့ အောင်မြင်မှု ကို သတ်မှတ်ထားတဲ့ တိုင်တည်စရာ နေရာတစ်ခုမို့ ပန်းတိုင် လို့ခေါ်သလား မသိပါဘူး။ အဲလိုပဲ ထင်တာပါပဲ။
မသိမသာ။ ။ မသိရင် မသာဖြစ်မယ်တဲ့။ တဲ့တိုးပြောလို့ ရိုင်းသလို ဖြစ်ရင် ခွင့်လွှတ်ပါ။ ဒါပေမယ့် လောကီ မှာရော လောကုတ္တရာ မှာပါ မသိရင်တော့ ထပ်ခါ တလဲလဲ သေရတတ်ပါတယ်။ သံသရာ လည်နေရတာ မသိမှု အ၀ိဇ္ဇာကြောင့်ပါပဲ။ (ဒါလေးကတော့ ဆရာတော် တစ်ပါး ဟောတာပါ။ ဘယ်သူလဲ ဆိုတာ သေချာ မမှတ်မိ ပေမယ့် ချမ်းမြေ့ဆရာတော်လို့ ထင်နေပါတယ်)

ဘာရယ်မဟုတ်ပါဘူး။ အတွေးပေါ်လာ တာလေးတွေ ချရေး လိုက်တာပါ။ နောက်တော့မှ ဘော်ဘော် များရော ဘယ်လို စဉ်းစား မိမလဲလို့ တွေးမိတာနဲ့ တိုင်ပင် ချင်လာလို့ ဘလော့ပေါ် တင်လိုက်ပါတယ်။

Read More...

Saturday, July 28, 2007

ကိုယ်ကျင့်တရားနဲ့ လိုအပ်ချက်

ကိုယ်ကျင့်တရားအကြောင်းကို ရေးဖို့ မမခင်မင်းဇော်က tag ပါတယ်။ ဒါနဲ့ပဲ ကိုယ့်ကိုယ်ကို မေးခွန်းလေး တွေ မေးမိပါတယ်။ ပြီးတော့ ကြားဖူးနားဝလေးတွေရော၊ ဖတ်မှတ်လေ့လာ ထားဖူးခဲ့သမျှ လေးတွေပါ ပြန် တွေးပြီး စဉ်းစား ချင့်ချိန် ကြည့်ပါတယ်။ ဖတ်မှတ်လေ့လာဖူးသမျှလေးတွေက text color အစိမ်းရင့်လေး ဖြစ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် ဉာဏ်မီသမျှ စဉ်းစားမိတာလေးတွေကို ချရေးထားတာက အပြာရောင် ဖြစ်ပါ တယ်။
၁. ကိုယ်ကျင့်တရားဆိုတာ ဘာလဲ။ ကိုယ်ကျင့်တရားကို စောင့်ထိန်းဖို့ ဘာလို့လိုအပ်တာလဲ။ ဘာကြောင့် ကိုယ်ကျင့်တရားကို လောကပါလ တရားလို့ သတ်မှတ်ရတာလဲ
၂. ကိုယ်ကျင့်တရား အကောင်းနဲ့ ကိုယ်ကျင့်တရားအဆိုး ဆိုတာ ဘာတွေလဲ
၃. ကိုယ်ကျင့်တရားကောင်းဖို့ ဘာတွေ လိုအပ်လဲ။ ကိုယ်ကျင့်တရား ဆိုးဖို့ရော ဘာတွေလိုအပ်လဲ
၎. ကိုယ်ကျင့်တရားကောင်းဖို့လိုတာ ဘာကြောင့်လဲ
၅. ကိုယ်ကျင့်တရားကောင်းလို့ လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ
၆. ကိုယ်ကျင့်တရားဆိုးရင်ရော လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ ဆိုတာလေးတွေ ကိုယ့်ကိုယ်ကို အမေးအဖြေ လုပ်မိပါတယ်။ စာဖတ်သူများလည်း ထပ်ဖြည့်စရာ မေးခွန်းလေးတွေ ရှိသေးရင် လေးစားစွာ လက်ခံနိုင်တဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် တွေနဲ့ ဆွေးနွေး နိုင်အောင် မှတ်ချက်မှာ ရေးခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။


၁. ကိုယ်ကျင့်တရားဆိုတာ ဘာလဲ။ ကိုယ်ကျင့်တရားကို စောင့်ထိန်းဖို့ ဘာလို့လိုအပ်တာလဲ။
ကိုယ်ကျင့်တရားဆိုတာ လူတွေ ကိုယ့်ကိုယ်ကို အဆင့်တစ်ခု သတ်မှတ်ဖို့၊ ကိုယ့်ကိုယ်ကို လက်ခံနိုင်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့အတွက် စောင့်စည်းရတဲ့ ကျင့်သုံးရတဲ့ စည်းတစ်ခု လို့ ကျွန်မကတော့ မြင်ပါတယ်။ ကိုယ့် သဘာဝ အတိုင်း ဖြစ်ချင်ရာ ဖြစ် လွှတ်ထားရတဲ့ တရားမဟုတ်ဘဲ ကိုယ်တိုင်က တမင် ကျင့်ယူရတဲ့ တရား ဖြစ်တာမို့ ကိုယ်ကျင့်တရားလို့ ခေါ်တယ်လို့ ယူဆပါတယ်။ ကိုယ်ကျင့်တရား စောင့်ထိန်းဖို့ လိုတယ်လို့ ကျွန်မ ကတော့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တိရစ္ဆာန်နဲ့ လူ ကွဲပြား ခြားနား သွားစေတာ ကိုယ်ကျင့်တရား ကြောင့်လို့ ကျွန်မက လက်ခံထား လို့ပါ။ လူဟာ တိရစ္ဆာန် တော်တော်များများ ထက် ရုပ်ခန္ဓာ အစွမ်းအစ ပိုင်းမှာ အားနည်း နေပါလျက် စိတ်ဓာတ် အသိဉာဏ် တွေးခေါ် မြော်မြင်မှု ပိုင်းမှာ ထူးခြား သာလွန် နေခဲ့ကြလို့ ကိုယ်နေထိုင်နေတဲ့ လောကကို ပိုမိုတိုးတက် သာယာ ဖွံ့ဖြိုးအောင် လုပ်ဆောင် ခဲ့ကြလို့ သတ္တလောကကို ဦးဆောင် စီမံခန့်ခွဲ နိုင်လာခဲ့ ကြတာပါ။ တိရစ္ဆာန်တွေဟာ သဘာဝကပေးတဲ့ အသိဉာဏ်ရဲ့ ထိန်းကွပ်မှုနဲ့ သူတို့ မျိုးနွယ်ကို စောင့်ရှောက်ကြတာ၊ ခေါင်းဆောင်မှု ပေးတာ၊ ခေါင်းဆောင်က လက်အောက် ငယ်သားကို အနစ်နာခံ ကာကွယ် တတ်တဲ့ စိတ်ရှိတာတွေကို Discovery channel က ထုတ်လွှင့် ပြသ လေ့ရှိတဲ့ ဇာတ်လမ်း အစစ်လေး တွေကို ကြည့်ရင်း တွေ့နိုင် ပါ တယ်။ တိရစ္ဆာန်တချို့ရဲ့ အကျင့် လေးတွေက လေးစားစရာ ကောင်းပေမယ့် သူတို့ အကျင့် လေးတွေက သဘာဝ တရားက ပေးတဲ့ သူတို့ရဲ့ အလေ့ကျ အကျင့် ဖြစ်ပြီး တမင်မွေးယူ ကျင့်ယူ ရတဲ့ အကျင့်ကို တိရစ္ဆာန် တွေ မတတ်နိုင် မကျင့်နိုင် ကြပါဘူး။ ဒါကြောင့် လူဖြစ်တဲ့ အတွက် ကိုယ်ကျင့် တရား ရှိသင့် ကျင့် သင့် တယ်လို့ ကျွန်မက ယူဆပါတယ်။

လောက ပါလ တရား လို့ ခေါ်တဲ့ လောကကို စောင့်ရှောက် တဲ့ တရား ၂ပါးသာ ရှိပါတယ်။ အဲဒီ တရားလေး ၂ပါးကတော့ မကောင်းမှု ပြုလုပ်ရမှာကို ရှက်ခြင်းနဲ့ ကြောက် ခြင်း ပါပဲတဲ့။
မကောင်းမှု ပြုရမှာ ရှက်ကြောက် နေတယ် ဆိုကတည်းက မကောင်းတဲ့ ကိုယ်ကျင့်တရား မဟုတ်ဘဲ ကောင်းတဲ့ ကိုယ်ကျင့်တရား ဖြစ်အောင် နေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီ ကိုယ်ကျင့်တရား အမျိုးအစား ကိုပဲ လောက စောင့်တရား လို့ကို သတ်မှတ် ထားရပါတယ်။ ဘာကြောင့် ဖြစ်နိုင်သလဲ။ ရှင်းပါတယ်။ လောကထဲမှာ နေတဲ့သူတွေရဲ့ ကိုယ်ကျင့် တရားတွေ ကိုယ်တိုင် က ဒီလောကထဲက လူတွေရဲ့ စိတ်တွေကို အကောင်းအဆိုး တွေကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်တွေ ချခိုင်း နေလို့ ဖြစ်ပါတယ်။ အဲလို ဆုံးဖြတ်ချက် အကောင်းအဆိုး တွေကနေပြီး လုပ်ရပ် အကောင်းအဆိုး တွေ ပေါ်ပေါက်လာမယ်။ အဲဒီလုပ်ရပ် အကောင်း အဆိုး တွေက နေမှ သာယာတဲ့ လောက သို့မဟုတ် အကျည်းတန်တဲ့ လောကတွေကို ပုံဖော်စေမှာ ဖြစ်နေလို့ပါ။ ဒီလောက်ဆိုရင်ကိုပဲ ကိုယ်ကျင့် တရားဟာ လောကကို သွယ်ဝိုက် ပတ်သက်နေတာ မဟုတ်ဘဲ တိုက်ရိုက်ကို ပတ်သက်နေတာ တွေ့နိုင် ပါတယ်။

၂. ကိုယ်ကျင့်တရား အကောင်းနဲ့ ကိုယ်ကျင့်တရားအဆိုး ဆိုတာ ဘာတွေလဲ
ကိုယ်ကျင့်တရားကောင်းကို တခြားလူတွေကတော့ အမျိုးမျိုး သတ်မှတ်ကြပါတယ်။ ငါးပါးသီလ လုံတာ၊ သမ္မာကျမ်းစာကို လိုက်နာတာ၊ Gentleman အမူအကျင့် ရှိတာ၊ စသဖြင့် ခေတ်အခြေအနေ အလိုက်၊ နိုင်ငံနဲ့ လူမျိုးအလိုက် ကျင့်သုံးကြတဲ့ ယဉ်ကျေးမှု နဲ့ ဓလေ့ထုံးစံအလိုက်၊ စတဲ့စတဲ့ မူတွေ၊ စံတွေပေါ်ကို မူတည်လို့ ကိုယ်ကျင့်တရား အကောင်းအဆိုးကို ခွဲခြား သတ်မှတ် ကြပါတယ်။ အဲဒီစံနှုံန်းတွေ တဖြည်း ဖြည်း ယုတ်လျော့ လာတာလား စံနှုံး သတ်မှတ်ချက် ရွေ့လျော လာတာလား ဆိုတာ စာဖတ်သူများ ဘယ်လို သတ်မှတ် ချင်ကြမလဲ တော့ မသိပါ။


ကိုယ့်စိတ်အလိုလိုက်ချင်တိုင်း အဲလို စိတ်အလို လိုက်ချင်သူ တွေ များလာတိုင်း အဲဒီလူတွေ စုပြီး ကိုယ်ကျင့်တရား အတွက် စံသတ်မှတ်မှုကို စိတ်ကြိုက် နေရာရွေ့ပစ် လိုက်ကြတာ မျိုးကို ကျွန်မကတော့ ရောယောင်ပြီး လက်မခံနိုင်ပါ။ ဥပမာ ကြာကူလီ ပိုင်းလုံးက လူတွေ ငါ့အလိမ်ခံရတာ သူတို့ ကိုယ်တိုင်က ကိုယ်ခံအား နည်းလို့မို့ တမင် လိုက်ပြီး ပညာပေး သင်ကြား ပေးနေ တာပါလို့ အသံကောင်းဟစ် ပြန်လည် ပြစ်တင်ဝေဖန်ပြီး ကိုယ်တိုင်ကတော့ အတွေ့အကြုံနည်းတဲ့ ရိုးအတဲ့ ရိုးသားတဲ့ သူတပါးကို လိုက်လံ မြှူဆွယ် ဖြားယောင်း ဖျက်ဆီးပြီး ကိုယ်ကျိုး အတွက် အသုံးချ နေတာ မျိုးကို ရွံရှာ အော့နှလုံး နာပါတယ်။ အဲလို ကိုယ်ကျင့်တရားကို လောက်ထိုး ခြကိုက် ကိုယ်ကျင့်တရား လို့ပဲ ကျွန်မကတော့ သတ်မှတ် ပါတယ်။
ကိုယ့်ကို သူတပါး သည်လိုလာပြုမူရင် ကိုယ်က ဒီလို အပြုခံရတာ ကြိုက်နိုင်လောက်တဲ့ အလုပ် အကျင့် တရား နဲ့ တခြား သူတပါးကို ကိုယ်ထိလက်ရောက် အားဖြင့်ရော စိတ်ခံစားမှု အားဖြင့်ပါ ဘယ်နည်းနဲ့မှ တမင်သက်သက် မထိခိုက် စေနိုင်တဲ့ အကျင့်တရားကို ကောင်းသော ကိုယ်ကျင့်တရားလို့ ကျွန်မက သတ်မှတ်ပါမယ်။ အဲဒါနဲ့ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးပါ ဆန့်ကျင်ဖက် ဖြစ်နေတဲ့ ကိုယ်ကျင့်တရားကို ဆိုးသော ကိုယ်ကျင့်တရားလို့ ကျွန်မက သတ်မှတ်ပါတယ်။


၃. ကိုယ်ကျင့်တရားကောင်းဖို့ ဘာတွေ လိုအပ်လဲ။ ကိုယ်ကျင့်တရား ဆိုးဖို့ရော ဘာတွေလိုအပ်လဲ
ကိုယ်ကျင့်တရားကောင်းဖို့ ဘာသာရေး၊ ပညာရေး၊ လောကနီတိ၊ ပတ်ဝန်းကျင်ရဲ့ စရိုက် လွှမ်းမိုးမှု၊ ၀ါသနာ ဗီဇ၊ ဘ၀အထုံ စသဖြင့် များစွာ လိုအပ်မယ်လို့ ဖတ်ဖူးတာတွေကို စုစည်းပြီး ကောက်ချက်ချ နိုင် ပါတယ်။
ဒါပေမယ့် ကျွန်မကတော့ အမှားတရားနဲ့ စိတ်ဆန္ဒ အတ္တတွေရဲ့ သွေးဆောင် ဖြားယောင်းမှုကို ရှောင်ရှား ဖယ်ရှားနိုင် လောက်အောင် စိတ်ဓာတ် ကြံ့ခိုင်မှု၊ အမှန်တရားကို လက်ခံနိုင်စွမ်း ရှိလောက် အောင် ရဲဝံ့မှုနဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုတို့သာ အဓိက ကျတယ်လို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ကိုယ်ကျင့်တရား ဆိုးဖို့ အတွက် ကတော့ အထွေအထူး ဘာမှ မလိုအပ်ပါဘူး။ စိတ်ဆိုးစိတ်မိုက် အကျင့်ဆိုး အကျင့်မိုက် တွေကို အသိတရားနဲ့ မထိန်းချုပ်ဘဲ လွှတ်ပေး လိုက်ရုံပဲ လိုပါတယ်။


၎. ကိုယ်ကျင့်တရားကောင်းဖို့လိုတာ ဘာကြောင့်လဲ
ရှင်းရှင်းလေးပါ။ လူပီသဖို့ပဲ ဖြစ်ပါတယ်။ လူဆိုတာ ပုထုဇဉ်မို့ အမှားမကင်းဘူး ဆိုတာကို ကျွန်မ လက်ခံ ပါတယ်။ ဒါပေမယ့် ဒါဟာ ခြွင်းချက် တစ်ခုပဲ ဖြစ်သင့်ပါတယ်။ ခြွင်းချက်ကို ဆင်ခြေလို ရေလဲနဲ့ သုံးပြီး ငါက ပုထုဇဉ်မို့ မှားခွင့် ရှိတယ် ဆိုပြီး လုပ်ချင်တဲ့ ဟာတွေကို မှားမှန်း သိသိနဲ့ စိတ်အလိုကို လိုက်ပြီး ဆက်မိုက်မှား နေတာမျိုး ကိုတော့ လုံးဝ ခွင့်မပြု သင့်ဘူးလို့ ယူဆပါတယ်။


၅. ကိုယ်ကျင့်တရားကောင်းလို့ လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ
ကိုယ်ကျင့်တရားကောင်းတဲ့အတွက် ပထမဆုံး ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ ကိုယ့်ကိုယ်ကို လေးစား ယုံကြည်ခြင်း ပါပဲ။ ကိုယ့်ကိုယ်ကို စိတ်ချ လိပ်ပြာ လုံခြင်းလောက် စိတ်ချမ်းသာ စရာ ကောင်းတာ ကျွန်မ အတွက် တခြားအရာ မရှိလို့ပါ။ လိပ်ပြာလုံခြင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်း လေးစားခြင်းတို့ ဆက်တိုက် ဖြစ်ပေါ် ပြီး အဲဒီယုံကြည်မှုက ဘ၀မှာ အောင်မြင်သူတစ်ဦး ဖြစ်ဖို့ အဓိက သော့ချက် ဖြစ်လာ ပါတော့တယ်။ ကိုယ့်ကိုယ်ကို မယုံမရဲ ဖြစ်နေသူမှာ ကိုယ်ရည် ကိုယ်သွေး ကိုယ်တိုင် က ညံ့နေပါပြီ။ ဒီတော့ ကိုယ့်ကိုယ်ကို လေးစား ယုံကြည် နေသူ တစ်ဦးကို ဘယ်နေရာ မှာမှ မယှဉ်နိုင် တော့ပါဘူး။ သည်တော့ ကိုယ့်ကိုယ်ကို လေးစား ယုံကြည် နေသူ ရဲ့ လုပ်ဆောင်ချက် ကိုယ် ရည် ကိုယ်သွေး တွေဟာ ထက်မြက်နေပြီး သူ့ဝန်းကျင်မှာ ရှိတဲ့ လူမှု အသိုင်းအ၀ိုင်းက လူတွေက သူ့ကို ယုံကြည် အားကိုး လာပါ တော့တယ်။ ယုံကြည်အားကိုးထိုက်မှန်း သိလာတဲ့အခါ ရိုသေလေးစား လာပါ တော့တယ်။ လူတွေရဲ့ ရိုသေ လေးစားမှု ကို လိုချင်ရင် မက်လုံးပေးမှု၊ ခြိမ်းခြောက်မှု တို့နဲ့ လဲလှယ် လို့ မရနိုင်ပါဘူး။ မက်လုံးပေးရင် မက်မောမှုပဲ ရမယ်။ ခြိမ်းခြောက်ရင် ကြောက်ရွံ့မှုပဲ ရနိုင်ပါမယ်။ ဒါတောင် ရာခိုင် နှုံးပြည့် မသေချာပါဘူး။ မက်လုံးပေးတိုင်း မမက်တဲ့ လူတွေ ရှိနေသလို ခြိမ်းခြောက်တိုင်း မကြောက် သူတွေ ရှိနေပါတယ်။ သည်လို လူရိုသေလေးစားခံရလာတဲ့အချိန်မှာ မနာလိုသူတွေ ချောက်တွန်း ခံရနိုင် တာကတော့ ကိုယ်ကျင့်တရား ကောင်းခြင်းရဲ့ ဘေးထွက် ဆိုးကျိုးလို့ မှားယွင်း သတ်မှတ် ခံရ နိုင်ပါတယ်။ တကယ်တော့ ဒါဟာ နာမည်ကျော်ကြားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးပါ။ အချိန်တိုအတွင်းမှာပဲ ကိုယ်ကျင့် တရား ကောင်းသူဟာ ချောက်တွန်း ခံရတဲ့ ဖြစ်ရပ်ကနေ ပြန်လည် ကျော်လွှား နိုင်မှာ အမှန်ဖြစ်ပါတယ်။ အမှန်တရားဟာ ဘယ်တော့မှ မတိမ်ကောပါဘူး။ သည်နေရာမှာ အရေးကြီးတာ တစ်ခု ဖြတ်ပြောမှ ရပါမယ်။ ဘာလဲ ဆိုတော့ မကောင်းတဲ့ ကိုယ်ကျင့်တရား ဆိုးတွေရှိနေလျက် ကိုယ့်ကိုယ်ကို ဆိုးလို့ ဆိုးမှန်း မသိတဲ့ လူတော်လူဆိုးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည် မှုကြောင့် ဖြစ်ပေါ် လာတဲ့ လူရည် လူသွေးပါပဲ။ ဒီလိုလူမျိုးတွေမှာလည်း အားကိုးလောက်စရာ လူရည် လူသွေး တွေ ရှိနေနိုင်ပါတယ်။ ဒါမျိုးလည်း လောကမှာ ရှိနေပါ သေးတယ်။ ကိုယ့်ကိုယ်ကို ဆိုးလို့ ဆိုးမှန်း မသိသူ ၂မျိုးကို တွေ့ဖူးပါတယ်။ တမျိုး ကတော့ မွေးကတည်းက ကျင်လည် လာရာ ပတ်ဝန်းကျင် ကြောင့် ဒါမျိုးပဲ တွေ့ဖူး ကြုံဖူး ခဲ့လို့ ကောင်းရ ကောင်းမှန်းကို မသိလို့ ကိုယ့်ကိုယ်ကို ဆိုးမှန်း မသိသူပါ။ နောက် တမျိုး ကတော့ ဆိုးမှန်း သိပေမယ့် စိတ်အလို ဆန္ဒဆိုး တွေကို မလွန်ဆန် နိုင်လို့ ဆိုးရင်းနဲ့ ကောင်းခြင်း ရဲ့ ဂုဏ်ပုဒ်ကို လိုချင် လွန်းလို့ ကောင်းချင် ယောင်ဆောင် ရင်း သူတပါးကို လူကောင်းအဖြစ် ဟန်ဆောင် လိမ်လည် ရင်းနဲ့ ကိုယ့်ကိုယ်ကို အားပေးရင်းနဲ့ အရှိန်လွန်ပြီး ကိုယ့်ကိုယ်ကို ပြန် လိမ်ညာ မိရာက ကိုယ့် ကိုယ် ကို မျက်ခြေပြတ် လောက်အောင် ကိုယ့်အလိမ်မှာ ကိုယ်ပြန်မိ သွားသူ တွေပါ။ ဒုတိယ တစ်မျိုးက ဘုန်းကြီး တစ္ဆေမို့ ချွတ်ရ ပိုခက် ပါတယ်။ ပိုပြီးလည်း ကြောက်စရာကောင်းပြီး အန္တရာယ် ကြီးပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုက အခြေခံ မကောင်းသူတွေမို့ တကယ့် ကိုယ်ကျင့်တရား ကောင်းသူ အစစ် နဲ့ ရင်ဆိုင် တိုးမိတဲ့ အခါမှာ မျက်နှာဖုံးတွေ ပျောက်ကုန်ပြီး ဇာတိမှန် ပေါ်ကုန်လေ့ ရှိပါတယ်။ အဲဒါက တော့ သူတို့ရဲ့ စိတ်ရင်းထဲက ပုန်းကွယ်နေတဲ့ မနာလို စိတ်ပါပဲ။ ဒီစိတ်ကို ဆွပေးခံရလေ၊ ဇာတိမှန် သရုပ် မှန် ပေါ်လေမို့ မကြာခင် ကျဆုံး ရလေ့ ရှိပါတယ်။ အဲဒီအခါ ပတ်ဝန်းကျင်က လူမှု အသိုင်းအ၀ိုင်း လည်း ပညာရ၊ ကိုယ်ကျင့်တရား အမှန်အကန် ကောင်းသူ ဟာလည်း အောင်မြင်မှု တစ်ခုကို ထပ်ရလေ့ ရှိပါ တယ်။ အဲဒီ အကြောင်းအရာတွေကတော့ စာတင်မခံရရင်တောင် သမိုင်းဝင်နေမှာပါ။ သမိုင်းဝင်တာမှ သံသရာနဲ့ ချီပြီးကို သမိုင်းဝင်လေ့ ရှိတာကို ငါးရာငါးဆယ် ဇာတ်နိပါတ် တော်များမှာ တွေ့နိုင်ပါတယ်။ တရားနဲ့ ယှဉ်ပြော ရရင်တော့ လောကီမှာ အချိန်တို အတွင်းမှာ မြင်သာတဲ့ ကောင်းကျိုး တွေကို အထက် မှာ ဖြော်ပခဲ့ပြီး ဖြစ်ပါတယ်။ မမြင်သာတဲ့ အကျိုးတွေကတော့ ကုသိုလ်စိတ် တွေကနေ ဖော်ဆောင် ပေးတဲ့ ကုသိုလ် အကျိုးပေး တွေပါပဲ။ လူချစ်လူခင်၊ ကူညီလိုသူ ပေါများခြင်းနဲ့ ကုသိုလ်စိတ် အလိုက် လက်ရှိ ပစ္စုပ္ပန် မှာရော အနာဂတ် သံသရာမှာပါ ကိုယ်ကျင့်တရား ကောင်းခြင်း ကြောင့် ဖြစ်ပေါ်တဲ့ ကုသိုလ်စိတ် စေတနာ အဟုန်ကြောင့် ကိုယ်ကျင့်တရား ကောင်းနေတဲ့ လက်ရှိ အချိန်ကနေ ကိုယ်ကျင့်တရား ကောင်း အောင် နေစဉ်က ဖြစ်တဲ့ စိတ်ဇော အဟုန်ကနေ အကျိုး ပေးနိုင်တဲ့ အချိန်အထိ ကုသိုလ်တွေပဲ ပြန်အကျိုး ပေးလေ့ ရှိပါတယ်။ ဒါကတော့ လောကုတ္တရာမှာ ခံစားရမယ့် ကောင်းကျိုး တွေပါ။


၆. ကိုယ်ကျင့်တရားဆိုးရင်ရော လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ။
ဒီနေရာမှာ ကိုယ်ကျင့်တရား ဆိုးတာကို ၂မျိုးပြန်ခွဲမှ အဆင် ပိုပြေမယ် ထင်ပါတယ်။ ပေါ်တင် ဗြောင်ဆိုး တာနဲ့ သူတော်ကောင်း ယောင်ဆောင်ပြီး ဆိုးတာ တွေပါ။ ပေါ်တင် ဗြောင်ဆိုး တာကတော့ တုန့်ပြန်မှုက သိသာပါတယ်။ အထူးပြောစရာ မလိုလောက် အောင်ပါပဲ။ သူတော်ကောင်း ယောင်ဆောင်ပြီး ဆိုးတာက ပညာပါတော့ တုန့်ပြန်မှုက သူ့ပညာသားအပေါ် အားထုတ်မှုကို မူတည်ပြီး တုန့်ပြန်ပုံ အနှေးအမြန်၊ အဖြောင့်၊ အကွေ့ အကျိုးပေးပုံ ကွာပါတယ်။ သူတော်ကောင်း ယောင်ဆောင်ရင်း သူတပါးကို သူတော်ကောင်း တရားတွေ ပို့ချရင်း သဘောထား ကြီး နည်း သင်ကြားပေးပြီး တဖက်သားရဲ့ သဘောထား ကြီးမှု၊ ခွင့်လွှတ်မှု တွေကို အခွင့်ကောင်း ယူပြီး ကိုယ်ကျိုး အတွက် အသုံးချ တတ်တာမျိုး တွေလဲ လောကမှာ အများသားပါ။ အထူးသဖြင့် မြင်သာတဲ့ ဥပမာ ပေးချင် တာက မြာပွေတဲ့ ပိုင်းလုံး တွေပေါ့။ တကယ်ချစ်ရင် ခွင့်လွှတ်ချစ်နဲ့ ချစ်သင့်တာပေါ့ လို့ တွင်တွင်ပြော၊ သဘော ထားတွေ ကြီးချင်ယောင် ဆောင်ပြီး သွေးသားဆန္ဒကို ဦးစားပေး အခွင့်ကောင်း ယူနေတဲ့ သူတွေ အများ ဆုံး လုပ်လေ့ လုပ်ထ ရှိပါတယ်။ အကြောင်း မသိသူများ ကတော့ အဟုတ် မှတ်ပြီး ခံစားလို့ပေါ့။ သူတို့ ကတော့ တစ်ခြုံ မကွယ်ခင်က နောက်တမယ်ကို ကြိုပြီး ဖုန်းနဲ့ ချိတ်နေတဲ့ လူစားမျိုးတွေပါ။ မယားကြီးနဲ့ မယား ငယ် ကို သူငယ်ချင်းလို့ ပြောပြီး ပြောင်လိမ်ပြီး မိတ်ဆက် ပေးနေတာတွေ၊ လင်ကြီးနဲ့ လင်ငယ် တွေကို မောင်နှမ ၀မ်းကွဲပါလို့ လိမ်ပြီး မိတ်ဆက် ပေးရဲတာ တွေအထိ ကိုယ်ကျင့်တရား ပိုးထိုး လောက် ကိုက် နေသူတွေ ကတော့ ဒီနည်းကို သုံးလေ့ ရှိကြပါတယ်။ ဟုတ်ကဲ့။ အဝေးကြီးမှာလို့ မထင် လိုက်ပါနဲ့။ မြန်မာပြည် မှာပါ။ နောက်ဥပမာအစစ် တစ်မျိုးကတော့ အလုပ်သမား ပွဲစား ကုမ္ပဏီတချို့ပါပဲ။ အလုပ်သမား ဘက်ကနေ အကျိုးဆောင်ခ မယူပါဘူး။ အလုပ်ရှင် ဘက်ကပဲ အကျိုး ဆောင်ခ ယူပါတယ် မြန်မာ အလုပ်သမားတွေ ပိုရစေ ချင်လို့ပါ ဆိုတော့ မသိခင်က သာဓုခေါ်မိပါတယ်။ ကိုယ်တိုင် နိုင်ငံခြားရောက်မှ လှည့်ကွက်ကို လက်တွေ့ မြင်ပါတယ်။ တကယ့် အလုပ် သမား ပေါက်ဈေးက တစ်လ တစ်ထောင် တန်နေ တာကို အလုပ်သမား ဈေးကွက် အကြောင်းကို မသိရ တဲ့ ပြည်တွင်းက မျက်စိပိတ် နားပိတ် အလုပ်သမားများကို တစ်လ ၆၀၀နဲ့ ဖြတ်ပြီး စာချုပ်ချုပ်၊ အလုပ်ရှင် ကုမ္ပဏီနဲ့ ညှိပြီး အလုပ်ရှင် ဆီက ရိုးရိုးပွဲခ အပြင် အလုပ် သမား ဆီကပါ တလ လေးရာ ဖြတ်ယူခိုင်း ပါသေးတယ်။ ပြီးတော့ အကြောင်း သိပြီး အလုပ် ပြောင်းတာ မဖြစ် ရအောင် နိုင်ငံခြားသား အလုပ်ရှင်ကို အလုပ်သမားရဲ့ ပတ်စ်ပို့ကို သိမ်းခိုင်း ထားပြီး အပြင်ထွက်ခွင့် မပြုတာပါ။ ကိုယ့်လူမျိုး အချင်းချင်းကတောင် ဒါမျိုး လုပ်ရက် သေးတော့ ရှေ့ကနေ နမူနာ လုပ်ပြထား တော့ နိုင်ငံခြားသား အလုပ်ရှင် ကလည်း အိုဗာတိုင်ကို အလကား ခိုင်းတော့ တာပေါ့။ ဒီလို ကိုယ်ကျင့် တရား ဆိုးတွေကို ဖော်ထုတ်ပြီး နောင်မဖြစ်အောင် တားဆီး ရမှာပါ။ ဒါမျိုးကို သဘောထား ကြီးပြီး ခွင့် လွှတ် ထားလို့ ကတော့ ခေါင်းပေါ်တက် - ယိုဆိုတဲ့ စကားပုံ ရိုင်းရိုင်းက လက်တွေ့ ဖြစ်သွားပါ လိမ့် မယ်။ ဖြစ်သင့် တာထက် သဘောထား ကြီးပြနေ တာမျိုးတွေ၊ သဘာဝ ကျသင့်တာ ထက် ပိုကောင်းပြ နေသူမျိုး တွေဟာ ဒီလို လူစား တွေပါပဲ။ ပျားသကာ ဆမ်းထားတဲ့ စကားလုံး ချိုချိုတွေ ရဲ့ နောက်ကွယ်မှာ အဆိပ် ပြင်းပြင်းတွေ ရှိတတ် တာမို့ သတိထား နိုင်မှ တော်ရုံ ကျပါမယ်။ ဒီလို ကိုယ်ကျင့် တရား ဆိုးဝါး ယုတ်မာ လွန်း သူတွေ အတွက် ရလာဒ် ကတော့ သူတို့ ဘ၀မှာ အစစ်အမှန် ဆိုတာကို ဘယ်တော့မှ ကြုံတွေ့ခွင့် မရနိုင်တော့ တာပါပဲ။ အဲဒါ ကြောင့်လဲ ဘ၀မှာ စိတ် ကျေနပ်မှု အစစ် ဆိုတာကို မရနိုင် တော့ဘဲ ကိုယ့် ၀င်္ကဘာ ထဲမှာ ကိုယ်ပြန် လမ်းပျောက် နေတတ် ပါတယ်။ လက်ရှိ လူ့ဘ၀ ပတ်ဝန်းကျင်က လူမှု အသိုင်း အ၀ိုင်း ထဲမှာတောင် လူကောင်း ရှောင်တဲ့၊ လူလိမ် ပတ်လည် ၀ိုင်းနေတဲ့ သူတို့ရဲ့ ဘ၀ နိဂုံးကို မှန်းဆ ကြည့်နိုင် ပါတယ်။ သမိုင်းကြောင်း ကတော့ မျိုးရိုးကိုက ဆိုတဲ့ စကားလုံး အောက်မှာ သားစဉ် မြေးဆက် လူ့အဆင့်အတန်း ပျောက်ရင်း မျက်နှာ မရှိဘဲ နေရတတ် တာပါပဲ။ အဲဒီလို လူမျိုးတွေ ပြန်ဝဋ်လည် တဲ့ အခါ သားသမီး အစစ်၊ မြေးအစစ် မရနိုင် တော့တာပါပဲ။ လောကုတ္တရာ အကျိုး ပေး ကတော့ အထူး ပြောစရာ မလိုတဲ့ ငရဲပါပဲ။ ဘယ်ဘာသာ တရားကမှ သည်လိုလူမျိုးကို ကောင်းကင် ဘုံကို မပို့ပါဘူး။ ဒီလိုလူစားကတော့ လူမှုရေး မှာပဲ ဒီနည်း ပရိယာယ်ကို သုံးသုံး၊ စီးပွားရေးမှာပဲ ဒီနည်း ပရိယာယ်ကို သုံးသုံး၊ သုံးပုံ နည်းပရိယာယ် ဆင်တူ သလို အကျိုးပေး ပုံချင်းလဲ ဆင်တူပါပဲ။


နိဂုံးချုပ် ရရင်တော့ ကျေးဇူး တော်ရှင် ရွှေဥမင် ဆရာတော် ဘုရားကြီးရဲ့ ကိုယ့်ကိုယ်ကို ချစ် လူအစစ် ဆိုတဲ့ ဆုံးမ စကားလေးနဲ့ နိဂုံးချုပ် ချင်ပါတယ်။ လူဖြစ် လာလို့ လူကျင့်တဲ့ ကိုယ်ကျင့်တရားကို ကျင့်သုံး ရပါတယ်။ လူအစစ် ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို ချစ်ရပါတယ်။ ကိုယ့်ကိုယ်ကို တကယ် ချစ်ရာ ရောက်ချင် ရင် အကုသိုလ် တရားတွေ ပွားများစေတဲ့ လက်ရှိ အချိန် ပစ္စုပ္ပန် ရော၊ အနာဂတ် အချိန် သံသရာ မှာပါ အကျိုး နည်းစေတဲ့ ကိုယ်ကျင့်တရား အဆိုးတွေကို လတ်တလော စိတ် အလိုဆန္ဒ ပြေပျောက်ဖို့ အတွက် အလွယ် မကျင့်သုံး ဖို့ပဲ လိုပါတယ်။ လူစစ်ရာ ရောက်အောင် ကိုယ်ကျင့်တရား ကောင်းကို ကျင့်သုံးဖို့ လိုပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ သတိပေး စကားလေးက သိပ်ထိရောက် ပါတယ်။ “ပျားရည် မစစ်ရင် ခွေးစား ခံရမယ်၊ လူမစစ်ရင်လဲ ငရဲခွေး စားခံရမယ်” တဲ့။ ကိုယ်ကျင့်တရား ကောင်းရင် လူစစ်ပြီး ငရဲခွေး အစား ခံရတဲ့ ဘ၀က လွတ်ပါမယ်။ ကိုယ်ကျင့်တရား ကောင်းအောင် ကျင့်ကြံ နေထိုင်ရင် သံသရာက မထွက်မြောက် နိုင်သေး ရင်တောင် သံသရာမှာ အထက်တန်း ကျကျ ကျင်လည် ရနိုင်ပြီး ကိုယ်ကျင့်တရား ဆိုးရင်တော့ ငရဲခွေး စားခံရတဲ့ ငရဲသားပဲ ဖြစ်မှာ သေချာပါတယ်ရှင်။


ကဲ.. ကျွန်မတို့မှာ ရွေးချယ်စရာ နှစ်လမ်းပဲ ရှိပါတယ်။ ကိုယ်ကျင့်တရား ကောင်းအောင် နေကြမလား။ ကိုယ်ကျင့်တရား ဆိုးအောင် နေကြမလား။ ကံအကျိုးပေး ကိုတော့ မျက်လှည့်ပြလို့ မရနိုင်ပါဘူးရှင်။

Read More...

Friday, July 27, 2007

အထက်တန်းကျတဲ့ ဘလော့ဂါ

ဘလော့ဂါတွေရဲ့ မှတ်တမ်းမှာ

အတ္တမဲ့တဲ့ စေတနာတွေလဲပါတယ်
အတ္တတွေနဲ့ စီးချင်းထိုးတဲ့
အသိတရားတွေရဲ့ ဗျူဟာလဲပါတယ်
ရည်ရွယ်ချက်တွေ ကြီးမားစွာမပါတဲ့
ပေါ့ပေါ့ပါးပါး စိတ်ဖြေစရာတွေလဲပါတယ်

အတ္တတွေနဲ့ ပြည့်သိပ်နေတဲ့
မြည်းချင်စရာတွေလဲ ပါချင်ပါလိမ့်ဦးမယ်
အတ္တတွေကို ၀ှက်ကွယ်ထားတဲ့
သူယောင်သီးတွေလဲ ပါချင်ပါလိမ့်ဦးမယ်
ယူတတ်သူရတဲ့ ဟောဒီလောကမှာ
အသိဉာဏ် တိုးစရာတွေလဲရှိရဲ့
သံဝေဂ ယူစရာများလည်း ငြိခဲ့
(ပျော်ပျော်ပါးပါး ပါပဲ)
ဘလော့ဂါတွေရဲ့ လောကမှာတော့
မယူတတ်ကြသူတွေက ကမ်းတဲ့လက်ကို ပုတ်ချကြလဲ
အမိုက်အမဲပဲမို့ သနားလိုက်ကြတာပေါ့ကွယ်
ယူတတ်သူတွေရဲ့ အားပေးစကား
အားဆေးလိုစားလို့
အားမွေးလိုက်ကြတာပေါ့ကွယ်
ကိုယ်လိပ်ပြာကိုယ်လုံလို့ကတော့
(ငါတို့ဟာ .. ) စစ်ကိုင်းပဲရောက်ရောက်
ငါ့မြင်းငါ စိုင်း လိုက်စမ်းမယ် (ဟိုင်း!!!)

ကိုဖြိုးရဲ့ ဘလော့မှာ ဘလော့ဂါများစုစည်း ၀င်ရောက် ရေးသားခဲ့ကြတဲ့ အထက်တန်းကျတဲ့
ဘလော့ဂါ ဆိုတဲ့ ကဗျာအတွက် ၀ င်ရောက်ရေးသားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။

Read More...

ကိုးကွယ်မှုနဲ့ အသုံးချမှု အပေါ် ကျွန်မနဲ့ ကိုဖြိုးရဲ့ စကားဝိုင်း သုံးသပ်ချက်

ဒီနေ့ စည်းအပြင်က ကိုဖြိုးနဲ့ ချတ်ရင်း ရလာတဲ့ အတွေးစလေးတွေအကြောင်းပါ။ မြန်မာ ဘလော့ဂါ အဖွဲ့အစည်းရဲ့ လိုဂိုနဲ့ ပတ်သက်ပြီး ရှုထောင့်တွေအကြောင်းဆွေးနွေးရင်း နဲ့ လိုဂိုအကြမ်းဆွဲထားတာကို ကျွန်မက နိမိတ်ကောက်ပြပါတယ်။ သူက နိမိတ်ကို အယုံအကြည် မရှိဘူးလဲ မဟုတ်ပေမယ့် အားမကိုး လောက်လို့ မယုံချင်ဘူး လို့ ပြောပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ လွတ်လပ်စွာ ကွဲလွဲခွင့်တွေကို လေးစားစွာ တန်ဖိုးထားရင်း ဆွေးနွေးဖြစ်ကြပါတယ်။

ကျွန်မကတော့ အယူတော် မင်္ဂလာ နိမိတ်ကျမ်းတို့ ဗေဒင်တို့ကို အားကိုးဖို့ ယုံကြတာ မဟုတ်ကြောင်း၊ အသုံးချဖို့ ဆန်းစစ်တာ သာ ဖြစ်ကြောင်း၊ ဗေဒင်ပညာနဲ့ နိမိတ်ကောက် အတတ်ပညာ တွေဟာ အားကိုး စရာ အဖြစ် ကိုးကွယ်ဖို့ မဟုတ်တဲ့ အကြောင်း အသုံးချစရာ ဖော်မြူလာ တစ်မျိုးသာ ဖြစ်ကြောင်း ပြန်လှန် ပြောဆို ဆွေးနွေးရင်းနဲ့ သည် နိမိတ်ကောက် ပညာတွေဟာ အသုံးချ တတ်ရင် ဆားပုလင်း နှင်းမောင် ၀တ္ထု ထဲက ဇာတ်လိုက်လို ဆက်စပ် စဉ်းစား တတ်ဖို့ အတွက်တော့ အထောက်အကူ ဖြစ်ပါတယ် လို့ ဆွေးနွေး ပါတယ်။

နောက်တော့ကိုဖြိုးက တရားနဲ့ယှဉ်ပြပြီး ဆက် ဆွေးနွေး ပါတယ် .. ဗုဒ္ဓ ဟောထား တာက ပစ္စုပ္ပန်ပဲ တည့် တည့် ကြည့်ခိုင်းတာဗျ အနာဂတ်ကို ကျော်မကြည့်ခိုင်းဘူးပေါ့လေ အတိတ်ကိုလည်း ပြန်မဆွေးခိုင်း ပါဘူး တဲ့ ။ ဟုတ်ပါတယ် တရားအားထုတ်တဲ့ နေရာမှာတော့ ပစ္စုပ္ပန်ပဲ တည့်တည့် ရှုခိုင်းတာ မှန်ပေမယ့် ကျန်တဲ့ နေရာမှာတော့ ရှေ့ရေးကို မြော်မြင်မှုကို ဘုရားက အားပေးပါတယ်။ ဘုရားကတော့ အနာဂတ်ကို ကြိုမြင် လို့ ဒေ၀ဒတ်ကို တံတွေးစားလို့ ကဲ့ရဲ့ပြီး နှင်ထုတ်တာ .. ဘုရားက အမြော်အမြင် ကြီးတာကို ခွင့်ပြုပါတယ် လို့ ကျွန်မက ပြန် ဆွေးနွေးပါတယ်။ သည်တော့ ကိုဖြိုးက ဗေဒင်ယတြာ ထိပ်ခေါင် ကောဏ္ဍည ပုဏ္ဏားကြီး တောင်မှ ဘုရားကို ကိုးကွယ် ခဲ့သားပဲ… ဘုရားက ဒေ၀ဒတ်ကို မကဲ့ရဲ့ပါဘူး… မင်းနဲ့ငါ အယူမတူတော့ဘူး မင်းဟာမင်း သတ်သတ်နေ လို့ပဲ ပြောတာပါ လို့ ကိုဖြိုးက ပြောပြန်ပါတယ်.. ဘလော့ဂါချင်း ပညာစမ်းပြီး တမင်ပဲ မေးတာ လားတော့ မသိပါ။ ကျွန်မကတော့ ဘုရားက ဒေ၀ဒတ်ကို တံတွေးစားသူလို့ ကဲ့ရဲ့တာ ဖြစ်ကြောင်း၊ ကောဏ္ဍည ပုဏ္ဏားက ဘုရားကို ကိုးကွယ်ရခြင်း အကြောင်းရင်းမှာ သူက ဗေဒင်ကို ခုခေတ် ကွန်ပြူတာ ပညာလို ထမင်းစား လက်မှတ် အဖြစ်ပဲ အသုံးချတာ ဖြစ်ပြီး ကိုးကွယ်စရာ မဟုတ်မှန်း သိတဲ့ အတွက် ဖြစ်ကြောင်း၊ အယူတော်မင်္ဂလာ ပဲဖြစ်ဖြစ် ဗေဒင်ပဲ ဖြစ်ဖြစ် ကျွမ်းကျင်မှုကို မကိုးကွယ်ဘဲ ပညာ တစ်ရပ်လိုပဲ အသုံးချဖို့သာ လိုကြောင်း ပြောဆို ဆွေးနွေးရင်း ကျွန်မတို့ နှစ်ယောက် သည်နေရာမှာ သဘော တူသလို ဖြစ်သွားခဲ့ ကြပါတယ်။

ဒေ၀ဒတ်က သက်သတ်လွတ် စားခြင်း အပါအ၀င် အချက် ငါးချက်ကို သံဃာကို ကျင့်ခိုင်းဖို့ တောင်းဆို တဲ့အခါ နဲ့ ဘုရား ပရိနိဗ္ဗာန်ပြုတဲ့အခါ သံဃာကို ဒေ၀ဒတ်က ကိုယ်စား ဘုရားအဖြစ် ဆက်လက် အုပ်ချုပ် ခွင့်ကို တောင်းတဲ့အခါ ဘုရားက ဒေ၀ဒတ်ကို တံတွေးစားသူလို့ ကဲ့ရဲ့ပြီး နှင်ထုတ်တာ ဒေ၀ဒတ်ရဲ့ သံဃာ ကို သင်းခွဲလိုတဲ့ အကြံကို သိလို့ရော၊ သည်အချက်တွေကို ခွင့်ပြုရင် သံဃာတွေ နောင်နှစ်ပေါင်း များစွာ ကြာအောင် သာသနာ ပြုနိုင်မှာ မဟုတ်တာ ကြောင့်ရော သာသနာမှာ ညစ်နွမ်း ကြောင်းတွေ ဖြစ်လာ နိုင်တာ တွေကြောင့်ပါ စဉ်းစားမိလို့ ခွင့်မပြုဘဲ ဒီလို ပြင်းပြင်းထန်ထန် ပြောဆိုရတာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်ကို မြော်မြင် နိုင်မှုဟာ သာသနာ အတွက်ပါ အရေးကြီး လှပါတယ်။ ဒါပေမယ့် အနာဂတ်ကို သိမြင် မြော်မြင် နိုင်မှု အတွက် ဗေဒင်နဲ့ နိမိတ်ကောက် ပညာ ကိုချည့် အားကိုး နေစရာ တော့လဲ မလိုအပ် လှပါဘူး။ သည်ပညာတွေက ခက်ခဲနက်နဲ ရှုပ်ထွေးတဲ့ အတွက်ရော အာရုံ စူးစိုက်မှု အားကောင်း ခြင်းပါ လိုအပ်တဲ့ အတွက် တော်ရုံလူက မှန်ကန်အောင် မကောက် တတ်တာလဲ ရှိနိုင် ပါတယ်။ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန် ဆန်းစစ် နိုင်သူ ဟာလည်း အနာဂတ်ကို ကြိုတင် မှန်းဆ နိုင်တာ ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အတိတ်က လုပ်ရပ် အကြောင်း တွေကြောင့် ပစ္စုပ္ပန် အကျိုးဆက်တွေ ရသလို ပစ္စုပ္ပန်မှာ လုပ်တဲ့ အကြောင်းတရား ကြောင့်လဲ အနာဂတ်မှာ အကျိုးပေးမှာ ဖြစ်လို့ပါပဲ။

ကောဏ္ဍည ပုဏ္ဏားရဲ့ ဗေဒင် ပညာကို အသုံးချ ပုံကိုတော့ ကျွန်မ သဘောကျ လှပါတယ်။ လက်တစ် ချောင်း သာ ထောင်ပြီး ဘုရားစစ်စစ် ဧကန် ဖြစ်မယ်လို့ ဟောတာကို သဘော မကျတဲ့ သုဒ္ဓေါဒန မင်းကြီး ရဲ့ နှင်ထုတ်မှု ခံရတဲ့အခါ သူဒီလို ဖြစ်မယ် ဆိုတာ သူ့ကိုယ်သူ ဗေဒင် တွက်ရင် သိပါတယ်။ ဒါပေမယ့် ဗေဒင်သစ္စာ ကို စောင့်စည်းပြီး အမှန် အတိုင်း ဖြေပါတယ်။ သူဟာ ဒီဘ၀ မှာတင် ဂေါတမ ဘုရားရဲ့ သာသနာမှာ ပထမဆုံး တရားရသူ ဖြစ်မယ် ဆိုတာလဲ သူ့ကိုယ်သူ သိနိုင် ပါတယ်။ ဒီတော့ မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသား တောထွက်တော့ သူတို့ငါးဦး အတူတူ နောက်ကနေ လိုက်သွား ကြပါတယ်။ မြတ်စွာဘုရား ဒုက္ကရ စရိယာ ကျင့်စဉ် မှာတောင် ရေပူ ရေအေး ကပ်ပြီး စောင့်နေကြ ပါသေးတယ်။ မြတ်စွာဘုရားက အကျင့်မှားကို ဆင်ခြင်မိပြီး အစားပြန် စားတော့ သူတို့ သံသယ၀င်ပြီး ဘုရားလောင်းကို စွန့်ခွာ ခဲ့ကြပါတယ်။ ဒါပေမယ့် ဘုရားပွင့်မှာ သေချာ တာကို သိနေတဲ့ သူတို့ဟာ ဘုရား ပထမဦးဆုံး တရားဦး ဟောမယ့် မိဂဒါဝုန် တောမှာ ရသေ့ဝတ်ရင်း သွားစောင့် နေပါတော့တယ်။ စောင့်နေတဲ့ သူတို့ဆီကို ဘုရားက ကြွလာပြီး တရားဟော တော်မူ ခဲ့သလို သူတို့ ငါးဦးလုံးလဲ ရဟန္တာများ ဖြစ်ခဲ့ကြ ပါတယ်။ သူ့ရဲ့ ဗေဒင် ပညာကို အသုံးချနည်း လေးပါပဲ။ သည်တော့ ကျွန်မတို့လဲ သူ့ကို နမူနာ ယူပြီး ဗေဒင်ကို အသုံးချခံ ပညာ တစ်ရပ်လို သဘောထားပြီး အသုံးဝင်အောင် အသုံးပဲ ချကြပါစို့။ အသုံး ချစရာ ပညာဟာ ကိုးကွယ် စရာ မဟုတ်ပါကြောင်း သည်မှာ တခါတည်း ပြောခဲ့ချင်ပါတယ်။

ဒီနေရာမှာ တလက်စတည်း ကျွန်မရဲ့ သုဉ်းသုံးပါးနဲ့ ယတြာ သုံးမျိုး ဆောင်းပါးမှာ ကိုဖြိုးရဲ့ မှတ်ချက်လေး ကို အဖြေပြန်ချင်ပါတယ်။ ကိုဖြိုးက ဗုဒ္ဓနဲ့ ဓမ္မ ယတြာ ဆိုတဲ့ အသုံးအနှုံးကို မကြိုက်ပါဘူး။ ဘုရားရဲ့ တရား တော် တွေကို လိုက်နာ ကျင့်သုံးတာပဲ ဖြစ်စေချင်ပြီး ယတြာ တစ်ရပ်လို အသုံးချ တာကို မနှစ်မြို့နိုင်တာ ဖြစ်ပါတယ်။ ကျွန်မလဲ တကယ်တော့ ဘုရားရဲ့ တရားတော် တွေကို ရိုရိုသေသေ ကျင့်သုံးတာကိုပဲ လိုလား ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ မြန်မာတစ်နိုင်ငံလုံး ဂမ္ဘီရနဲ့ ဗေဒင်၊ အထက်လမ်းကျင့်စဉ်တွေ တရားလွန် လွှမ်းမိုး နေတာကို စိတ်မကောင်း စဖွယ် တွေ့နေရတာ မငြင်းနိုင်ပါဘူး။ သည်လို အခြေအနေ မှာ ဘုရား တရားလို့ တိုက်ရိုက်ပြောရင် လှည့်ထွက် သွားမယ့်သူ များနေပါတယ်။ လူတွေဟာ ယတြာ တစ်ရပ် ကို ထွက်ပေါက် တစ်ခုလို သဲကြီးမဲကြီး နောက်က လိုက်နေချိန်မှာ တရားကို ထိုးပေးရင် မယူနိုင်ပဲ လှည့်ထွက်သွားခဲ့ရင် လုံးဝ မရရုံသာ ရှိပါမယ်။ ဒါကြောင့် တရားတော်တွေကို ယတြာတစ်ရပ် လောက် တောင် အားမကိုးနိုင် ဖြစ်နေတဲ့ သည်လူတွေကို ရွယ်စူးပြီး ယတြာ ခေါင်းစဉ်တပ် ဆောင်းပါးမှာ တရား တော် တွေရဲ့ အစွမ်းကို ထည့်ရေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အနာထပိဏ် သူဌေးသား မောင်ကာဠလို ပိုက်ဆံအတွက် တရားနာရင်း သောတာပန် ဖြစ်ခဲ့သလို ဖြစ်စေဖို့ ရည်ရွယ်ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ထည့်ရေးခဲ့ပါသေးတယ်။ လင်းနို့သား ငါးရာတောင် တရားသံကို ကြည်ညိုစိတ် ဖြစ်ရုံနဲ့ လူ့ဘ၀ရောက် တော့မှ ပဌာန်း တရားကို နာကြားရာမှာ အထုံပါ ခဲ့ဖူးလို့ တရားအဆုံးမှာ ရဟန္တာ ငါးရာ ဖြစ်ခဲ့ရတဲ့ အထိ စွမ်းတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို ဘယ်လိုနည်း နဲ့ပဲ ဖြစ်ဖြစ် အထုံပါ စေချင်တဲ့ စေတနာနဲ့ အဲဒီ ဆောင်းပါးကို ရေးခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မ တွေကို တလွဲအသုံးချစေချင်တဲ့ စိတ်စေတနာ လုံးဝ မရှိခဲ့ ပါဘူး။ ဗုဒ္ဓရဲ့ ဓမ္မ တွေရဲ့ တန်ဖိုးကို ယတြာ တစ်ရပ် အဖြစ် အဆင့် နှိမ့်ချ ပစ်တာလဲ မဟုတ်ပါဘူး။

မြတ်စွာဘုရားဟာ သူ့ရဲ့ အဖေတူ အမေကွဲ (အမေသာ ကွဲသော်လည်း သူ့အဒေါ်ရင်း ဖြစ်သူ) ညီတော် နန္ဒရဲ့ မင်္ဂလာဆောင်မှာ သတို့သားကို သပိတ်ထမ်းပြီး ကျောင်းကို လိုက်ပို့ခိုင်းပြီး တခါတည်း ရဟန်းပြု ပေးခဲ့စဉ်က ညီတော်နန္ဒဟာ မပျော်နိုင်ဘဲ လူထွက်ချင် နေချိန်မှာ နတ်သမီးနဲ့ မျှားခဲ့ရပါတယ်။ သူ့ သတို့ သမီးထက် အဆရာထောင်ချီ လှပသူ နတ်သမီးများကို ပြပြီး ရဟန်းတရားအားထုတ်ရင် နတ်သမီး ရနိုင် တယ်လို့ ပရိယာယ် ဆင်ခဲ့ရပါတယ်။ တရားမရရင်တောင် သီလကြောင့် နောက်ဘ၀မှာ အနည်းဆုံး နတ်ပြည် ရောက်နိုင်လို့ပါ။ ဒါပေမယ့် အားထုတ်ရင်း ညီတော်နန္ဒ ရဟန္တာ ဖြစ်ခဲ့ပါတယ်။ ဒီသဘော တရား လေး အတိုင်းပါပဲ။ သတို့သမီး သိပ်လွမ်းနေတဲ့ ညီတော်ကို အသုဘ ကမ္မဌာန်း သွားပေးလို့ အရာမထင် နိုင်သလို ယတြာကို သိပ်တောင့်တ နေတဲ့ လူများစုကြီးကို တရားအတင်းနာခိုင်း ကျင့်သုံးခိုင်းလို့ မရနိုင် ပါဘူး။ ဒါပေမယ့် ဘုရားက သူ့တရားတော်ကို မကိုးကွယ်ခိုင်းဘဲ ကျင့်သုံးခိုင်းတာပါ။ ဘုရားကို တစိမ့်စိမ့် ထိုင်ကြည့် ကိုးကွယ်နေတဲ့ ၀က္ကလိရဟန်းကို နှင်ထုတ်ပြီး တရားတော်ကို မကျင့်သုံးရင် အချည်းနှီးသာ လို့ မိန့်တော်မူခဲ့ပါတယ်။ ကိုယ်တိုင် တရားတော်ကို ကျင့်သုံးတဲ့ နည်းမှတပါး သံသရာမှ ထွက်မြောက်စရာ အခြား အားကိုးရာမရှိ ဆိုတာကမှ ဓမ္မံ သရဏံ ဂစ္ဆာမိ ရဲ့ အဓိပ္ပာယ် အစစ်ပါ။ ဒါကြောင့် ကျွန်မရဲ့ ဆောင်း ပါး ဖြစ်တဲ့ သုဉ်းသုံးပါးနဲ့ ယတြာ သုံးမျိုးကို ဆိုလိုရင်း မပျောက်စေဖို့ တခါတည်း ဒီမှာပဲ ဆက်ရှင်း ပေးခဲ့ ပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုက တရားတော် အစစ်အမှန်တွေဟာ ဘာအတွက်ပဲ ကျင့်သုံးတာ ဖြစ်ပါစေ၊ စေတနာ မှန်ရင် ကောင်းကျိုး ပေးတာ အမှန် ပါပဲရှင်။

Read More...

Wednesday, July 25, 2007

အတ္တကြီးလွန်းသူများ

ငါဟာ သစ်တစ်ချောင်းပါ
ငြမ်းအဖြစ် မင်းစိတ်ကြိုက်အသုံးချ
ပြီးတော့တခါ

ဘုရားပြီး ငြမ်းဖျက်ဆိုပြီး

ငြမ်းဖျက်ပြီးခါမှ
ထင်းဆိုက်လို့ အသုံးချသေး
ဒါနဲ့မက
ငါ့ပြာကို အိုးတိုက်ဖို့ မင်းကြိုးစား
ငါအသုံးဝင်လှပါလားလို့


ဖြေသိမ့်ဖို့ ကြိုးစားတုန်း
အသုံးမကျလိုက်တဲ့ ပြာ
အိုးတိုက်လို့ မပြောင်သတဲ့လား
မင်းရဲ့ အိုးက အခိုးရိုက်လို့

မည်းတဲ့အိုးမှ မဟုတ်တာလေ
အိုးသားကိုယ်တိုင်က အမည်းမို့

မင်းအတ္တနဲ့ မင်းရဲ့ အိုး
တူလှချည်လားကွယ် ရို့

Read More...

Monday, July 23, 2007

ပေါက်ပေါက်ရှာရှာ ပြုံးစရာ

ရယ်မောခြင်းသည် ဘ၀အမော ပြေစေ၏လို့ ကာတွန်းဆရာ တစ်ယောက် ပြောသလို (နာမည်မမှတ်မိ တော့လို့ သိရင် ပြောပြပေးပါ) တနေ့တနေ့ ဟန်ဆောင် မျက်နှာဖုံးတွေနဲ့ ရင်ဆိုင်ရင်း မောနေမယ့် လည်လည် လာသူ တွေကို ပြုံးစေ ရယ်စေရင်း တခုခု ရသွားစေ ချင်လို့ပါ။ မရယ်ရ ခဲ့ရင်တောင် တခုခု ရသွား မယ်လို့ မျှော်လင့် ပါတယ်။


မေး။ ကမ္ဘာ့ ပထမဆုံး တင့်ကားကို တီထွင်တာ ဘယ်နိုင်ငံလဲ၊ ဘယ်သူလဲ၊ ဘယ်အချိန်က ထွင်ခဲ့တာလဲ၊ ဘယ်လို အလုပ်လုပ်သလဲ။
ဖြေ။ မြန်မာပြည်မှာ တပင်ရွှေထီး က တောင်ငူခေတ်ဦး အေဒီ ၁၇ရာစု ၀န်းကျင်မှာ ထွင်ခဲ့တာပါ။ ဆင်ပေါ် အမြောက်တင်ပြီး ပစ်တယ်ခင်ဗျ.. သည်တင့်ကားက တောင်ပေါ်လဲ တက်နိုင်၊ တောလဲ တိုးနိုင်ပြီး မောင်းဖို့ ဓာတ်ဆီလည်း ထည့်စရာ မလိုဘူး။ ဆင်က သွားရင်း လာရင်း သူ့အစာသူ ရှာစားတယ်
မေး။ ကမ္ဘာ့ ပထမဆုံး ၀ိုင်ယာလက်စ် တကနိုလိုဂျီ ကို ဘယ်နိုင်ငံက စသုံးခဲ့လဲ။ ဘယ်တုန်းက စလဲ။ ဘယ်လို အလုပ်လုပ်လဲ
ဖြေ။ မြန်မာနိုင်ငံပါပဲ။ ပျူခေတ် ကတည်းကပါ။ ရန်သူလာရင် စည်တီးပြီး အချက် ပေးရင်း ဆည်ချိုး ချတဲ့ နေရာမှာ သုံးခဲ့ ပါတယ်။
မေး။ တယ်စွမ်းတဲ့ မြန်မာတွေပဲ။ ကဲ သည်မြန်မာတွေ ခုဘာလုပ်လို့ ဘာဖြစ်နေလဲ
ဖြေ။ ဆရာရော ခုဘာလုပ်နေလဲ
မေး။ မေးတာ မဖြေဘဲ မင်းဘာစကား ပြောတာလဲ။ မင်း စော်ကား ချင်တာလား။ မင်း မိုက်ရိုင်းလှချည်လား
မှတ်ချက်။ သူများဘာလုပ်နေလဲ ဆိုတာကိုပဲ လိုက်ကြည့်ရုံ ကြည့်နေပြီး လျှောက်ပြော ရုံ ပြောနေ တတ်သူဟာ လေ့လာမှုမပါခဲ့ရင် ကိုယ်တိုင် မှာလဲ ကိုယ်လုပ်စရာတွေကို ဖိဖိစီးစီး လုပ်ဖို့ အချိန်တွေ ဖြုန်းတီး ပစ်ရာ ရောက်နေပြီး ကိုယ့် ဗဟုသုတက ခေတ်နဲ့ ညီနေ ပေမယ့် ကိုယ့် စွမ်းဆောင်ချက်က ခေတ်နောက် ကျန်နေခဲ့ တတ်ပါတယ်။ သည်လိုပဲ မေးတာကို မေးသူ အကြိုက်လိုက် ဖြေရုံသာ ဖြေတဲ့ အဖြေကိုသာ မျှော်လင့်နေတတ်တဲ့ ဆရာ ဆိုသူများနဲ့ ပတ်သက် မိနေသမျှ စဉ်းစားတွေးခေါ်မှု အရည် အသွေးက တလွဲ ထက်မြက်ပြီး လူ့လောကအတွက် အသုံးမကျတဲ့ အားထုတ်မှုတွေပဲ ထွက်ပေါ်စေမှာ ဖြစ်ပါတယ်။ ကျွန်မရဲ့ အတွေးပါ။

Read More...

Saturday, July 21, 2007

သုဉ်းသုံးပါးနဲ့ ယတြာ သုံးမျိုး

သည်ဘလော့လာ ဆွေသဟာများ ဟိုက်ခနဲ မဖြစ်စေချင်ပါ။ ဘ၀မှာ အဲလိုပဲ မထင်တာတွေ ကြုံရသလို ကိုယ်တိုင် မှာလဲ ဖြစ်ပျက်တတ်ပါတယ်။ ဥပမာ ကျွန်မ ဗေဒင်သင် ဖြစ်ရတဲ့ အကြောင်းလိုပေါ့။ ဗေဒင်ဆရာ က ဖြူမယ်ဟောရင် ရေကို မချိုးဘူး ဆိုတာလို အရွဲ့တိုက် တတ်တဲ့ သည်လောက်ကို ဗေဒင်မယုံတဲ့ ကျွန်မ။ အဘ ဘုန်းတော်ကြီးရဲ့ ကောင်းမှုနဲ့ မတတ်မနေ ဇွတ်သင်ပေးလို့ အမျိုးများက ၀ိုင်းဝန်းတိုက်တွန်းလို့ သင်ဖြစ် သွားပါတယ်။ ဘဘုန်းနားမှာ ဗေဒင်သင် ပေးနိုးနဲ့ ချဉ်းကပ်နေတဲ့ လူတွေ၊ ကိုရင်ကြီးတွေ၊ ဘုန်းကြီး တွေ အများကြီးမှ အများကြီးပါ။ ဘုန်းဘုန်းက ဒီလောက် သင်ပေးချင် နေရင် သူတို့ကို သင်ပေး လိုက် ရောပေါ့ ဆိုတော့ ဇာတာ မကြိုက်လို့တဲ့။ သူများကို လုံးဝကို အားနာ ပါးနာ သနားစွာနဲ့တောင် သင်မပေးပါဘူး။ ကျွန်မကိုတော့ သူ့ဆီသွားပြီး ဝေယျာဝစ္စ သန့်ရှင်းရေး သွားလုပ် ပေးရတိုင်း သင်ခိုင်း ပါတယ်။ နောက်တော့ သင်ဖြစ် သွားတာ မိဘများရဲ့ ညည်းဘကြီးက အသက် ကြီးနေပြီ သူစိတ် ချမ်းသာ ပါစေ ဆိုတဲ့ စကားကြောင့်ပါ။ ခုတော့ ဘဘုရားကို ကျေးဇူးတွေ အထပ်ထပ် တင်ပြီး ကန်တော့ပန်း ဆင်နေရ ပါတယ်။
ကဗျာကို ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာပါသလို လျှောက်စပ်တတ်တဲ့ ကျွန်မက ဆီးဘန်းနီဆရာတော်ရဲ့ သုဉ်း သုံးဝကဗျာကို ကြိုက်ကြောင်း လျှောက်မိတော့ ဘဘုန်းက အဲဒါ ကဗျာမဟုတ် ဗေဒင်တွက်နည်းလို့ ပြောပါ တယ်။ ပြီးတော့ အောက်ပါအတိုင်း တွက်နည်းကို သင်ပေးပါတယ်။

၁. ရောက်နေတဲ့ ကောဇာသကရာဇ်ကို တည်၊ (--)နဲ့စား၊ ရတဲ့အကြွင်းကို မှတ်ထားပါတဲ့။
၂.ထီးဆိုတဲ့အတိုင်း တိုင်းပြည်ရဲ့ ထီးသဖွယ် ဖြစ်နေတဲ့ သူရဲ့ အနွတ္တအမည်၊ လူခေါ် အများဆုံး အမည်ကို ရှေ့ဆုံး စာလုံးနဲ့ နောက်ဆုံးစာလုံးတို့ရဲ့ ဂဏာန်းသင်္ချာကို ပေါင်းယူပါတဲ့။ ဥပမာ သီပေါမင်းဆိုရင် မင်းကိုဖျောက်ပြီး သီ=၆၊ ပေါ=၅ မို့ ရလာဒ်က ၁၁ဖြစ်ပါတယ်

၃. နန်း ဆိုတဲ့အတိုင်း နန်းတည်ရာအရပ်အမည် သို့မဟုတ် နန်းအမည် ကို (လူခေါ် အများဆုံး အမည်ကို ) ဥပမာ မြနန်းစံကျော် ဆိုတဲ့ မန္တလေး နန်းတော်ရဲ့ အမည်ဆိုရင် မြ=၅ နဲ့ ကျော်=၂ မို့ ရလာဒ်က ၇ဖြစ် ပါတယ်
၎. မြို့ ဆိုတဲ့အတိုင်း သည်ကဗျာ ရေးစပ်ခဲ့တဲ့ အချိန်မှာ မြို့တော် မန္တလေး ဖြစ်ပေမယ့် အဲဒီခေတ်က လူတွေ က ရတနာပုံ လို့သာ ခေါ်တာမို့ ရှေ့ဆုံးစာလုံးနဲ့ နောက်ဆုံးစာလုံးတို့ရဲ့ ဂဏာန်းသင်္ချာကို ပေါင်းယူတဲ့အခါ ရ= ၈နဲ့ ပုံ=၅ မို့ ပေါင်းလဒ် ၁၂ ရပါတယ်။
သီပေါမင်း ပါတော်မူချိန်ကို နမူနာထား တွက်ကြည့်ပါမယ်။ နံပါတ် ၁က အကြွင်းကို နံပါတ် ၂က ရလာဒ်နဲ့ ပေါင်း ပြီး (--) နဲ့မြှောက်လို့ (--) နဲ့စားရင် အကြွင်း သုည ရပါတယ်။ ထီးသုဉ်းတယ်လို့ ခေါ်ပါတယ်။ အဲဒီလိုပဲ ကျန်တဲ့ နန်းအတွက် ရတဲ့ ဂဏာန်းကို အထက်ပါ ပုံသေနည်းအတိုင်း ထည့်တွက်ရင် သုည ထပ်ကြွင်းပါ တယ်။ ဒါကြောင့် နန်းသုဉ်းပါတယ်။ မြို့လည်း အဲလိုပဲ သုဉ်းပါတယ်။ ဒါကြောင့် ပညာရှင်များ ဟာ မြန်မာတို့ အင်္ဂလိပ်လက်အောက် ကျရောက်မှာ သေချာနေလို့ တိမ်းရှောင်ဖို့ အချိန်ရခဲ့ ကြပါတယ်။
ဒါ့အပြင် မြန်မာ နိုင်ငံကို ကိုယ်စားပြုတဲ့ ဟင်္သာပုံ နက္ခတ်ဟာ အဲဒီအချိန်မှာ အင်္ဂလိပ်ကို ကိုယ်စားပြုတဲ့ သဘောင်္ပုံကြယ်စု နက္ခတ်ရဲ့ အောက်မှာ ရောက်နေတဲ့အတွက် အနင်းခံထားရတယ်လို့ ပညာရပ်မှာ ပြဆိုထားတဲ့အတွက် အင်္ဂလိပ် အသိမ်းခံ ရမှာက သေချာနေပါတယ်။ ပုဂံမင်းလက်ထက် ကတည်းကစပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်နေတဲ့ အခါမို့ အခြေအနေ ပေါ်လိုက်ပြီး အကုသိုလ် စိတ်တွေ များနေခဲ့တာမို့ မြန်မာ တမျိုးသား လုံးရဲ့ ကံကလည်း ညံ့နေတဲ့ အချိန်မို့ တတိုင်းပြည် လုံး ကံတက်အောင် မင်းတုန်းမင်း တရားကြီးက ပဉ္စမ သင်္ဂါ ယနာ တင်ခြင်းဖြင့် တတိုင်းပြည် လုံးအတွက် ဓမ္မ ယတြာ ချေရင်း ကုသိုလ်ပြုခဲ့ ပါတယ်။ မင်းတုန်းမင်း ကြီးရဲ့ မိဘုရား ခေါင်ကြီး စကြာဒေ၀ီဟာ ဗေဒင် ခေါ် ဝေဒကျမ်း လေးပုံ (ပိဋကတ် သုံးပုံနဲ့ မှားလေ့ ရှိပါတယ်) ကို တဖက်ကမ်း ခတ်အောင် တတ်မြောက်သူ အာဇာနည် အမျိုးသမီးကြီး ဖြစ်ပါတယ်။ ခမည်းတော် သာယာ ၀တီမင်းနဲ့ အစ်ကိုတော် ပုဂံမင်းတို့ရဲ့ သတ်မိန့်ကို ပယ်နိုင်ခွင့် ဇီဝိတ ဒါန ဆု ရသူ တဖြစ်လဲ မိဘုရားကြီး ဖြစ်ပါတယ်။ သူ့ရဲ့ တပည့် ကတော့ ယောအတွင်းဝန် ဦးဖိုးလှိုင်ပါ။ ဒါကြောင့် မင်းတုန်းမင်းကြီး လက်ထက်မှာ အင်္ဂလိပ်တွေ ကျူးကျော်ဖို့ လမ်းစရှာရာမှာ ရှာတိုင်း လဲ မင်း၊ မိဘုရားကြီးနဲ့ ဦးဖိုးလှိုင်တို့ရဲ့ အကြံအစည် တွေကြောင့် သီသီလေး လွတ်ခဲ့ပါတယ်။ ငမောက် ပတ္တမြား ပြသနာရှင်းခန်းက နာမည်ကျော်ခဲ့ပါတယ်။ ဗုဒ္ဓနဲ့ ဓမ္မယတြာတို့ကြောင့် မြင်ကွန်း မြင်းခုံတိုင်အရေးတော်ပုံ မှာ မင်းတုန်းမင်းနဲ့ စကြာဒေ၀ီ မိဘုရား ခေါင်ကြီးတို့ လုပ်ကြံမခံရဘဲ လွတ်မြောက်ခဲ့ကြပြီး အထက်လမ်း အစီအရင်များကို လိုက်စားသူ ညီတော် ကနောင်မင်းကတော့ ခေါင်းပြတ်ရုံသာမက ငါ့ဦးလေး ဒုတ်ပြီးဓားပြီး ဆိုလို့ အဟုတ်မှတ်တယ် ငှက်ပျောတုံး ခုတ်ရ သလောက် မခက် လို့ အပြောခံလိုက်ရပါသေးတယ်။ ကနောင် မင်းသားဟာ အထက်လမ်း အစီအရင်များကို ဆောင်ထားတာမို့ တော်ရုံ တုတ်၊ ဓား၊ လှံများနဲ့ ထိုးခုတ် ရိုက်နှိက်လို့ မရတာ မှန်ပေမယ့် သူ့အစီအရင် ထက် ပြင်းထန်တဲ့ ကိုးသင်္ချိုင်း သံဓားနက် ကိုတော့ မခံနိုင်တော့ဘဲ အသက်ဆုံးခဲ့ရပါတယ်။
သည်နေရာမှာ ပညာရပ်ပိုင်းအရ ဗုဒ္ဓနဲ့ ဓမ္မယတြာ၊ အထက်လမ်း ဆိုင်ရာ ယတြာနဲ့ အောက်လမ်း ဆိုင်ရာ ယတြာရယ်လို့ ယတြာ ချေနည်း အုပ်စု ၃စု ရှိပါတယ်။ ဗုဒ္ဓနဲ့ ဓမ္မ ယတြာကတော့ အစွမ်းဆုံးနဲ့ ဘယ်သူမှ အန္တရာယ် ပေးလို့ မရတဲ့၊ မနိုင်နိုင်တဲ့ အထွဋ် အမြတ်ဆုံး ယတြာပါပဲ။ ဗုဒ္ဓနဲ့ ဓမ္မကို ရင်ထဲမှာ ကိန်းထားရင် အထက်လမ်း၊ အောက်လမ်း အစီအရင်များ မည်မျှပင် ထက်မြက် နေပါစေ မြတ်စွာဘုရားရဲ့ တန်ခိုးတော် အနန္တ အောက်မှာ ပြားပြားဝပ်သွားတာပါ။ ဗြဟ္မာမင်း တချို့ကိုတောင် ပူးဝင် နှိပ်စက် နိုင်တဲ့ မာရ်နတ်မင်းနဲ့ သူ့စစ်သည် တို့ကိုတောင် အောင်နိုင်ထားတဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်နဲ့ အဆုံးအမတို့ကို နှလုံးသား ထဲ ကိန်းဝပ်ထားတဲ့ လူတိုင်းဟာ ၀ဋ်နာကံနာ ကြောင့်က လွဲလို့ မည်သူ့ရဲ့ နှိပ်စက်မှု ကိုမှ မခံရနိုင်ပါဘူး။ မည်သူကမှ စိတ်ညှို့လို့ မရသလို ဘယ်နတ် ကမှလည်း ပူးဝင်လို့ မရနိုင်ပါဘူး။ ဘယ်အစီအရင် ကမှလဲ ဒုက္ခ မပေးနိုင်ပါဘူး။ တခြား ဘာနည်းကမှ သည် ဗုဒ္ဓနဲ့ ဓမ္မယတြာကို ကျော်အောင် မစွမ်းဆောင်နိုင်ပါဘူး။
ဗုဒ္ဓနဲ့ ဓမ္မယတြာ ဆိုတာ မိမိရဲ့စိတ်အတွင်းမှာ ဓမ္မ စေတီ တည်ခြင်း ၊ ဘုရား ဂုဏ်တော်ကို ပွားများ နေခြင်း၊ ဘုရား၏ အဆုံးအမ သြ၀ါဒကို လိုက်နာခြင်း (ပြုလုပ်သူ မိမိကိုယ်တိုင် အတွက်ပဲ လုံခြုံပါတယ်)၊ ဘုရား စေတီ ပုထိုးများတွင် ကုသိုလ်ဖြစ် လုပ်အားပေး ခြင်း၊ တရားတော် အစစ်များ ပြန့်ပွားအောင် ဖြန့်ဖြူးခြင်း (မိမိနဲ့တကွ ပါဝင် ပတ်သက် သူများ အားလုံး အတွက်ပါ လုံခြုံ ကုသိုလ်ရ စေပါတယ်) ၊ သာသနာ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် သင်္ဂါယနာ တင်ခြင်း (စိတ် စေတနာ သန့်သန့်နှင့် လုပ်နည်း လုပ်ဟန် မှန်ကန်စွာ လုပ်တတ်ရန် အရေးကြီးပြီး စေတနာ မသန့်ပါက၊ လုပ်နည်း မှားပါက ကိုယ်တိုင် မကယ်နိုင် ကယ်မရ လောက်အောင် ဒုက္ခရောက် တတ်ပါသည်) ၊ တရားတော် များကို အနက် အဓိပ္ပာယ် သိသိ စိတ်တွင် အနှစ်ပါပါ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း တို့ပါဝင် ပါတယ်။ သည် ယတြာ တွင် စိတ်စေတနာ မသန့်မှု ကြောင့် တန်ပြန် ဒဏ် သက်ရောက် ခဲ့ပါလျှင် စိတ် ဒုံးဒုံးချကာ စိတ်ထား အမှန်ဖြင့် ပြန်လည် ၀န်ချ တောင်းပန် ခြင်းဖြင့် အပြစ် လျော့ပေါ့ ပပျောက် တတ်ပါသည်။ သည် ယတြာမှာ သူတပါးကို မကောင်း ကြံစည်လို့ လုံးဝ အသုံးချလို့ မရနိုင်ဘဲ မိမိကိုယ်ကို ကာကွယ်ဖို့သာ သုံးလို့ရတာ ဖြစ်ပါတယ်။ သည်ယတြာ များကို ပြုလုပ်ခြင်းဖြင့် လောကီတွင် အဆင်ပြေ ခြင်းရော လောကုတ္တရာတွင် အထုံဝါသနာ ပါခြင်းပါ ပြီးပြည့်စုံပြီး ကောင်းကျိုး ပေးကာ ယတြာ အတွက် သက်သက် ပြုခြင်း မဟုတ်ဘဲ ဘာသာတရားကို သက်ဝင် ယုံကြည် ကိုင်းရှိုင်းမှုဖြင့် သူတော်ကောင်း တရားများ ပြည့်စုံလာပြီး ပါရမီ ရင့်သန်လာပါက သံသရာ ပြတ်ပြီး နိဗ္ဗာန် သို့ပါ ဆိုက်ရောက် စေနိုင်ပါသည်။ ဥပမာအနေဖြင့် အနာထပိဏ် သူဌေးကြီးရဲ့ သား မောင်ကာဠ လို ပိုက်ဆံ လိုချင်လို့ တရားနာရင်း သောတာပန် တည်ခွင့် ရသလိုပင် ဖြစ်ပါသည်။
အထက်လမ်းဆိုင်ရာ ယတြာကတော့ အဆောင်နဲ့ အကျင့် ၂မျိုးရှိကာ အဆောင်တွင် အင်း၊ ဓာတ်လုံး၊ ဓာတ်ဆင်၊ ဓာတ်ရိုက်၊ ဇော်ဂနီ ဇော်ဂနက် စမရုပ် များ အသက်သွင်း မန်းမှုတ် ခိုင်းစေခြင်း၊ သျှိုရုပ်များ ထုလုပ် စီရင် ထားခြင်း၊ အကျင့်တွင် အဓိဌာန် ၀င်ခြင်း၊ ဂါထာ မန္တာန်များ ရွတ်ဖတ် ခြင်း ( ဓမ္မယတြာမှ ဂါထာများနှင့် မတူသော သက်ဆိုင်ရာ ပညာပိုင်း ဂါထာများဖြစ်ပြီး ကျင့်စဉ်ပါသော ဂါထာများ နှင့် ကျင့်စဉ်မပါသော ဂါထာများ ၂မျိုး ရှိပါသည်) အစရှိ သည်တို့ ဖြစ်ပါသည်။ အောက်လမ်းနှင့် အထက် လမ်း ပညာခန်း ၂ရပ်မှာ ရန်ဖက်များ ဖြစ်ကြပြီး ယင်းတို့ နှစ်ဖက်တွင် မည်သူ သာသည်ဟု တထစ်ချ လှေနံ ဓားထစ် ပြောလို့ မရနိုင်ဘဲ အစီအရင်များ စီရင်နေဆဲတွင် အနှောင့်အယှက်များ အပြိုင်ဝင် လေ့ရှိရာ ပိုအား ကြီးသူ နိုင်လေ့ရှိပြီး အစီအရင်တချို့ ပျက်စီးသည် များလည်း ရှိတတ်ပြီး ပျက်မှန်း မသိ ပျက်သော အစီ အရင် များကို (အင်း၊ ဓာတ်လုံး စသည်) အကောင်း ထင်မှတ် သုံးဆောင် မိပါက ဒုက္ခရောက် တတ်ကာ ပြန် ဖြေရ ခက်တတ် ပါသည်။ ထို့ပြင် ထိုအင်းများ ဓာတ်လုံးများကို စီရင်ချင်တိုင်း စီရင်လို့ မရနိုင်ဘဲ အဆင့် တစ်ဆင့်တိုင်းကို နက္ခတ် အချိန်စောင့်ရင်း လိုအပ်သော သမထနှင့် ကျင့်စဉ်များ အဓိဌာန်များ ၀င်ရင်း စီရင် ရသည် ဖြစ်ရာ ပလူပျံအောင် ထုတ်လုပ်ပြီး မိတ္တူကူး ထားသော အင်းချပ်များ၊ ပေါပေါ လောလော ရနေ သော ဓာတ်လုံးများ မည်သို့မှ အစစ်အမှန် မဖြစ်နိုင်ပါပေ။ တိုက်ရင်ပြောင် ဆောင်ရင်လေး ရေစိမ်သောက် ရင် သေးပေါက် သလောက်သာ စွမ်းသော ဓာတ်လုံးသာ ဖြစ်ချေမည်။ အထက်လမ်း ယတြာ များသည် အစစ်အမှန် အစင်အကြယ် ရနိုင်လျှင် သူတပါးရဲ့ ရန်စွယ် ရန်ပြုခြင်းကို တားမြစ်ခြင်းနဲ့ မိမိ ကိုယ်ကို ကာကွယ်ခြင်း များအတွက် လည်းကောင်း၊ မျက်နှာပွင့်ခြင်း၊ စီးပွားကောင်း၊ ဈေးခေါ် ကောင်းခြင်း စသည်တို့ အတွက် အသုံးကျ လေသည်။
အောက်လမ်းဆိုင်ရာ ယတြာခေါ် အစီအရင်များကတော့ သူတပါးကို ဒုက္ခ ပေးဖို့ လုပ်တာ များလေသည်။ အောက်တန်းကျသော အကြံအစည် တို့နဲ့ စီရင် ပြုလုပ် လေ့ရှိသော အစီအရင် ဖြစ်သောကြောင့် အောက် လမ်း ဟုခေါ်ခြင်း ဖြစ်လေသည်။ ထို အစီအရင် များတွင် စုန်းတိုက်၊ သရဲတစ္ဆေ မွေးထားပြီး မကောင်း ရာတွင် ခိုင်းစေခြင်း၊ အပင်းလုံး သွင်းခြင်း၊ စိတ်ညှို့ပြီး လိုရာခိုင်းခြင်း၊ ယုတ်ညံ့ သည်ဟု သတ်မှတ်ခံ ရလေ့ ရှိသော မီးနေသည် ရဲ့ လုံချည်ကို အသုံးချခြင်း (တလွဲ အသုံးချမည် စိုးသောကြောင့် မဖော်ပြပါ) စသည် တို့သည် အောက်လမ်း ဆိုင်ရာ ဓာတ်ဆင် ဓာတ်ရိုက် ခြင်း များ ဖြစ်ကြပြီး အများဆုံး လုပ်လေ့ရှိသည်မှာ အစားအစာ ထဲသို့ အဆိပ် မဟုတ်သော အောက်လမ်း ဆေးခတ်ခြင်း၊ ခန္ဓာကိုယ် ထဲသို့ ခုံဖိနပ်၊ ဆံပင် ချည်ထွေး၊ တိရစ္ဆာန် များ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ထည့်သွင်း ထား ခြင်း နှင့် ချစ်သူ၊ မုန်းသူအတွက် အရုပ် စီရင်ပြီး ထိုအရုပ်ကို ထိုသူရဲ့ ဓာတ်သွင်းပြီး ရောဂါဖြစ်စေခြင်း၊ ထိုအရုပ်ကို စိတ် ညှို့ပြီး လိုရာခိုင်း ခြင်း၊ ဒုက္ခရောက်စေခြင်းနှင့် အရုပ်ကို ခေါင်းတပိုင်း ကိုယ်တပိုင်း ဖြစ်အောင် လုပ်ခြင်း စသည်ဖြင့် များစွာ သော မကြံစည် တတ်နိုင် လောက်သော ရှာရှာဖွေဖွေ နည်းလမ်းများ ရှိလေသည်။ ကိုယ်ပြုသည့်ကံ ကိုယ့် ထံပြန် ဆိုသလို သည်လမ်းကို လုပ်သူရော၊ အသုံးချသူပါ မကြာခင် ပြန်ဝဋ်ခံရ လေ့ရှိပါသည်။ ထို့ပြင် အသုံးချခံ ရသူက သီလ၊ သမာဓိ ရှိသူ ဖြစ်နေပါလျှင် ထိုသူကို သက်ရောက်မှု မရှိဘဲ တန်ပြန်ကာ စီရင်သူ နှင့် စီရင် ခိုင်းသူ တို့သာ ပိုမို ဒုက္ခရောက်ကာ တန်ပြန် ဒဏ်ခတ်မှုကို ဆိုးဆိုးရွားရွား ပြန်ခံရလေ့ ရှိပါသည်။
ကျင့်စဉ် ကျင့်ခြင်း၊ ဂါထာ မန္တန် ရွတ်ခြင်း၊ အရုပ် စီရင်ခြင်း၊ အကြားအမြင် နဲ့ဟောခြင်း နှင့် အင်းဆွဲခြင်း တို့ သည် အထက်လမ်း တွင်ရော အောက်လမ်း တွင်ပါ ရှိပြီး မိမိကိစ္စ အောင်မြင်လျှင် ပြီးရော ဘာလမ်းမှန်းမသိ လျှောက်လုပ် တတ်သူများ မခွဲခြား နိုင်ဘဲ ၀ါရင့် ကျွမ်းကျင် ပညာသည် များသာ ခွဲခြားနိုင် ကြပါသည်။ ထို့ကြောင့် ယခုခေတ် မြန်မာနိုင်ငံ အတွင်း သိုက်ဆရာ၊ ဓာတ်စီး၊ နတ်စီး၊ ဗေဒင်၊ ဘိုးတော် အစရှိသည်တို့ ပေးလေ့ရှိသော ယတြာ၊ အဆောင်နှင့် အစီအရင်များသည် ကောင်းဖို့ထက် ဆိုးဖို့ များနေသည်ကို ရာခိုင်နှုံး ဖြစ်နိုင်စွမ်း ကို မှန်းကြည့် နိုင်ပါသည်။
ထို့ကြောင့် အကောင်းဆုံးမှာ ဗုဒ္ဓနှင့် ဓမ္မ ယတြာ စစ်စစ်များကိုသာ စိတ်ဖြောင့်ဖြောင့် ကြည်လင် အေးချမ်း သော စိတ်ဖြင့် ကျင့်သုံး လိုက်နာ ကြရင်း လောကီရော လောကုတ္တရာပါ နှစ်ဖြာသော အကျိုး စီးပွားများကို ရယူ ပိုင်ဆိုင် နိုင်ကြပါစေ။ ငွေမကုန်၊ အချိန် မကုန်ဘဲ အလုပ်အကိုင် မပျက် ဘုန်းကံတက် စေသော ယတြာကို ရိုးရာအမွေ (၁)၊ (၂)၊ ကျွန်မ ရွတ်လေ့ ရှိသော ဂါထာ ၂ပုဒ် နှင့် ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ် ဆိုသော ဆောင်းပါးများတွင် ဖတ်ရှု လိုက်နာ ကျင့်သုံးနိုင် ကြပါသည်။ ကျင့်သုံး နိုင်ကြပါစေ။ အောင်မြင်မှုများ၊ စိတ်ကျေနပ်၊ ချမ်းသာ၊ အေးမြမှုများ ရရှိ ခံစား နိုင်ကြ ပါစေ။

Read More...

Friday, July 20, 2007

နှစ် ၆၀ပြည့် အာဇာနည်နေ့


၁၉ ဂျူလိုင် မေ့သည်းစိုင်

မမေ့နိုင်တဲ့ သည်ရက်စွဲ

ရင်၂ခြမ်းကွဲနဲ့ တိုင်းပြည်

တိုးတိတ်ပါလို့ ဆိတ်ခဲ့ပြီ။

နှလုံးသွေးတွေ ဆူပွက်

လည်ချောင်းတစ်လျှောက် လျှံတက်လို့

မျက်လုံးတွေထဲက စီးထွက်ခဲ့ပြီ။

သည်ဗိမာန်ရှေ့ သည်ချိန်ရောက်ခဲ့ရင်

လူသားတွေက ဦးညွှတ်လို့…

တိမ်တိုက်များတောင် ငိုလို့…

ခံစားချက်တွေ ထပ်တူညီလို့…

ရွှေရင်ဆို့တယ်ကွဲ့

စကားလုံးတွေ ပြောမထွက်နိုင်လို့

မျက်ဝန်းများက တေးဆို

မျက်ရည်တို့ သီဝဲ

အာဇာနည်နေ့ကိုတော့လေ

ရင်ထဲမှာ အစဉ်အမြဲသာ ဆင်နွှဲ…

Read More...

ကျွန်မရွတ်လေ့ရှိတဲ့ ဂါထာလေး ၂ပုဒ်

လူတိုင်းမှာ ရွတ်ဖတ် ပူဇော် နေကျ ဂါထာ မန္တာန်လေးတွေ ရှိတတ်ကြစမြဲပါ။ တချို့ တွေက အလွတ်ရွတ်လို့ ရတတ် ပေမယ့် တချို့ကတော့ ကျင့်စဉ်နဲ့ တွဲရွတ်မှ အစွမ်း ထက်ပြီး ကျင့်စဉ်ကို ဖောက်ဖျက်ရင် ဒုက္ခ ပြန်တွေ့တတ်ပါတယ်။ ဒုတိယနည်းက ပိုလည်း စွမ်းတတ်ပါတယ်။
လူတိုင်း မမှန်စကားနဲ့ စွပ်စွဲ ပြောဆို တာကို မခံချင် တတ်ကြပါဘူး။ အလွန် ရှားတဲ့ လူများ ကသာ ဂရု မစိုက်ဘဲ နေတတ် ကြပါတယ်။ ကျွန်မကတော့ မမှန် စကားနဲ့ စွပ်စွဲ ပြောဆို ခြင်းကို မကြိုက် တတ်တဲ့ လူစားထဲမှာ ပါပါတယ်။ မကြိုက်ရခြင်း အကြောင်းက သည်လိုအလေ့အထ ပြန့်ပွားလာရင် လူမှု အသိုင်း အ၀ိုင်း တစ်ရပ်လုံး အလိမ်အညာ ကောက်ကျစ်မှုတွေ ဖုံးလွှမ်းနေရင် လူဖြစ်ရတဲ့ အဓိပ္ပာယ် ပျောက်ဆုံးမှာ၊ သတ္တ၀ါတွေ သံသရာဘေးမှာ နစ်မွန်းမှု များလာမှာ မကြိုက် လို့ပဲ ဖြစ်ပါတယ်။ ကျွန်မ ကိုယ်တိုင် မှာလည်း ပျားရည်စားတာ နင့်ခွေးက မစစ်လို့လို့ မကြာ မကြာပဲ ပြောခံရတဲ့ ကိစ္စတွေ ကြုံခဲ့ဖူး ပါတယ်။ သိပ်တရား လွန်လာပြီး ဖြေရှင်းရ ခက်တဲ့အခါတွေမှာ ကျွန်မက အောက်ပါ ဂါထာလေးကို ရွတ်ဖတ်လိုက်ရင် မကြာခင် ပြေလည်သွားလေ့ရှိပါတယ်။ သည်ဂါထာကို ရွတ်ဖို့ကျင့်စဉ်က တခြားမဟုတ်ပါဘူး။ ကိုယ်တိုင်ကလည်း ဘယ်လို အခြေအနေ မျိုးနဲ့ ကြုံနေပါစေ သူတပါးကို မကောင်းတဲ့ ဒုက္ခရောက် စေချင်တဲ့စိတ်နဲ့ စွပ်စွဲပြောဆို အရှက်ခွဲခြင်း နဲ့ လိမ်ညာ ပြောဆိုခြင်း မပြုလုပ် ရတာပဲ ဖြစ်ပါတယ်။ သည်ကျင့်စဉ်က တသက်တာ ကျင့်စဉ် ဖြစ်ပါတယ်။ တခါကျင့်ထားပြီးရင် ဘယ်တော့မှ ဘွာတေး ခတ်လို့ မရတော့ပါဘူး။

ကတွာန ကဌမုဒရံ ဧ၀ ဂမ္ဘိနိယံ
စိဉ္စာယ ဒုဌ၀စနံ ဇန ကာယ မဇ္ဇေ
သံသေန သောမ္မ ၀ိဒိနာ ဇိတ၀ါ မုနိန္ဒော
တံတေဇသာ ဘ၀တုမေ ဇယ မင်္ဂလဂ္ဂံ။
အဓိပ္ပာယ်ကတော့ စိဉ္စာမာဏက တရားနာ ပရိသတ်ကြား လူကြားထဲမှာ မြတ်စွာဘုရားနဲ့ ရတဲ့ ကိုယ်ဝန်ကို မြတ်စွာဘုရားက မစောင့်ရှောက်ဘဲ လူကြားထဲမှာ သူတော်ကောင်း ယောင်ဆောင်ပြီး တရားဟောနေတယ် လို့ သားပုတ်လေလွင့် စွပ်စွဲ ပြောဆိုရာမှာ မြတ်စွာဘုရားက အေးချမ်းတဲ့စိတ်နဲ့ အမှန်တရားကို မြွက်ဆိုပြီး ဖြူစင်ခြင်း အကျင့်သီလ သိက္ခာမြတ် တို့ကြောင့် နတ်ကောင်း နတ်မြတ်များ လာရောက်ပြီး အမှန်တရားကို လှစ်ဟပြတဲ့ အနေနဲ့ ဗိုက်အတုကို ဖော်ထုတ် ခဲ့တာကြောင့် အောင်မြင် ခဲ့ပါတယ်။ သည်မှန်တဲ့ သစ္စာ စကား ကြောင့် တပည့်တော်လည်း ဤအတိုင်း အောင်မြင် ရပါလို၏ ဆိုတာပဲ ဖြစ်ပါတယ်။

နောက်ဂါထာကတော့ ကတ်တီး ကတ်ဖဲ့သမား များနဲ့ ဆုံရတဲ့အခါ ရွတ်လေ့ရှိတာပါ။ လူတိုင်း ငြင်းခုံရတတ် ဖူးပါတယ်။ အမှားအမှန်ကို သေချာမသိလို့ ငြင်းရတဲ့ ငြင်းခုံမှုဟာ တာရှည်မခံဘဲ အမှန်ကိုသိသွားတာနဲ့ ငြင်းခုံမှု ပျောက်လေ့ရှိပါတယ်။ ဒါပေမယ့် တချို့ လူကတ်များဟာ မိမိကိုယ်ကို မှားနေမှန်း သိသိနဲ့ အရှုံး မပေးချင်လို့ အတင်း မျက်စိမှိတ် ခြေစုံကန်ပြီး အလျော့ မပေးဘဲ ငြင်းတတ်ကြတာ တွေ့ဖူးကြမယ် ထင်ပါ တယ်။ သူတို့ကြောင့် အရေးကြီးတဲ့ ကိစ္စတချို့ မပြီးပြတ် နိုင်ဘဲ ကြန့်ကြာ ပျက်စီးရတတ်ပါတယ်။ သည်လို အခြေအတင် ဖြစ်နေတဲ့အခါ သည်ဂါထာကို ရွတ်လေ့ ရှိပါတယ်။ သည်ဂါထာကို မရွတ်ခင် ကျင့်ရတဲ့ ကျင့်စဉ် ကတော့ ဘယ်တော့မှ လိမ်မပြော ရတာပါပဲ။ တဖက်သား ကိုလဲ မကောင်းတဲ့စိတ်နဲ့ ဘယ်သော အခါမှ ပရိယာယ် မာယာ မသုံးရပါဘူး။ ကျင့်ချိန် ကတော့ တသက်စာပါပဲ။ စတင် ကျင့်ချိန်ကနေ သည် ဂါထာ ရွတ်ချိန် အကြား ကျင့်စဉ် မအောင်ဘဲနဲ့ ရွတ်ရင် ဘယ်တော့မှ ကိုယ့်စကား မအောင်ပါဘူး။ သည်ဂါထာ ရွတ်ပြီးမှ ကျင့်စဉ် ပြန်ဖြုတ် မှာပေါ့ ဆိုတဲ့ လူလည် လူကောက်ကျစ် များကတော့ အတိုးနဲ့ အရင်းပါ ပေါင်းပြီး ဒဏ်ခတ်ခံရမှာပါ။ သည်လို ကျင့်စဉ် ဖောက်ဖျက်မှု အတွက် တန်ပြန် ဒဏ်ခတ်ခြင်းမှာ ဂါထာ ၂ခုလုံး အတူတူ ပါပဲ။
သစ္စံဝိဟာရ အတိသစ္စက ၀ါဒကေတုံ
ဝါဒါပိရောပိတမန္တံ အတိအန္တဘူတံ
ပညာပ ဒီပဇလိတော ဇိတ၀ါမုနိန္ဒော
တံတေဇသာ ဘ၀တုမေ ဇယမင်္ဂလဂ္ဂံ။
အဓိပ္ပာယ်ကတော့ သစ္စက ပရဗိုဇ်ဟာ ၀ါဒငြင်းခုန် ဆွေးနွေးပွဲမှာ သူ့ဝါဒရှုံးမှန်း၊ မှားမှန်းသိလျက်နဲ့ ၀န်မခံ ဘဲ လူပုံအလယ်မှာ ပေကတ်နေခဲ့လို့ သိကြားမင်းဟာ ဘီလူးယောင်ဆောင်ကာ ခြိမ်းခြောက်ပြီး အမှန်ကို ၀န်ခံစေခဲ့ရပါတယ်။ သည်လိုအမှန်တရားဖြစ်တဲ့ ၀ါဒကိုကိုင်စွဲခဲ့တဲ့အတွက် မြတ်စွာဘုရားဟာ အောင်မြင်ခဲ့ပါတယ်။ သည်မှန်တဲ့သစ္စာစကားကြောင့် တပည့်တော်လည်း ဤအတိုင်း အောင်မြင်ရပါလို၏ ဆိုတာပဲ ဖြစ်ပါတယ်။
သည်လိုပါပဲ။ လောကမှာ နောက်ဆုံးတော့ အမှန်တရားသာ အမြဲနိုင်မြဲ ဖြစ်ပါတယ်။ တခုတော့ရှိပါတယ်။ အချိန်ဆိုတာတော့ စောင့်ရလေ့ရှိပါတယ်။ အမှန်တရားကတော့ ဘယ်တော့မှ မကွယ်ပျောက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှန်တရားဖြစ်နေလို့ပါပဲ။ သစ္စာတရားဟာ ကျင့်သူကို ကာကွယ် စောင့်ရှောက် ပါတယ်။
သည်နေရာမှာ တခုပြောဖို့ ကျန်ပါသေးတယ်။ အဲဒါကတော့ သည်လိုကျင့်စဉ် ကျင့်ထားသူကို သွားပြီး အထက်ပါကိစ္စရပ်များနဲ့ သွားရောက်ပြစ်မှားခဲ့ရင် ဘယ်လိုအကျိုးရတတ်သလဲ ဆိုတာပါ။ ပြန်လည်တောင်းပန်သူ သစ္စကပရိဗိုဇ်ဟာ အပြစ်ကလွတ်ပြီး စိဉ္စမာဏ မြေမျိုခံရတာ မြတ်စွာဘုရားရဲ့ခေတ်ကပါ။ ခုခေတ်မှာတော့ လူမျိုခံရတတ်ပါတယ်။ လူသတင်းလူချင်းဆောင်ပြီး ပြစ်မှားသူဟာ လူ့လောကထဲမှာ ရှင်လျက်နဲ့ သေသူတစ်ယောက်လို ဘ၀သေတတ်ပါတယ်။ အသက်သေတာထက် ဘ၀သေတာက အပြန်တရာ ဆိုးလှပါတယ်။ ပြီးတော့ အချိန်ကာလအားဖြင့်လည်း အကြာဆုံး ၇နှစ်ကနေ အမြန်ဆုံး ရက်ပိုင်းအတွင်း ပြန်လည် အကျိုးပေးတတ်တာ ကြုံဖူးပါတယ်။ ဒီဂါထာတွေကို လက်စားချေလိုစိတ်နဲ့ အသုံးမချဘဲ ပြသနာပြေလည်စေလိုစိတ်နဲ့ ရွတ်ဖတ်ရင်း လိုရာအကျိုး ခံစားနိုင်ကြပါစေ။

Read More...

Thursday, July 19, 2007

သွေးလှိုင်းဆူလျှံ အာဇာနည် ဗိမာန်

တကယ်တော့ သည်ပို့စ်လေးကို ရေးဖြစ်တာ ကိုကဒေါင်းနဲ့ လေးမ တို့ကြောင့်ပါ။ လေးမက သူ့စီဘောက် မှာ အာဇာနည် ဗိမာန်ရဲ့ ဗိသုကာ လက်ရာနဲ့ သည်ပုံစံ ဆောက်ရခြင်း အကြောင်းကို လေ့လာဖို့ ပြောပါ တယ်။ ကလေးဘ၀ အရွယ် ငယ်ကတည်း က ဘာလို့ ဒီပုံကြီးကို ထူးထူးခြားခြား ဆောက်ရသလဲလို့ တွေးဖူးလို့ စိတ်ဝင်စားပြီး သားအခြေခံမှာ အဲဒီ စကားလေးက စိတ်ထဲ ပိုစွဲနေပြီး ကိုကဒေါင်းက အာဇာနည်နေ့တစ်နေ့လုံး ငြိမ်ခိုင်း ရာက ငြိမ်နေသောလူ လျှောက်တွေး သောစိတ် ဖြစ်သွား ပါတော့တယ်။ ဒီမှာတင် ဖြစ်လာတဲ့ အတွေးလေး တွေကို ချရေးလိုက်တာပါ။

ရှေ့တည့်တည့်ကနေ အာဇာနည် ဗိမာန်ကို ကြည့်တဲ့အခါ မြေပေါ်က အာဇာနည် ကိုးဦး ကိုယ်စားပြု သွေးရောင် ဘလော့တုံး၉တုံးဟာ မိုး ကောင်းကင် ပေါ်ကို ပျံတက် သွားဟန် မြင်ရ ပါတယ်။ အာဇာနည် မျိုးရိုးဟာ တကယ့်ကို သေသော် ငရဲမလားဘဲ ကောင်းကင်ဘုံ နဲ့ နတ်ပြည် ကိုသာ သွားမယ်လို့ ဆိုလို ရည်ညွှန်း ထားသလို ပါပဲ။




သည်လို ဘေးတိုက် မကျတကျ ကနေ အာဇာနည် ဗိမာန်ကို ကြည့်တဲ့ အခါ လှိုင်းလုံးကြီး တစ်လုံး တက်လာတာ မြင်ရသလို ခံစားရပါတယ်။ အာဇာနည် စိတ်ဓာတ်တွေ လှိုင်းတံပိုးလို ဆူဝေ တက်ကြွ လာပါစေ လို့ပဲ ဆိုလိုသလား၊ အာဇာနည် မှန်သမျှ သွေးမြေကျပြီး အာဇာနည် သွေးတွေ လှိုင်းလို ဆူဝေဦး မယ်လို့ ဆိုလို သလား နှစ် ၆၀စာ သမိုင်းက အဖြေပေးပြီး ဖြစ်နေ သလိုပါပဲ။


Photo Source: from http://layma-layma.blogspot.com/ နဲ့ yanaung.blogspot.com

အာဇာနည်ခေါင်းဆောင်ကြီး ၉ဦးကတော့ သွေးခင်းလမ်းကို လျှောက်လှမ်းဖြတ်ကျော်ပြီး အာဇာနည်တို့ စံမြန်းရာ ဘုံဗိမာန်ဆီကို သွားနှင့်ကြပါပြီ။ သူတို့ရဲ့ နောက်ကလဲ အာဇာနည် မျိုးဆက်သစ် များက သေ တစ်နေ့ မွေးတစ်နေ့ ဆိုတဲ့စကား လက်ကိုင်ထားရင်း တစ်ဘ၀စာ အချိန်တာလေးထဲမှာ တစ်သံသရာလုံး စာရင်းဝင်မယ့် သမိုင်းမော်ကွန်းကို အသက်နဲ့ရင်းပြီး ၀ံ့ဝံ့စားစား လျှောက်လှမ်းရင်း သူတို့ရဲ့ ပန်းတိုင်ကို ဆက်လက် ချီတက် နေကြဦး မှာပါ။ သည်အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံခဲ့တဲ့ လူမိုက်များနဲ့ အာဇာနည် မျိုးဆက်သစ် တွေကို လုပ်ကြံခဲ့တဲ့ ခေတ်သစ် လူမိုက်များ ကတော့ တစ်ဘ၀စာလေး သာယာ မော်ကြွားဖို့အတွက် မိုက်ကြွေးယူပြီး တစ်သံသရာစာ သမိုင်းဆိုးကို ရေးထိုးမှတ်တမ်းတင်နေကြပါတယ်။


သူတို့ရဲ့စိတ်ထဲမှာ ရုပ်ဝတ္ထု တစ်ခုကို မကြိုက်ရင် ဖျက်ပစ် လိုက်လို့ ရသလိုမျိုး သူတို့ရဲ့ လိုချင်တပ်မက်မှု တွေရဲ့ ရှေ့မှာ အတားအဆီးလို ဖြစ်နေတဲ့ အာဇာနည်ကြီးတွေကို ရှင်းထုတ် လိုက်ရင် ရမယ်လို့ ထင်ထား ကြတာ အမှားဆုံးပါပဲ။ အာဇာနည်ကြီးတွေရဲ့ အရိပ်လွှမ်းမိုးမှုကို မခံချင်ရင်၊ သူတို့လို လူလေးစားတာ ခံချင် ရင် သူတို့လို စိတ်ထားကို ကြိုးစားမွေးမြူပြီး စိတ်စေတနာ သန့်သန့်နဲ့ တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေကို ထမ်းရွက်သင့်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဇာနည်ကြီးတွေကို လူတွေ လေးစားစေတဲ့ အဓိက အကြောင်းရင်းခံက သူတို့ရဲ့ ရုပ်ခန္ဓာတွေ မဟုတ်ဘဲ အာဇာနည် စိတ်ဓာတ်နဲ့ အာဇာနည်လုပ်ရပ် ဖြစ်နေတာပါပဲ။ ဒါပေမယ့် ဦးစောဟာ လူတော် တစ်ယောက် ဖြစ်ပါလျက် သည်နေရာမှာ အတွေးအခေါ် တစ်ရပ် လိုသွားခဲ့တာ ဖြစ်လို့ အာဇာနည်တို့ရဲ့ ရုပ်ခန္ဓာကို လုပ်ကြံခဲ့တာပါ။ အာဇာနည်တို့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကတော့ ဆက်လက်ရှင်သန် ပြန့်ပွားဆဲပဲ ဖြစ်ပါတယ်။ အာဇာနည် စိတ်ဓာတ်နဲ့ လုပ်ရပ်တို့ရဲ့ ပြန့်ပွားမှု ကိုတော့ စိတ်ဓာတ် စစ်ဆင်ရေး နဲ့ပဲ လုပ်ကြံလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ပြန့်ပွားမှုကိုသာ လုပ်ကြံလို့ ရရင်ရနိုင်မယ်၊ မူလအမြုတေ ဖြစ်တဲ့ အာဇာနည် စိတ်ဓာတ်နဲ့ လုပ်ရပ်တို့ကိုတော့ ဘယ်လိုမှ ဖောက်ဖျက်လို့ မရနိုင်တာ သေချာပါတယ်။ လူသားတစ်ရပ်လုံးရဲ့ အထွဋ်အမြတ်ဆုံး အာဇာနည် ဖြစ်တဲ့ မြတ်စွာဘုရားသာ ပရိနိဗ္ဗာန် ၀င်စံခဲ့ပေမယ့် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကတော့ ဘယ်တော့မှ မသေဆုံးဘဲ အမြဲတည်ရှိနေသလို အာဇာနည်ကြီးများ တစ်ဘ၀စာ သေဆုံးခဲ့ ကြပေမယ့် သူတို့ရဲ့ အာဇာနည် စိတ်ဓာတ် ကတော့ အသင်္ခတ ဓာတ်လို အမြဲ တည်ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့လည်း သည်အဖြစ်ကို နမူနာယူပြီး ကျွန်မတို့ရဲ့ ဘ၀မှာ အရိပ်မိုးစေတဲ့ ဖြစ်ရပ်များ ရှိခဲ့ရင် သည်လို အရိပ်မိုး နေသူတွေကို ဦးစောလို ဣသာ မစ္ဆေရိယစိတ် မပွားစေဘဲ၊ သူ့လို အရိပ်ပေးတဲ့ သစ်ပင်ကို ခုတ်ပစ်သလို ဖယ်ရှားဖို့မကြိုးစားဘဲ မှန်ကန်တဲ့ နည်းလမ်းနဲ့ပဲ လောင်းရိပ် အောက်ကနေ လွတ်မြောက်အောင် ကြိုးစားကြပါစို့…
သည်လိုအာဇာနည် စိတ်ဓာတ်ကို ကိုယ့်စိတ်ဓာတ် ထဲမှာ ပူးဝင် နေထိုင်ခွင့် ပေးခြင်းဖြင့် တနည်း ပြောရရင် သူတို့လို စိတ်မျိုး တတ်အား သရွေ့ ကိုယ်တိုင် မွေးခြင်းဖြင့်၊ ဒါ့အပြင် လက်ဆင့်ကမ်း အတုယူစေခြင်းဖြင့် သူတို့လို အာဇာနည်တွေ မွေးထုတ်ကြ ပါစို့ .. လို့သာ တိုက်တွန်းလိုက်ရပါတယ်။
(သံလွင် အိပ်မက် အင်တာနက် မဂ္ဂဇင်း အမှတ်စဉ် (၁၁) တွင် ဖော်ပြပြီး ဖြစ်ပါသည်။)

Read More...

Tuesday, July 17, 2007

ကိုယ်ချင်း၊ သူချင်းစာ တရား လက်ကိုင်ထားမယ်

ခေါင်းစဉ်ကို ဖတ်ပြီး သူများထက် မထူးထူးအောင် ကွန့်တယ်လို့ အထင်တော် မစောဖို့ တောင်းပန်ချင် ပါတယ်။ ကိုယ်ချင်းစာတရားထက် ပိုပြီး တဖက်လူကို စဉ်းစားပေးတဲ့ သူချင်းစာ တရားပါ။ မျက်နှာဖုံးစွပ် တွေကို ပြူးကြည့်ပြီး ခွဲခြားရလွန်းလို့ ပြူးလာတဲ့ မျက်လုံးတစ်စုံ၊ ခါးဖက်ပြီး ထိုးတဲ့ ဓားတွေ စိုက်နေတဲ့ ဒဏ်ရာဗလပွနဲ့ နောက်ကျော ၊ ပုခုံးဖက် လာပေါင်းတာ လက်ခံရင်း သူများ တံတောင်ဆစ်ကွေးထဲ ရောက်ခဲ့ဖူး တဲ့ လည်ပင်း တချောင်းတို့နဲ့ တန်ဆာဆင်ထားတဲ့ ခန္ဓာတစ်ခုကို ကျွန်မ မနိုင်မနင်း ပိုင်ထားပါတယ်။ ကျွန်မအတွက် တော့ ထုသားကျလို့ မာပြီးသား ငါးဖယ်မို့ တော်ရုံလောကဓံက ကျွန်မအတွက် ရိုးနေပါ တယ်။ အပျင်းပြေ သဘော လောက်ပဲ ရှိနေတာပါ။ သည်တော့ ကျွန်မရဲ့ ကိုယ်ချင်းစာတရားက သည်လောက်တော့ ခံနိုင်ရည် ရှိသင့်တာပေါ့ ဆိုတာလို မျိုးများ ဆန်နေမလား မပြောတတ်ပါဘူး။
ကိုယ်ချင်းစာ တရားကြောင့် ကျွန်မရော၊ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ရော ဒုက© ကောင်းကောင်း ရောက်ဖူးပါတယ်။ ဆယ်တန်းမှာ သူက ရည်းစားထားပါတယ်။ မနူးမနပ် သူဌေးသမီးမို့ လာခွာတဲ့ ပိုင်းလုံး လေးပါ။ ကျွန်မက တွေ့သမျှ လူနဲ့ စုံအောင် ပေါင်းတတ်သူ ဆိုတော့ ကုန်စိမ်းဒိုင်ကနေ အဲဒီပိုင်းလုံး အကြောင်းကို ကြားထားပြီးသားပါ။ သူက ကျူးကျော်ရပ်ကွက် မှာနေပါတယ်။ ကျူးကျော်မှာ နေသူမို့ သူ့ကို နှိမ်ချင်တာ မဟုတ်ပါဘူး။ ကျူးကျော်မှာလည်း ကျွန်မရဲ့ သူငယ်ချင်းတချို့ နေပါတယ်။ ၀ါရင့် ပိုင်းလုံးမို့ သူနဲ့ငြိပြီးသား မိန်းကလေးတွေ များပြီးသား ပေမယ့် သူ့စကားလုံး တွေမှာ တော်ရုံ အသည်းမာ တဲ့ မိန်းကလေးတွေ ပျော်ဝင် သွားကြတာ ချည့်များပါတယ်။ ဒါပေမယ့် သူ့ အရင် ကောင်မလေး တွေထက် ကျွန်မရဲ့ သူငယ်ချင်းက အပြတ်အသတ် ချမ်းသာသူ သို့မဟုတ် သူ့ တသက်စာ အသုံးအ၀င်ဆုံး သူဖြစ် တာမို့ ကျွန်မသူငယ်ချင်းကို အပိုင်ကပ်ပြီး အရင်ကောင်မလေးတွေကို သူက ဖြတ်လိုက်ပါတယ်။ ကျွန်မတို့ ပြန်မသိနိုင် လောက်ဘူးလို့ သူယူဆတဲ့ သူ့ပတ်ဝန်းကျင်မှာ သူ့လေလုံး ကြွားမှုများဟာ ကျွန်မရဲ့ နားစည် ကို ဖြတ်ရိုက် လိုက်သလိုပါပဲ။ ပိုင်းလုံးကို သိပ်မုန်းသူပီပီ မခံမရပ်နိုင် ဖြစ်လှစွာနဲ့ သူငယ်ချင်းကို အဲဒီ ကောင်လေး အကြောင်း အားလုံး ပြောပြပြီး ရည်းစားကို အတင်းဖြတ်ခိုင်းပါတယ်။ အကြောင်းက သူ့အဖိုး သိသွားရင် သူ့အဖိုးက အလျှော့ မပေးတမ်း အတင်းဖြတ်ပြီး သူကျောင်းထွက် ရမှာ မို့ပါ။ ပြီးတော့ သူ့ တမိသားစုလုံးက အဖိုးအိမ်မှာ နေကြရတော့ တမိသားစုလုံး မျက်နှာငယ်ရမှာ စိုးတာလဲ ပါပါတယ်။ နောက်ဆုံး သူ့ကောင်လေးရဲ့ မျက်နှာဖုံးက ကျွန်မကြောင့် ကွာသွားပါရော..

ကျွန်မရဲ့ ကိုယ်ချင်းစာ တရား က သူအလိမ်ခံရပြီး တသက်လုံး ဒူးနဲ့ မျက်ရည် သုတ်ရမှာ စိုးရိမ်တဲ့ အလိမ်မခံရစေချင်တဲ့ ကိုယ်ချင်းစာ တရားပါ။ သူလဲ ကျွန်မရဲ့ အဖန်ဖန် နားချမှုတွေ ကြောင့်ရော၊ သူ့အဖိုးသိရင် ကောင်လေး ဒုက္ခ ရောက်ချင် ရောက်နိုင်တယ် ဆိုတဲ့ ခြောက်လုံးရယ်နဲ့ ကြောင့် သူက သူ့ကောင်လေးကို ဖြတ်လိုက်ပါတယ်။ မောင်မင်းကြီးသားရဲ့ အစွယ်က အဲဒီမှာ ပေါ်ပါတယ်။ မိန်းကလေးက စဖြတ်တာ ခံရတာ ရာဇ၀င်မရှိဘူး ဆိုတာရော၊ နင့်ကိုငါက တကယ်ကြိုက်တယ် မထင်နဲ့တွေရော တော်တော် အောက်တန်းကျတဲ့ ဇာတ်ရုပ် ပေါ်လာပါတယ်။ သူတို့ ဆိုးဆိုးရွားရွား ရန်ဖြစ်ကြပါတယ်။ နောက်တော့ လူယုတ်မာ အကြံသမားက သူ့ကို ပြန်ဖြားယောင်း ပြန်ပါတယ်။ သူငယ်ချင်းပြလို့ ဖတ်ရတဲ့စာထဲမှာ သူ့အသက်မွေး ၀မ်းကြောင်း ကိုယ်တိုင်က ပိုင်းလုံးပီပီ နုဖတ်တဲ့ ချစ်စကား ပြောနည်းမှာ တဖက်ကမ်းခတ်တဲ့ စကားလုံးတွေပါပဲ။ စိတ်ဆိုး ရင်နာလွန်းလို့ စိတ်မထိန်းနိုင်ဘဲ ပြောမိတဲ့ စကားတွေ အတွက် ပါးစပ်ကို ကြိုက်သလောက် ပြန်ဒဏ်ခတ် ပါမှ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မယ် ဆိုတာမျိုး တွေပါ။ လူရှေ့မှာ အရှက်တကွဲ ဆဲဆိုပြီးမှ လူကွယ်ရာမှာ လာပြန် တောင်းပန်တာ အလုပ်မဟုတ် လှပါဘူး။ ဒါပေမယ့် အရှက်သိက©ာ ကိုတော့ တန်ဖိုးထားသေးတဲ့ သူငယ်ချင်းဟာ လူကို ပြန်လက် မခံတော့ပေမယ့် သူ့စကားလုံး တွေကိုတော့ လက်ခံမိဟန် တူပါတယ်။ သူစိတ်မကုန်သေးပေမယ့် ပိုင်းလုံးလေးကို ပြန်လက်မခံ တော့ပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲက မွှန်နေတဲ့ ချစ်စိတ်တခုနဲ့ သိသိနဲ့ အလိမ်ခံ ချင်နေလို့ မသိဟန် ဆောင်နေတာကို ကျွန်မရဲ့ ကိုယ်ချင်းစာတရားက သူ့ကို အမှန်ကို ရင်ဆိုင်ခိုင်း လိုက်သလို ဖြစ်ခဲ့ရပါတယ်။ အဲဒီသူငယ်ချင်း ကျွန်မကို အမုန်းကြီး မုန်းခဲ့ပါ တယ်။ သူ့ဘ၀ရဲ့ အပျော်တွေကို ကျွန်မ တကယ် ဖျက်ဆီး မိခဲ့သလား။ အချစ်ဆိုတာကို ဘာမှန်းမသိ သေးတဲ့ ကျွန်မဟာ သူ့ရဲ့ ခံစားချက်ကို ဘယ်လိုဟာမျိုးလဲ လို့တောင် မစဉ်းစားတတ်ဘဲ ငါကသူ့ကို ခင်လို့ ချစ်လို့ သူဒုက©ရောက်မှာ စိုးရိမ်လွန်းလို့ ပိုင်းလုံးက ချောင်းရိုက်မှာတောင် မကြောက်နိုင်ဘဲ သူ့အတွက် စဉ်းစားပေးတာကို မုန်းရက်လေခြင်းလို့ ခံစားခဲ့ ရဖူးပါတယ်။ ကျွန်မရဲ့ ကိုယ်ချင်းစာ တရား ဟာ အမှားဖြစ်ခဲ့ရင်တောင် စေတနာ အမှားသာ ဖြစ်ပါလိမ့်မယ်။
နောက်တခေါက် ကြုံရတာက လွန်ခဲ့တဲ့ ၂နှစ်လောက်ကပါ။ ကျွန်မရဲ့ ကျောင်းကို ရောက်လာတဲ့ ညီမငယ် တစ်ယောက်ကို ကျောင်းတက်ရင်း ကြုံရတတ်တဲ့ ပြသနာတွေကို ကြိုရှောင်နိုင်အောင် သတိပေးမိပါတယ်။ နိုင်ငံခြားမှာ တော်ရုံ ပြသနာတက်ရင် ကိုယ်တိုင်ဖြေရှင်းရပါတယ်။ ကိုယ့်ကို အားပေးမယ့်သူ၊ ကူညီဖြေရှင်း ပေမယ့်သူ ရှိဖို့ဆိုတာ တော်တော်ခဲယဉ်းတာမို့ ပြသနာကို ကြိုရှောင်နိုင်အောင် ဆိုတဲ့ စေတနာနဲ့ပါ။ ကျွန်မကိုယ်တိုင်ကလဲ နေရာအသစ်ကို သွားမယ်ဆိုရင် အဲဒီနေရာအကြောင်းကို အသေးစိတ် အရင် စုံစမ်းပြီးမှ သွားလေ့ရှိတော့ သူ့ကိုလည်း အဲလိုပဲ ကိုယ်ချင်းစာပြီး သတိပေးမိတာပါ။ ဒါပေမယ့် သူမရဲ့ အတွေးက ကျွန်မနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါတယ်။ ပြသနာကို တွေ့မှသာ မျက်နှာချင်းဆိုင် ဖြေရှင်းလိုက် တော့မယ်။ မနိုင်လဲ ခံလိုက်မယ်။ ဘယ်တော့ ပြသနာ ရောက်လာမယ်ဆိုတာ ကြိုသိနေလို့ စိတ်ပင်ပန်းတာ မခံနိုင်ဘူးတဲ့လေ။ ကောင်းရော.. စေတနာတွေ ဝေဒနာ ဖြစ်ခဲ့ရပါတယ်။ သူ့မိဘအိမ်မှာ တဦးတည်းသော သမီးအဖြစ် သူနေခဲ့စဉ်က ကြုံခဲ့ရတဲ့ ခံနိုင်ရည် ရှိလောက်တဲ့ ပြသနာတွေပဲ သူ့ဆီကို လာမယ်လို့ ထင်ထားလား တော့မသိ.. လူတကိုယ် အတွေးတမျိုးမို့ ကျွန်မရဲ့ ကိုယ်ချင်းစာ တရားလေး လျစ်လျူရှု ခံရတာ ထက်မက ခံစားလိုက်ရပါတယ်။
ဒါ့အပြင် ကိုယ်ကိုယ်တိုင်ကိုက တော်ရုံနဲ့ အားမငယ်တတ်တဲ့ ကျွန်မဟာ သူများ အားငယ်စိတ် ၀င်မှာ ကိုလည်း နားမလည်တတ်ခဲ့တာ သိပ်မကြာတဲ့ အချိန်တခုထိပါဘဲ။ အကြောမာတဲ့ ကျွန်မရဲ့ စိတ်ကြောင့် သူများလည်း ဒီလောက်တော့ ခံနိုင်ရည် ရှိမှာပဲလို့ ထင်တတ်တာ၊ ကိုယ့်ကို သူများ သနားတာ မခံချင်တဲ့ စိတ်အခံ ကြောင့် သူများ ကိုလည်း တော်ရုံနဲ့ မသနားတတ်တာ၊ ဖာသိဖာသာ နေတတ်တဲ့ ကျွန်မရဲ့ လှိုက်လှဲမှုဟာ သူများအတွက် မလုံလောက်တာ၊ ဒါတွေအားလုံးဟာ ကျွန်မရဲ့ ကိုယ်ချင်းစာတရားနဲ့ သူတပါး အံမ၀င်တဲ့ အချက်တွေ ဖြစ်လာခဲ့ပါတယ်။ သူများ မေးလာရင် ဒဲ့စဉ်းစားပြီး အမှန်အတိုင်း၊ စိတ်ထဲ မှာ သည်မေးခွန်းအတွက် အဖြေထွက်တဲ့ အတိုင်း ဒဲ့ဖြေတတ်တဲ့ ကျွန်မရဲ့ အဖြေတွေက သူတပါးကို ထိခိုက်စေ သလား၊ သူတပါးက မဖြေနိုင် တဲ့အခါ အားငယ်မလား ဆိုတာတွေကို မတွေးခဲ့မိ ဖူးလောက် အောင် ကျွန်မ နုံခြာခဲ့ပါတယ်။ Forrest Gump ဇာတ်ကားလေးကို ကြည့်မိတော့မှ Jenny ကသူ့အိမ်ကို ခဲနဲ့ပေါက်ရင်း ငိုတော့ Forrest က ခဲကုန်လို့ ငိုတာ ထင်တယ်လို့ တွေးချိန်မှာ ငါနဲ့ အတွေး သိပ်မကွာ ပါလားလို့ တွေးမိပါတယ်။
တနေ့က မွန်းသက်ပန်နဲ့ ဂျီတော့မှာ ချတ်ရင်း ကျွန်မရဲ့ ဘလော့က စာလုံးလေးတွေ သေးနေသလိုမို့ ကြီးရင်ကောင်းမယ်လို့ သူက အကြံပေးပါတယ်။ ပြီးတော့ ကိုယ်ချင်းစာပါ လို့ သူကပြောပါတယ်။ ကိုယ်တိုင်စာရိုက်တုန်းကတော့ မျက်စိက မှုန်မှုန်မို့ ဖောင့်ကို ၁၆ထိကြီးပြီးမှ စာရိုက်ပြီး၊ သိမ်းတော့မှ ဖောင့်ကို ပြန်ချိန်ပြီး သိမ်းလေ့ရှိပါတယ်။ ကျွန်မကလည်း ဘတ်စ်ကားပေါ်က ကားနံပါတ်ကို ကားက ကိုယ့်ရှေ့ တည့်တည့် ရောက်မှ မြင်အောင် ဖတ်နိုင်သူ ဆိုတော့ ငါမျက်စိမွဲတိုင်း သူများ မွဲတာမှ မဟုတ်တာ ဆိုပြီး ဖောင့်ကို normal နဲ့ သိမ်းလိုက်မိတယ် ထင်ပါတယ်။ မမြင်မကန်းနဲ့ ဘလော့ ရေးချင်တာလဲ ကျွန်မရဲ့ အားနည်းချက် တွေထဲက တစ်ခု ထင်ပါရဲ့။ ပြောင်တတ် နောက်တတ် လွန်းတဲ့ အစ်ကိုတွေနဲ့ ကြီးပြင်း လာတဲ့ သူပီပီ ထားပါတော့လို့ ပြောတဲ့စကားကို ဘယ်နားထားရမလဲ လို့ ပြန်နောက်ပါတယ်။ ဘလော့ ပေါ်က ဘယ်ဟာကို ပြောတာလဲလို့ ပြန်မေးမှ ကျွန်မ နောက်တာကို သူနားမလည်မှန်း သိလိုက်ရပါတယ်။ မွန်းသက်ပန်ရဲ့ စကားလေး တစ်ခွန်းက ကျွန်မကို အမြင်ဖွင့်ပေးလိုက်သလိုပါပဲ.. ဟုတ်ပါရဲ့.. ကျွန်မရဲ့ ရေခဲရိုက် စရိုက်နဲ့တော့ ကိုယ်ချင်းစာလို့ မဖြစ်ပေဘူး။ သူချင်းစာမှ ဖြစ်တော့မယ် လို့လေ။ မဟုတ်ရင် မလိုလား အပ်တဲ့ နားလည်မှု အလွဲတွေကြောင့် ကျွန်မရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း က ကျွန်မကို တသက်စာ အမုန်းကြီး မုန်းသွားရ သလိုမျိုး ထပ်အဖြစ် မခံနိုင် တော့လို့ပါ။ ကဲ.. သူငယ်ချင်း တို့ရေ.. ကျွန်မ သူချင်းစာ နိုင်အောင် ကြိုးစားတော့ မယ်နော်.. နောက်မကျသေးဘူး ထင်ပါရဲ့ .. တကယ်လို့ အချိုးမပြေ တာလေးတွေ ရှိရင်လဲ Forrest Gump လို အူကြောင်ကြောင်လို့ သဘောထား ပြီးသာ ခွင့်လွှတ်လိုက်ကြပေတော့… နော်..

Read More...

မိုးနတ်ဆိုးရဲ့ နှင်းပွင့်စေတမန်

ငါဟာ ပန်းတပွင့်မှန်း နင်သိလျက်

သန့်ရှင်း ဖြူစင် အေးမြဟန်နဲ့

လှပတဲ့ နှင်းပွင့်တွေကို

စေတနာ ဗလပွနဲ့

လာလာ ရွာချမပြနဲ့…

အဲသည့် နှင်းပွင့်တွေပါပဲ


ငါ့အမျိုးရဲ့ ပွင့်ဖတ် ပွင့်ချပ်တွေကို

ဖဲ့ယူ ကိုက်စား ပုပ်ဆွေး

အလှတရားတွေ ပျက်ဝေးစေဖူးတယ်

အကြောင်းသိတွေ လာမဖြားနဲ့

ငါက ရေခဲထဲမှာ ပွင့်တဲ့ပန်း …

သစ်ပင်စိုက်ခြင်းကို နားမလည်သူများကတော့ ပန်းကလေးတွေပေါ်ကို ရေပန်းမွှားမွှားလေးတွေ ဖြန်းပေးရင် ပန်းကလေးတွေ လန်းမယ်လို့ အကြမ်းဖျင်း ထင်တတ်ကြပါမှာ။ ရာသီဥတု ပူရင် ပန်းကလေးတွေ နွမ်းသွား တာ မြင်ဖူးကြတာမို့ အေးရင် ပန်းတော်တော်များများက ကြာရှည် လန်းနေတတ်တာကို မြင်ဖူးကြတာမို့ ပန်းကို ရေစိမ်ထားတတ်တာ၊ ရေမှာ အညှာကိုနှစ်ပြီး ထောင်ထားတတ်တာ မြင်ဖူးကြမှာပါ။ အေးတာချင်း အတူတူ နှင်းပွင့်လေးတွေ ပန်းပေါ်ကို ကျရင်ရော ဘာဖြစ်တတ်လဲ သိလား။ အေးရင်လန်းတယ်လို့ လှေနံ ဓားထစ် မှတ်တတ်သူတွေကတော့ လန်းမယ်လို့ ထင်မှာပါ။ ပန်းအတွက် သဘာဝကျကျ အမှန်တကယ် လိုအပ်တဲ့ အေးမြမှုဆိုတာထက် ပိုတဲ့အအေးဓာတ်ကြောင့် ပန်းပွင့်ဖတ်၊ ပွင့်ချပ်လေးတွေ ရိသွား၊ ပုပ်သွား၊ မြန်မြန် ပျက်စီးသွားတတ်ပါတယ်။ နှင်းရိုက်လို့ ပန်းနဲ့ သစ်သီးတွေ ပုပ်ကုန်တာကို တောင်ပေါ်သားတွေ သိကြမယ်ထင်ပါတယ်။
အဲလိုပါပဲ.. လူ့လောကမှာလဲ နောက်ဆက်တွဲ အကျိုးကို သိလျက်နဲ့ စေတနာ ရှိလေဟန်နဲ့ သဘာဝ မကျတဲ့ မမှန်ကန်တဲ့ စေတနာဆိုးတွေကို နှင်းတွေလို အေးမြတဲ့ စကားလုံးနဲ့ လုပ်ဇာတ်တွေ တဖွဲဖွဲ ကြဲချပြီး ကျေးဇူးရှင် နာမည်ယူပြီး သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ သူတပါးရဲ့ ဘ၀တွေကို ဖျက်တတ်တဲ့ သူတွေ များလှပါတယ်။ တိမ်လို မာယာများပေမယ့် မိုးကောင်းကင်လို သဘောထား ကြီးချင်ယောင် ဆောင်ပြီး နှင်းပွင့်လို အေးမြ သန့်စင် ယောင် ဆောင်ထားတဲ့ ပန်းဖျက် လက်နက်တွေ ကြဲချပြီး ဖူးပွင့်နေတဲ့ ပန်းတွေရဲ့ ဘ၀တွေကို ဖျက်သီးတဲ့ ဒီလူတွေကို ကျွန်မ သိပ်မုန်းပါတယ်။

Read More...

Monday, July 16, 2007

ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ်

နိုင်ငံခြားတွင် ကျောင်းတက်ရင်း လူမျိုးပေါင်းစုံ၊ ဘာသာတရား ကိုးကွယ်မှု ပေါင်းစုံသော လူများနှင့် အလိုက်အထိုက် နေထိုင်ပြောဆို ဆက်ဆံရသည်မှာ ဒေသန္တရ ဗဟုသုတ တိုးသည်သာမက လူမှု ဆက်ဆံရေး စွမ်းရည် ပါ စိတ်ညစ်စရာ ကောင်းလောက်အောင် မတိုးချင်ဘဲ တိုးခဲ့ရပါသည်။ အထူးသဖြင့် အိန္ဒိယတောင်ပိုင်းမှ ကျောင်းသားတစ်ဦးရဲ့ ဂုဏ်ပြိုင်ချင်လွန်းသော အပြုအမူမှာ နေရာ တော်တော်များများ တွင် စော်ကားလိုသော အနက် အဓိပ္ပာယ် သက်ရောက်လာသောကြောင့် စကားဝိုင်းမှာ မကြာခဏ စကားရည်လုပွဲ အသွင်ဆောင် လာလေ့ရှိပါသည်။
တရက်မှာ ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ဆွေးနွေးခိုက် ဘုရားများ၊ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာများ အကြောင်းကို သမိုင်းကြောင်းနှင့် ယှဉ်ပြီး ဆွေးနွေးစဉ် မောင်မင်းကြီးသားက တစခန်းထ လာပါတော့သည်။ ဂျာမန်လူမျိုး ဆရာက ရွှေတိဂုံ ဘုရား၏ တည်ထားပုံကို ကမ္ဘာ့အံ့ဖွယ် စာရင်း သွင်းရပုံကို ချီးကျူးပြောဆိုရာ သူက ဟိန္ဒူ
ဘုရားကျောင်းများရဲ့ ရှေးကျပုံ၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀မှ ၅၀၀၀ အလွန် ကပင် ဟိန္ဒူ ဘုရားစေတီများ တည်ထားခဲ့ပြီး ဖြစ်ပုံ၊ နောက်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်သာ ကြာသေးပုံ တို့ကို ပြောပြီး ရွှေတိဂုံဘုရားသည် ဟိန္ဒူ ဘုရားစေတီ တည်ထားပုံကို နမူနာယူ အတုခိုးပြီး တည်ထားခြင်း မျှသာ ဖြစ်သည်ဟု ပြောပါလေတော့သည်။

စကားရည်ပြိုင်လုရန် စိတ်မပါလှသော ကျွန်မလည်း သည်နေရာ တွင်တော့ ငုံ့မခံနိုင်တော့ပါ။ ထို့ကြောင့် ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း လေ့လာတွေ့ရှိဖူးပါသည်။ မှန်သလားလို့ အရင်ချည် လိုက်ပါတော့သည်။ မှန်ကြောင်းနှင့် မြန်မာများသည် သူတို့ဟိန္ဒူစေတီတည်ပုံကို လေ့လာထား သည်ကို ချီးကျူးပါကြောင်း အချွန်နဲ့ မလေသည်။ ထိုအခါမှ ကျွန်မလည်း
၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားကြောင်း
၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားကြောင်း၊ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပြေပြေလေး ပြောင်းလဲယူခြင်း ဖြစ်ကြောင်း
၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ကြောင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာယူနိုင်ကြောင်း
၎. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင် ဖြစ်ကြောင်း
၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သော ဗိသုကာဖြစ်ကြောင်း
၆. ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ်ကြောင်း၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း ဖြစ်နိုင်ကြောင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေ ဖြစ်ကြောင်း၊ အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ကြောင်း။ ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့် မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေ ကြောင်း၊ စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မမြင်ဖူး သေး သောကြောင့် ရှိလျှင် လမ်းညွှန်ပါရန်နှင့်
ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။ ထိုအခါ ထိုအိန္ဒိယကျောင်းသားမှအပ ကျန် နားထောင်နေသူများ အားလုံးက လက်ခံ ခေါင်းညိတ်ကြပြီး ဂျာမန် ဆရာကမူ လက်ခုပ်တီး အားပေးလေ သည်။ သည်စကားရည် လုသလို ဖြစ်သွားသော အတန်းတွင်း စာဆွေးနွေးပိုင်းတွင် အမှတ်များစွာ ရလိုက်ပြီး ထိုဘာသာတွင် ဂုဏ်ထူးထွက် ခဲ့ပါသည်။
သို့သော် ကျွန်မကမူ ကျွန်မ အဖြေကို လုံးဝ မကျေနပ် ခဲ့သေးပါ။ သည်မျှလောက် မကသေး ဟု ယုံကြည် လက်ခံ ထားမိပြီး မိမိကိုယ်ကို လုံးဝမကျေနပ်ပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ် လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ တခါမှ မစဉ်းစားဖူးခဲ့ပါ။ စပ်စုတတ် လွန်းသည်ဟု သတ်မှတ်ခံရသော ကျွန်မ လိုက်မေးသမျှ၊ လိုက် စုံစမ်းသမျှ အထက်မှာ ပြောဆိုခဲ့သလောက်သာ သိခဲ့ရ၊ မှတ်သားခဲ့ရ ဖူးလေသည်။
ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့်
ယနေ့တော့ စိတ်နည်းနည်း ပါသဖြင့် တရားနာရန် အခွေရွေးရာ ဓမ္မစေတီဆရာတော် ဦးကောသလ ဟော သော နှလုံးသားဝယ် ဘုရားတည် ဆိုသော တရားခွေကို ရွေးလိုက်သည်။ မမျှော်လင့်ဘဲ ဆရာတော် ဟော သော တရားတော်ထဲမှာ ကျွန်မသိချင်လှသော ဘုရားတည်ရခြင်း အကြောင်းရင်းများကို နာလိုက်ရသဖြင့် မျက်ရည်လည်အောင် ၀မ်းသာမိရပါသည်။
၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း
၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ ဘ၀မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း
၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း
၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊ ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း
၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း
၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း
၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း
၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း
၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း
၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊

ငှက်ပျောဖူး ဆိုတာ ငှက်ပျော တစ်ပင်ရဲ့ နိဂုံး သင်္ကေတ ပါပဲ။ ပေတစ်သီး ကျီးတစ်သား ငှက်ပျော တစ်ပင် တဲ့။ ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး ငှက်ပျော တခိုင် သီးပြီးတာနဲ့ သူ့ဘ၀ ပြီးဆုံး ရသလို ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ အောက်သံသရာကို လည်စရာ မလိုတော့တဲ့ နိဗ္ဗာန် ရောက် ဖို့ သေချာ နေတဲ့) သောတာပန် အဆင့်ကို ရောက်ပြီ ဆိုရင် သံသရာမှာ ဆက် ရှင်သန် ကျင် လည် စရာ မလိုတော့တဲ့ အတွက် သံသရာ ပြီးဆုံးတဲ့ အတွက် ငှက်ပျောဖူးနဲ့ တင်စား တာပါတဲ့ရှင်။ ငှက်ပျောဖူး ပြီးရင်တော့ အထက် မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကိုတော့ တင်ပြ ပြီးသားပါ။ ပေဖူး ပုံ မသုံးဘဲ ငှက်ပျောဖူး ပုံ သုံးရခြင်း အကြောင်းက မျက်စိ အမြင်ထဲ မှာ ပုံပန်း သဏ္ဍာန် အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွေးလား မသိပါဘူးနော်။ ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း ရှူးပြီး ထီးတော် ခုနှစ်ဆင့် အဖြစ် တက်သွား သလို သောတာပတ္တိ မဂ်ဥာဏ် ရပြီး သား သူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့် ဆီကို တသမတ်တည်း အစဉ်လိုက် ရရှိ ရောက်ရှိ သွားတဲ့ သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော် ၇ဆင့်ကြား အချိတ်အဆက် မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှု ရပါတယ်ရှင်။

၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း
၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊
၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း
(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊
(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင် သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။
၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။ သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။
ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
ထိုမျှမကသေးပါ.. စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်သူ ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ဆရာတော်က ဆက်ဟောပါသည်။ ဖြစ်နိုင်လောက်ပါသည်။ ဒါကြောင့်လည်း
ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်
လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဟု လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည်။
သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။
ကျေနပ်သွားသော စိတ်ကို ပြန်လည် သတိထားရင်း တရားတော်ကို ဟောပြသော ဆရာတော်ကို လည်းကောင်း တရားဆုံးအောင် နာလိုက်ခွင့်ရသော မိမိရဲ့ ကုသိုလ်ကံကို ကျေးဇူးတင်လိုက်မိသည်။ ခုလို သူငယ်ချင်းများနဲ့ စာဖတ်သူ များကိုပါ ဝေငှခွင့်ရမှုကို ပိုလို့ပင် ကျေးဇူး တင်မိသည်။ ကျွန်မ အတွက် ကတော့ သည်နေ့ကစပြီး ဘုရားကို အနှစ်ပါပါ နှလုံးသားနှင့် ဖူးတတ်ပါပြီ ဟုသာ ပြောချင်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး စာဖတ်သူ များလည်း သိပြီးသား ဆိုလျှင်ဖြင့် အဖော်ရသည်မို့ ၀မ်းသာစွာ လက်ဆင့်ကမ်း ကြိုဆိုလိုက်ပါသည်။ မသိသေးသူများ ဘုရားကို နှလုံးသားဖြင့် အနှစ်ပါပါ အသိတရား အပြည့်ဖြင့် ဖူးမြော် နိုင်ကြအောင် သည်ဆောင်းပါးကို ရေးသား ဝေမျှရသော ကုသိုလ်ရဲ့ အဖို့ဘာဂ ကို စာဖတ် သူ ပရိသတ်ကို လည်း ကောင်း၊ သည်လို မြန်မာစာ၊ ယဉ်ကျေးမှု၊ သာသနာတို့ အဓွန့်ရှည် တည်တံ့ ကျန်ရစ်အောင် မြန်မာ့ ယဉ်ကျေးမှုတွေ ပပျောက် မသွားအောင် ထိန်းသိမ်းခွင့်ကို အသက် ပေးကာ လွတ်လပ်ရေး အတွက် တိုက်ယူ ပေးခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီး ၉ဦး အပါအ၀င် အာဇာနည်များ အားလုံးကို လည်းကောင်း၊ ၃၁ဘုံတွင် ကျင်လည်ကုန်သော ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။ အမျှရပြီး နိဗ္န�ာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ။

Read More...