Thursday, November 15, 2007

ကျွန်မ ကြောက်ရင် ဘာလုပ်

ညီမလေး Chaos က tag ထားတာ ကြာပါပြီ လူလည်ကျပြီး စီဘောက်စ်မှာ အဖြေ ရေးပေးခဲ့ပေမယ့် သေချာ ရေးပေး ဖို့ ဆန္ဒ ရှိတာကြောင့် လွန်ခဲ့တဲ့ လေးနှစ်က ကျွန်မ ရေးထားပြီး ကြိုက်လျက်နဲ့ ဖျက်ဆီးခံ လိုက်ရတဲ့ ပို့စ် လေး ကို စိတ်နဲ့ ပြန် မှန်းပြီး သတိရ သလောက်လေး ပြန်ရေးပေး လိုက်ပါတယ်။ ကျွန်မက ကြောက်ရင် ထွက်မပြေးဘဲ ကျွန်မ ကြောက်တဲ့အရာ အကြောင်းကို ဂဃနဏ နားလည်အောင် ပြန်လေ့လာ တတ်တဲ့ အကျင့်လေး ရှိပါတယ်။ အခု တင်ပြမယ့် ကျွန်မ ကြောက်တဲ့ အကောင် အကြောင်းကို လေ့လာတုန်းက ဆိုရင်လေ တကိုယ်လုံးက ရှိသမျှ အမွေး ထောင်အောင် တုန်အောင် ကြောက်လျက်က သေချာ အားမွေး ပြီးကို စေ့စေ့ ကြည့်ပြီး လေ့လာ ခဲ့တာရှင့်.. ဘာကောင်များ ပါလိမ့်နော်… လေ့လာ မိရတဲ့ အကြောင်းကို အကို တစ်ယောက်က (ခင်လို့ အကို တော်လိုက်တဲ့ သူ) မေးလာပါတယ်။ ဟုတ်ကဲ့။ ကျွန်မ သိပ်ကြောက် မိတဲ့ လူတစ်ယောက်ကို မုန်းမိ သွားမှာ စိုးလို့ နားလည် ပေးဖို့ ကြိုးစားတာ မရလို့၊ နားလည် မပေးနိုင် လို့ အရင်ဆုံး သူ့ထက် အသိဉာဏ် နည်းမယ်လို့ ယူဆရတဲ့ ကျွန်မ အကြောက်ဆုံး သတ္တ၀ါကို အရင် နားလည် ပေးဖို့ ကြိုးစားချင်လို့ ဒီအကောင်ကို လေ့လာ တာပါလို့။ ဟုတ်တယ်လေ။ ခက်တာကို အရင် လေ့လာ လို့ နားမလည်နိုင်ရင် သဘောတရား ဆင်တူတဲ့ လွယ်တာကနေ ပြန်လေ့လာရင် နီးစပ်နိုင် တာပေါ့နော်။
************************************************************

မုဆိုးကျော်ရဲ့ အတ္တ အမိုက် နိဂုံး

ကျွန်မ ဒီဘ၀မှာ ဒီဘ၀ကို ရွေးခွင့် မရှိဘဲ ရောက်လာ သလိုပါပဲ။ မွေးကတည်းက ကျွန်မဟာ ဘာဆိုတာ သတ်မှတ် ပြီးသား ဖြစ်နေသလိုပေါ့။ ကျွန်မတို့ အမျိုးဟာ ရက်စက်မှု သရဖူ ဆောင်းတဲ့နေရာမှာ နာမည် ကြီး တဲ့ရှင့်။ ကျွန်မတို့ကို မြင်လိုက်တာနဲ့ တော်ရုံ လူဆိုတဲ့ သတ္တ၀ါ တွေကတောင် ငယ်သံ ပါအောင် အော်လေ့ရှိကြတယ်။ ကျွန်မတို့ကို အင်းဆက်တွေ ဆိုပြီး လူဆိုတဲ့ သတ္တ၀ါ တွေက သတ်မှတ်ကြတယ်။ သူတို့ရဲ့ ဦးနှောက် အသိဉာဏ် ခွဲခြားပုံအရ ဆိုရင် ကျွန်မတို့က အားလုံးထဲမှာ အနိမ့်ဆုံးပေါ့.. ဟဲဟဲ.. ထားလိုက်ပါလေ။ ရှင်တို့ လူသားတွေ ခွဲခြား သတ်မှတ် ပုံအတိုင်း ကျွန်မတို့ စွမ်းရည် ကျသွားတာမှ မ ဟုတ်ဘဲ။ ကျွန်မတို့ အမျိုး တွေရဲ့ စွမ်းရည် တွေကို ပြောရဦး မလား။ ကမ္ဘာ့ အသေးဆုံးနဲ့ အခိုင်ဆုံး ချည်မျှင် ကို ကျွန်မတို့ လုပ်တယ်။ ကမ္ဘာ့ အပြင်းဆုံး အဆိပ်ကို ကျွန်မတို့ ထုတ်တယ်။ မျက်စိ ရှစ်လုံး၊ ခြေတံ ရှစ်တံ ရှိတဲ့ ကျွန်မတို့ကလေ .. လေထဲ ပျံဝဲလာတဲ့ ငှက်ကိုတောင် ဖမ်းစားနိုင်တဲ့ အထိ စွမ်းတယ် ရှင့်။ ဘုတ်ထိုင်း ပုံစံနဲ့ ဟိုကပ် ဒီကပ် လုပ်နေလို့ အထင် သေးမယ် မကြံနဲ့ ရှင်.. မှားမယ်နော်.. ဟဲဟဲ

အော် ကျွန်မ တို့ အမျိုးတွေ အကြောင်း လား။ နေတဲ့ နေရာပေါ် မူတည်ပြီး အမျိုးတွေ ကွဲပြားလေ့ ရှိတယ် ရှင့်။ ဘယ်တွေမှာ နေတတ်လဲ ဟုတ်လား။ အနှံ့ပဲရှင့်။ ရေထဲမှာ၊ ကုန်းပေါ်မှာ၊ အိမ်တွေ ထဲမှာ၊ ပန်းပွင့် တွေ ပေါ်မှာ၊ မြေတွင်း ထဲမှာ၊ သစ်ပင်တွေ ပေါ်မှာ၊ ကျွန်မတို့ အမျိုးတွေ နေရာအနှံ့မှာ ရှိတတ် ကြတယ်။ အော်.. ကျွန်မလား.. ကျွန်မက တောကြီး ပင့်ကူရှင့်။ ရှင်တို့ ဖတ်ဖူးမှာပါ။ ဟင်္သာ ကိုးသောင်း ကို ဂူထဲ လှောင်ပိတ် ထားပြီး တစ်ကောင်ချင်း ဖမ်းစား ခဲ့တဲ့ ရာဇ၀င်ထဲက လှည်းဘီးလောက် ရှိတယ် ဆိုတဲ့ တောကြီး ပင့်ကူဟာ ကျွန်မတို့ရဲ့ အမျိုးသား သူရဲကောင်းပေါ့။ ခုခေတ် မရှိ နိုင်တော့ ပါဘူးတဲ့လား .. ဟားဟား.. မနှစ်ကမှ အမေရိကန် နိုင်ငံက အမျိုးသား ဥယျာဉ် ထဲမှာ ဘောလုံးကွင်း တကွင်းစာ ကြီးတဲ့ ပင့်ကူအိမ်ကြီးကို တွေ့ခဲ့ကြ သေးတယ် ဆိုတာ ရှင်တို့ မကြားလိုက် မိကြဘူးလား။

ကျွန်မတို့ကို ဉာဏ်နည်းတယ် လို့ ထင်တဲ့သူတွေကို ဟားတိုက် ရီချင်တယ်။ ကျွန်မတို့ သားကောင် ဖမ်းတဲ့ နည်းတွေ သိပ်ပညာ ပါတာ သူတို့ သတိ မထား မိတတ် ကြဘူး။ ဒါနဲ့များ သူတို့ကိုယ် သူတို့ ဉာဏ်ရည် မြင့်သော လူသားများ တဲ့လေ။ သားကောင် မဖမ်းခင် သားကောင်အကြောင်းကို အရင် နားလည် ရတယ်။ အမြည်း အနေနဲ့ နမူနာ နည်းနည်း ပြောရရင် သူ ဘယ်တွေ သွားတတ်လဲ၊ ဘာတွေ ကြိုက်လဲ၊ ဘယ်နေရာ ကနေ ဘယ်လို စောင့်ဖမ်း ရလဲ စသဖြင့်ပေါ့။ သားကောင် ဖမ်းတဲ့ ကွန်ယက်ကို မမြင်သာအောင် ပါးပါးနဲ့ ခိုင်ခိုင် ဖြစ်အောင် ယက်ရ သေးတယ်။ လေထဲက ကောင်ကို ဖမ်းမလား။ ဒါဆို လေကြောင်း သင့်အောင် ကွန်ယက် ဖွဲ့ရတယ်။ သားကောင် ကြိုက်တတ်တဲ့ အရောင်၊ အနံ့၊ အရသာ တွေ ရှိတတ်တဲ့ နေရာတွေ နားမှာ ကွန်ယက်ဖွဲ့ရတယ်ရှင့်။ မုဆိုးပညာ၊ မိုးလေ၀သ လေကြောင်းပညာ တွေ ကျွမ်းကျင် ရတယ် ဆိုပါတော့ရှင်။ ဒါတွေက သားကောင် မဖမ်းခင် ပြင်ဆင် ရတဲ့ အကြောင်းပဲ ရှိသေး တာနော့။ အင်း အကြမ်းဖျင်း ခြုံ ပြောရရင် အခြေအနေ တွေကိုရော၊ သားကောင် အမျိုးအစား တွေရဲ့ အားနည်းချက်၊ အားသာချက် တွေကိုပါ ကောင်းကောင်းကြီး အသုံးချ တတ်တာ ကျွန်မတို့ရှင့်။

ကျွန်မလဲ ပင့်ကူလား မြောက်ကြောင်း ပြသတဲ့ အနေနဲ့ ကိုယ်ပိုင် အိမ်တစ်လုံး ဆောက်ရ တော့တာပေါ့။ စောစောက ပြောတဲ့ အတိုင်း နေရာရွေး၊ အိမ်ဆောက်၊ အသားကျတော့ အလယ်ခေါင် ချက်မမှာ အသာ ထိုင်စောင့် နေတာပေါ့။ မကြာခင် အင်းဆက် သေးသေး လေးတွေ ကံမကောင်းစွာနဲ့ ကျွန်မအိမ်မှာ လာ ကပ် ပါလေရော.. ကံမကောင်းတာ ကျွန်မရှင့်။ မစားလောက် မသောက်လောက် ကလေးတွေ လာကပ် တော့ အိမ်လေးတာ ပေါ့ရှင်။ ဟော.. ပိုးဖလံကြီး တစ်ကောင် လာကပ်နေပြီ။ အိနြေ္ဒမရ သွားဖမ်းမယ် ထင် လား။ ဝေးသေး။ လေ အသင့်မှာ ကျွန်မရဲ့ ခြေချောင်း လေးတွေကို နိမ့်ချည် မြင့်ချည်နဲ့ အသဲယား စဖွယ် လှုပ်ရှားရင်း ကျွန်မရဲ့ အိမ်လေးကို လှုပ်ခါ ရမ်းပေး လိုက်တယ်။ သူက ကြောက် လန့် တကြား ရုန်းလေ၊ သူ့တောင်ပံတွေ၊ ခြေချောင်း တွေက အိမ်လေးမှာ သွားကပ် လေပေါ့။ နောက်ဆုံး အိမ် လေးက အစေး တွေမှာ ရုန်းမရအောင် ကပ်သွားလေရဲ့။ တွေ့လား။ ကိုယ်တိုင် သွားဖမ်း စရာ မလို ပါဘူး ဆိုနေ။ အခြေ အနေကို အသုံးချ တတ်ဖို့ပဲ လိုတာလေ.. နောက် ထပ် ၃-၄ကောင် ထပ်ကပ်လာမှ တစ်ကောင် ချင်းစီကို အေးအေး ဆေးဆေး ပင့်ကူမ ယဉ်သာ သွားပြီး ဦးနှောက်ကို ဖောက်စား လိုက်တယ်။ သိတယ်ဟုတ်။ အကောင်း ကြိုက်တယ်လေ။ အဆီအနှစ် အရှိဆုံး အရာကို စားပြီး ကျန် တဲ့ ကိုယ်လုံးကို အိမ်လေး ပေါ် ကနေ ဖြုတ်ထုတ် လွှင့်ပစ်လိုက်တယ်။ အိမ်လေးရဲ့ အောက်ခြေ မှာတောင် အကောင်သေ တွေရဲ့ ကိုယ်လုံး တွေ ဖွေးလို့ပေါ့။ ပြီးတော့ အဲဒီနေရာမှာ လစ်ဟာ ကျဲကွာ သွားတဲ့ အိမ် နေရာကို ပြန်ဖာထေး ရတယ်။

အယ်.. အယ်.. သိမ့်ကနဲ တချက် ကြမ်းကြမ်း လှုပ်သွား တယ်။ အိုးး နည်း တဲ့ ပိတုန်းကြီး မဟုတ်ဘူး။ သူ့ အတောင်ပျံ သန်သန် မာမာ ကြီးတွေကို တဖြန်းဖြန်း ခတ်ရင်း ရုန်းထွက်ဖို့ ကြိုးစား နေလေရဲ့။ မဖြစ် ချေဘူး။ သူ့အားနဲ့ ရုန်းထွက်ရင်း လွတ်သွား မှဖြင့်… ပိုဆိုး တာက အိမ်လေး ပျက်စီး သွားမှဖြင့် ခက်ရ ချည့်။ ဒီတခါ ပဲများ နေလို့ မဖြစ် ချေဘူး။ ရုန်းကန် နေတဲ့ သူ့အနားကို မြန်မြန် သွားရင်း သူ့ကိုယ်လုံးကို လှုပ်မရ အောင် ချည်မျှင်တွေနဲ့ အထပ်ထပ် တုပ်လိုက်တယ်။ ဘယ်ရမလဲ ငြိမ်ကျ သွားပြီ။ ဒါတောင် ၀ီဝီ အော်နေတုန်း.. ဟင်းဟင်း ရှင်ဘယ်လောက် စွမ်းစွမ်း ခုတော့ ကျွန်မရဲ့ ထောင်ချောက်ထဲ ရှင် ဘာတတ် နိုင်သေးလဲ။ ဒီလောက် ကြီးတဲ့ ခေါင်းထဲက ဦးနှောက် အသာလေး စုပ် ဖောက်ပြီး သောက်လိုက် တာပေါ့။ ဗိုက်ကို ကားရောရှင်။ ကဲ.. သွားပေ ဦးတော့ နောက်တစ်ကောင်။

ဒီလိုနဲ့ အရွယ်ရောက်တော့ သိတယ် မဟုတ်လား။ ဖိုသံ မသံ ပေးလာ ကြပြီလေ။ ဟင်းဟင်း။ ဘယ်သူ့မှ လူမထင် အဲဟုတ်ပေါင် ဘာကောင်မှ မထင်လို့ ပင့်ကူ လုပ်လာတာ။ ကြားက ဖြတ်ပြော ရဦးမယ်။ ကျွန်မ တို့ တောကြီး ပင့်ကူ ဆိုတာ အထီးထက် အမက ပို သန်မာ ထွားကြိုင်းတယ်ရှင့်။ ကိုယ့်လောက် တောင် အကောင် မ၀င်တဲ့ သူတို့က လာပိုးပန်းတော့ ဘာလဲ။ ပညာစမ်းတာလား။ စော်ကား တာလား ပေါ့။ ကိုယ့် ရှေ့ ဒူးထောက် ခစားမှတော့ အသင့် ဦးနှောက် ဖောက်စား တော့တာပေါ့။ ရက်စက် လှချည့် မပြောနဲ့နော်။ တောကြီး ပင့်ကူ ပါဆို နေမှ။ ရန်အလိုဆုံး အရက်စက်ဆုံး နံပါတ် တစ်ရှင့်။

အဲလိုနဲ့ နေလာ ရင်းကနေ တစ်ရက်တော့ သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် ကျွန်မလဲ ချစ်သူ တစ်ယောက် ရမိ ပါတယ်။ မွှန်သွားတယ် ပေါ့လေ။ သတိဝင် လာတဲ့ အချိန်မှာတော့ မာန တွေက ထောင်းကနဲ ထောင်ထ လာတာပေါ့။ ငါလို ပင့်ကူကို ရအောင် သွေးဆောင် ဖြားယောင်း နိုင်တယ် ပေါ့လေ။ မြွေပွေး ပိုးထိ တာကိုး ရှင့်။ အပြစ်ဒဏ်ကတော့ သေဒဏ်ပဲပေါ့။ ဘာလို့ အဲလောက် ဒေါသကြီးရလဲ ဟုတ်လား။ ကျွန်မရဲ့ ရည် မှန်းချက်က ဒဏ္ဍာရီ ထဲက ပင့်ကူလို နာမည် ကြီးဖို့နဲ့ တောကြီးပင့်ကူ တစ်ခေတ် ပြန်လည် ဆန်းသစ် ဖို့ပဲရှင့်။ အဲလို ဖြစ်ဖို့က အပျိုကြီး ပင့်ကူ ဖြစ်မှ ရနိုင် မှာလေ။ ကျွန်မတို့ အမျိုးက ကလေး မွေးပြီး တာနဲ့ သေလေ့ ရှိကြတယ်။ ဘာလို့လဲတော့ မသိသေး ဘူးရှင့်။ အို… ဟုတ်ချင်မှ ဟုတ်မှာပါ လို့ ကိုယ့်ကိုယ်ကို ချွေးသိပ် လိုက်ရတယ်။ ဘယ်လိုသေလဲ၊ ဘာကြောင့် သေလဲ ဆိုတာ မြင်ဖူး တာမှ မဟုတ် သေးတာ။

အဲ… ဒါပေမယ့် သူသေပေမယ့် သူ့ကိုယ်ပွားတွေက ဗိုက်ထဲ ရွစိရွစိ။ သိလိုက်ပါပြီ။ နေရာ ရှာရတော့မယ်။ ကိုယ့်အမျိုးကလဲ အမျိုးတူချင်းတောင် ဗိုက်ဆာရင် နိုင်ရာ စားစတမ်း။ ကိုယ့် ကလေး ပေါက်စတွေ သူများ စားကုန်မှဖြင့် ခက်ရချည့်။ နောက်ပြီး ရှောင်ရမှာက လူတွေလေ.. လူတွေပေါ့။ ဟိုဘက်အိမ်က ညိုမဆို၊ သူ့ ဥတွေ ထည့်ဖို့ ယက်ထားတဲ့ သူ့ ဥအိတ်ထဲ ဥကလေးတွေ ထည့်လွယ် ထားတုန်း တောလည် လာသူတွေ တွေ့သွားလို့ လိုက်ရိုက်လို့ ထွက်ပြေးရင်း ဥအိတ် ပြုတ်ကျ ခဲ့တာ။ အဲဒီ ဥအိတ်ကို သူ့ကို လိုက်သူ တွေက မီးဖိုထဲ ပစ်ထည့် လိုက်တာ ညိုမတော့ ရင်ကွဲနာ ကျလို့ ဆန့်ငင် ဆန့်ငင်နဲ့ သေပါ ရောလား။ ကိုယ့်အလှည့် အဲလို မဖြစ်ရလေအောင် လူတွေနဲ့ ဝေးရာ လုံခြုံရာ သွားပြီး ဥဥဖို့နဲ့ ဥအိတ်ကို စောင့် ရှောက်ဖို့ နေရာ ရှာဦးမှ.. ဥအိတ်ကြီး တကားကား နဲ့ဆို ဥဥချိန်က စပြီး အကောင်ပေါက်ချိန်ထိ အစာ မရှာ နိုင်တော့ ဘူးလေ။ အိမ်ကိုလဲ မြင်ကွင်းမှာ ဖွဲ့ထားပြီး ကိုယ်တိုင်ကလဲ မြင်ကွင်းမှာ နေလို့ မဖြစ်တော့ ဘဲကိုး။

ကျွန်မတို့ထက် တကယ်တမ်း ရက်စက်တဲ့ နေရာမှ ပညာသား ပါတာက လူတွေပါရှင့်။ ရှင်တို့ လူသား တွေက သူများကို ပို ရက်စက် ဉာဏ်များ သယောင် ရင်တဖိဖိနဲ့ ကြေညာ ပြတတ် သလောက် ကိုယ်တိုင် ကျတော့ ကြောက်တတ်သယောင် ဟန်ဆောင် တတ်သလောက် တကယ်တမ်းကျ ကျွန်မတို့ထက် ပို ကြောက်ဖို့ ကောင်းတာ ကိုတော့ ကောင်းကောင်းကြီး ဖုံးကွယ် ထားတတ် ကြတယ်လေ။ အဲဒီ မာယာ ကတော့ ကျွန်မတို့ ထုတ်လုပ်တဲ့ အဆိပ်ထက် အများကြီး ပိုပြင်းတဲ့ အဆိပ်ပဲလေ။

အင်း.. ကလေး မမွေးခင် ပိုးဖလံကြီး တစ်ကောင်ကို ဖမ်းစား လိုက်တယ်။ အဲလောက်မှ မီးတွင်း တစ်တွင်း စာမှာ အားရှိနိုင်မှာလေ။ ဒီတစ်ခါတော့ ဦးနှောက်တင် ဖောက်စားတာ မဟုတ်ဘူး။ သူ့ ဂုပ်ကနေ အစွယ် ကို ထိုးသွင်းလိုက်ရင်း အဆိပ်တွေ သွင်းလိုက်တာရှင့်။ အဲဒီ အဆိပ်တွေက သူ့ကိုယ်ထဲက အသားတွေ အားလုံးကို အရည်ဖျော် ပစ်လိုက်တယ်လေ။ အားလုံး အရည်ပျော် သွားတော့မှ အသာလေး စုပ်ယူ သောက်သုံး လိုက်တာပါ။ ကိုယ်ကောင် အခွံကြီး ကတော့ ပုံမပျက် ကျန်ခဲ့လေရဲ့။ အို.. အို.. ကမဇလေ လှုပ်တယ် ထင်ပါ့။ ရွေးထားတဲ့ နေရာလေးကို အမြန်သွား ပုန်းခို လိုက်၇တယ်။ ဂိုဒေါင်ဟောင်း တစ်ခု ထဲက အ၀ကျဉ်း ဖင်ကျယ် ဖန်ပုလင်း အကြီးကြီး ထဲမှာပေါ့။ ဥမယ့် ဥအိတ်ကို ပင့်ကူ မျှင် နဲ့ပဲ ထူထူထဲထဲ ယက်လိုက်ရတယ်။ ဟင်းဟင်း သိတယ်နော်။ ကမ္ဘာ့ အခိုင်ဆုံး အမျှင်တွေလေ။ တော်ရုံ ဆွဲဖြဲလို့ ပြဲမယ် မထင်နဲ့ ရှင့်။ အသင့်ဖြစ်ပြီ ဆိုမှ ဥအိတ်ကို ဗိုက်နဲ့ ကိုယ်နဲ့ ကြားက ဥဥမယ့် နေရာမှာ ကပ်လိုက်ရတယ်။ (အီး… အဲဒါကို ချောင်းကြည့် တုန်းက ချွေးကို ရွှဲလို့) ကျွန်မတို့ ပင့်ကူ တွေက ခြေချောင်း တွေက ကိုယ် မှာ ရှိတာလေ။ ဗိုက်က နောက်ဆုံးမှာ သပ်သပ် ထွက်နေတာ ကလား။ ထိန်းရတော့ ခက်တယ်။ အစွယ်နဲ့ ဥအိတ် ရှေ့ပိုင်းကို ထိန်း၊ အလယ် ခြေ လေးချောင်းနဲ့ ဥအိတ်ကို ထိန်း ရင်းနဲ့ လှည့်ပေးရတယ်။ ဒါမှ ဥလေးတွေ တနေရာထဲမှာ ပြွတ်သိပ် ပြီး ကြပ်ညပ် မနေမှာပေါ့။ ဥလေးတွေ ဥအိတ်ထဲမှာ အနေတော် နေရာ အနှံ့မှာ အဆင်ပြေပြေ ဖြစ်ဖို့ အရေးကြီးတယ်လေ။ အင်း တနေကုန် ဥလိုက်တော့မှ ဥအိတ် လေးက ပြည့်ပြည့် ဖောင်းဖောင်းနဲ့ ဗိုက်ထဲက သန္ဓေသား လေးတွေ ဥအိတ်ထဲ ချောချော မွေ့မွေ့ ရောက်လာတယ်။

ရက်တွေ တော်တော် များများ ကုန်လွန် သွားတဲ့ တစ်ရက်မှာ ကလေးတွေ ပေါက်လာပြီး ဆိုတာ ကျွန်မ ခံစားလို့ သိနေတယ်။ ကျွန်မလဲ အတော့်ကို အားနည်း နေပြီလေ။ လူလို သူလို ဟန်ဆောင် ပန်ဆောင် မြင့်မြတ် ပြရင်း မိဘ မေတ္တာကို ခံစားမိတယ်လို့ ပြောချင် ပြောပေါ့ရှင်။ ကလေးတွေကို ထားခဲ့ပြီး အစာ ရှာဖို့ ကျွန်မ ဘယ်လိုမှ စိတ်မဖြောင့် နိုင်ဘူးရှင့်။ ရှင်တို့ လူသား တွေလောက် ကျွန်မတို့ တောကြီး ပင့်ကူ တွေက မိခင်စိတ် မမဲ့ဘူးရှင့်။ ကာမဂုဏ်ကို ခံစားတုန်းက ခံစားပြီး ပေးဆပ် ရမယ့် အချိန် ရောက်မှ မပေးဆပ် ရဲဘဲ ကလေးကို ဖျက်ချတဲ့ အလုပ် ကျွန်မတို့ တောကြီး ပင့်ကူ တွေက မလုပ်ဘူး။ ကလေးကို ခိုင်းစားတဲ့ တောကြီး ပင့်ကူ ရယ်လို့ရော ကြားဖူး ကြလား။ ဟင်းဟင်း .. ထားလိုက် ပါရှင်။ သူတပါးကို ရက်စက် တတ်လိုက် တာလို့ ရင်သပ် ရှုမော ပြရင်း ခေါင်းစဉ်တွေ တပ်ရင်း လက်တွေ့ မာယာ အဆိပ် ငွေ့ တွေကို ထုတ်သုံး ဖုံးကွယ်ရင်း လူသား တွေကို မိန်းမော တွေဝေ စေပြီးမှ လှလှပပ ရက်စက်တဲ့ ရှင်တို့ လူ သားတွေ လိုတော့ ကျွန်မတို့က အဆိပ် မပြင်း ဘူးရှင့်။ ကျွန်မတို့ အဆိပ်က မြင်သာ ထင်သာ ရှိနေ တာကိုး..

ဟော.. ကလေးတွေ တအား ရုန်းနေပြီ။ ကျွန်မလဲ အကြာကြီး ဗိုက်မှာ လွယ်ပြီး ခြေချောင်းတွေ အစွယ် တွေနဲ့ ထိန်းထားခဲ့ရတဲ့ ဥအိတ် ဖြူဖြူ ၀ိုင်းဝိုင်း ကြီးကို ဖြည်းဖြည်း အောက်လွှတ်ချ လိုက်တယ်။ အားလဲ သိပ်နည်းနေပြီလေ။ အစာ မစားခဲ့ရတာ ကြာလှ ပြီ ကော။ ကလေးတွေ ထွက်လာလို့ သွားနိုင် လာနိုင် ဖြစ်လာရင် ပင့်ကူတို့ တတ်အပ်တဲ့ ပညာတွေ သင် ပေး ရဦးမယ်။ ကျွန်မ တုန်းက သိတတ်စ အရွယ်မှာ အမေကို မမြင်ဖူး ခဲ့ဘူး။ မီးတွင်းထဲတင် ဆုံးသွား တယ် ဆိုပဲ။ ဘ၀ပေး အသိဉာဏ်နဲ့ ရှင်သန် လာခဲ့ ရတဲ့ ကျွန်မထက် ကျွန်မရဲ့ သားတွေက ကျွန်မရဲ့ သွန်သင် ဆုံးမမှု အောက်မှာ ပိုလို့ တော်သူတွေ ဖြစ်လာ စေ ရမယ်။ အိုး.. ဖွေးဖွေး လှုပ်စိ လှုပ်စိနဲ့ ကလေးတွေ အများကြီး ဥအိတ်ထဲကနေ ခုန်ထွက်လာ လိုက်တာ.. ဆယ်ကောင်၊ အကောင် နှစ်ဆယ်၊ အကောင် တရာ.. အိုး ထပ်ထွက်လာ နေတုန်းပဲ။ ပီတိနဲ့ ကြည့်နေ ရင်းက ပင်ပန်း လွန်းလို့ စိတ်ကို လျှော့ချ ဖြေလျော့ လိုက်တုန်း ကိုယ်တွေ ဆီက စစ်ခနဲ စစ်ခနဲ နာကျင်မှု တွေ ခံစားရရင်း အားတွေ ပိုလျော့ သလို ခံစား လိုက်ရတာ သတိ ပြုမိ လိုက်တယ်။ ပိုလို့ နုံးခွေ လာ တာကို သတိထားမိရင်း အခြေအနေကို ပြန်သုံးသပ် လိုက်မိတယ်.. အလိုလေးလေး

မွေးကာစ ကျွန်မရဲ့ ကလေးတွေလေ။ မွေးရာပါ အစွယ်လေး တွေနဲ့ ကျွန်မရဲ့ ကိုယ်ထဲကို မွေးရာပါ အဆိပ်တွေ ထိုးသွင်း နေလိုက် ကြတာ.. ဥအိတ်ထဲမှာ ဆာလောင် နေခဲ့ ကြတယ် ထင်ပါ့။ ဒီလိုဆို.. အို.. သေချာ နေပါပြီ။ သူတို့ကို မမွေးခင် ကျွန်မ အဆိပ်နဲ့ အရည် ဖျော်ပြီး သောက်သုံး ခဲ့တဲ့ နောက်ဆုံး ပိုးဖလံ ကြီးကို သတိ ရလိုက် မိတယ်။ သူတို့.. ကျွန်မရဲ့ သားသမီးတွေ.. ကျွန်မ တစ်ကိုယ်လုံးကို အရည် ဖျော်ပြီး အစာ အမှတ်နဲ့ သောက်သုံး ကြတော့မယ်။ ဒီလိုဆို.. ကျွန်မ အမေ ဘယ်လို သေခဲ့ရလဲ။ ဒီလိုဆို.. ဒီလိုဆို.. တွေးရင်းနဲ့ ပျော့ခွေ သွားတယ်။ အစာ ရေစာ ပြတ်လပ်ပြီး အားမရှိ တော့တဲ့ ကျွန်မ.. ဘ၀ကို လည်စင်းခံ ရမယ့် အချိန်မှာ ကျွန်မ ၀ိညာဉ်ကို အပြီးသတ် နှုတ်သိမ်း သူတွေက ကျွန်မရဲ့ သား သမီး တွေ။ ကျွန်မရဲ့ တသက်တာ မှာ သူတပါးရဲ့ အသက်တွေ၊ ဘ၀တွေ၊ ကိုယ်ခန္ဓာ တွေကို ပျော်ပျော် ကြီး သုံးစား ခဲ့တယ်။ ဘ၀တွေ အခြေအနေတွေ အများကြီးကို အသုံးချ ခဲ့တယ်။ ခုတော့.. ၀ဋ်လည်တယ် ဆိုတာ ဒါပဲလား။ ဒီထက် ပို နာကျင် ခံစားရမယ့် ၀ဋ်လည်မှု ရှိသေး ရဲ့လား။ ကိုယ် သေသေ ချာချာ ရွေးချယ် စီမံ ထားခဲ့တဲ့ အခြေအနေ တစ်ခုမှာ ချောင်ပိတ်ရင်း ကူသူ ကယ်သူမဲ့ ကိုယ်မွေးတဲ့ သားသမီး ကိုယ့်ပြန် စားသောက် ခံရတဲ့ ဘ၀မှာ.. ဒါဆို သူတို့ရော.. သူတို့ အရွယ် ရောက်ရင်ရော.. ကျွန်မရဲ့ မျိုးဆက် တွေက ကျွန်မလို အဖြစ်မျိုးနဲ့ ဇာတ်သိမ်း ကြဦး မှာပါလား။ နောက်ဆုံး ထွက်သက်မှာ မရဲတရဲ ဆုတောင်း ဆန္ဒပြု မိပါတယ်။ နောင် ဘ၀ ဆိုတာ ရှိခဲ့ရင် ဘယ်တော့မှ တောကြီးပင့်ကူ မဖြစ် ပါရ စေနဲ့။ တောကြီး ပင့်ကူနဲ့ ဆင်ဆင်တူတဲ့ လူလဲ မဖြစ် ပါရ စေနဲ့ လို့ ဆု…. တောင်း…. ရင်း….

10 comments:

Chit Lay Pyay said...

အမလေး ကောင်းချက်ကတော့ ကမ်းကုန်ရောပဲ၊ လူက လှိုင့်ရဲ့ အရေးအသားမှာ နစ်မျောသွားတာ မောလိုက်တာ၊ အတွေးနဲ အရေးကတော့ ဂွယ်ရှယ်ပဲ၊

Winkabar said...

ကောင်းလိုက်တာအစ်မရယ်။ ရိုးရိုးကောင်းတာတောင်မဟုတ်ဘူး။ ရှယ်ပဲ။ ဒီလောက်အရှည်ကြီးတောင်ဖတ်ရတာမပျင်းဘူး။
သနားစရာနော်။ ကိုယ့်သားသမီးက ပြန်စားလိုက်တာ။

နေဘုန်းလတ် said...

ငါ ဖတ်ဖူးခဲ့တာကြာပါပြီ ... သိပ်ကြိုက်ခဲ့တဲ့စာတစ်ပုဒ်ပါ ...
ဒီလိုဝတ္ထုတိုမျိုးလေးတွေ များများရေးနိုင်ပါစေ ... သူငယ်ချင်းရေ ...

chaos said...

မရေ
ကျွန်မတက်တာလေးကို
ဒီလိုအထူးတစ်လည်
စာပေဖွဲ့ပြီးဖြေပေးတာ
အရမ်းကို ကြည်နူးမိတယ်
ကျေးဇူးအရမ်းတင်ပါတယ်

အလွမ်းအိမ် said...

ဟား ကောင်းလိုက်တာ အမရာ။ ဗဟုသုတတွေ အများကြီး ရသွားတယ်။ စ၊လယ်၊ဆုံး ဆွဲဆောင်သွားတာ။

Totto Chan - တော့တိုးချန် said...

ကလောင်စွမ်းကထက်ပါဘိ။
ဖတ်နေတာက တော့တိုးချန် မဟုတ်ဘဲ ၀တ္ထုထဲက တောကြီးပင့်ကူတစ်ကောင်ဖြစ်နေသလိုပဲ .. ။
ပုံဖော်အရေးအသားနဲ့စိတ်ကူးကတော့ စံပဲ။
အဲ့လိုမျိုး များများရေးပါ .. အမရေ။
တော့တိုး တို့လဲ အားကျ အတုယူရအောင်လို့။
စု တု ပြု လို့ ဆိုတယ်မလား..။

ညလေး said...

ရေးတတ်တယ်။ စာထဲက တစ်စုံတစ်ခု စွဲထုတ်ရယူသွားပါတယ်။

Kyaw said...

တင်စားပုံလေးလှတယ်..

ပင့်ကူမတစ်ကောင်ရဲ့ဘ၀ကိုနားလည်ပေးနိုင်တယ်ဆိုတာတော်ရုံအတွေ့အကြုံနဲ့တော့မရဘူး..မြွေမြွေချင်းမှခြေမြင်တာဆိုတော့..

မင်းကြောက်တယ်ဆိုတာမိန်းမတစ်ယောက်ဖြစ်ရမယ်..

ကြောက်မိသူဟာဒီလိုအစားမျိုးပါလို့ပြောနေတာကတော့မင်းဖက်က အမုန်းဖက်လိုက်တဲ့တင်စားမှုများဖြစ်နေမလားလို့….

နားလည်အောင်ကြိုးစားသယောင်နဲ့ ကိုယ့်အတွင်းစိတ်..ကိုယ့်အတွင်းသဏ္ဍာန်ကိုသူများမြင်ကုန်တာမသိလိုက်ပဲနေအုန်း
မယ်နော.်

အရေးအသားကောင်းခြင်းကိုဂုဏ်ယူပါတယ်ဗျာ…

Khunmyahlaing said...

မချစ်ရေ.. တကယ်လားဟင် ဟိဟိ.. ကျေးဇူးနော်.. အားရှိသွားပြီ။

အမယ်လေး ညီမလေး ၀င်္ကဘာက သနားတတ် လိုက်တာနော်.. ဟုတ်တော့ ဟုတ်ပါတယ်။ တကယ်က သူ ဆိုးအားကြီးပေမယ့် သံသရာ အတွက်ရော လက်ရှိဘ၀မှာပါ သူ့အဖြစ်က သနားစရာပါ။

သူငယ်ချင်း နေဘုန်းလတ်ရေ.. နင်ကြိုက်တဲ့ ရှားရှားပါးပါး လေးတွေ ထဲမှာ ငါ့ ၀တ္ထုတို တစ်ပုဒ်ပါတာ ၀မ်းသာပါတယ်

ညီမလေး Chaos ရေ အမလဲ ညီမလေးက တကူးတက တက်တာကို ကျေးဇူးတင်ပါတယ်ကွယ်.. အဲဒါလေးက အမ မေ့နေတာတောင် ကြာပြီကွ

အလွမ်းအိမ်ရေ ဗဟုသုတတွေ ရသွားတယ် ဆိုလို့ ၀မ်းသာပါတယ်

တော့တိုးရေ ကျေးဇူး.. စာရေး ကောင်းချင်ရင် တိုးတိုးလေး ပြောပြမယ်.. စု-တွေး-ပြု က ပိုကောင်း သလားလို့ …သိလား ညီမလေး

မညလေး တစ်ခုခု ရသွားတယ် ဆိုလို့ ၀မ်းသာပါတယ်

နောက်ကြောင်း မချန်ခဲ့တဲ့ ကျော်ဆိုတဲ့ သူရေ.. နိုင်ငံတကာက ငှက်လေ့လာသူများ အသင်းတို့၊ ကျော ရိုးမဲ့ သတ္တ၀ါ လေ့လာသူများ အသင်းတို့၊ အင်းဆက် လေ့လာသူများ အသင်းတို့ကို မကြားဖူး လေရော့ သလားနော်..ခြင်ထီးက သွေးမစုပ် သလို အင်းဆက် ပင့်ကူထီးက အင်းဆက် ပင့်ကူမလောက် မဆိုးလို့ ဇာတ်ကောင်ကို ပင့်ကူမ လို့ ရွေးလိုက်တာပါ။ ကျွန်မ လေ့လာ မိတဲ့ ပင့်ကူမရဲ့ ဇာတ်သိမ်းကလဲ တ ကယ့်ကို အဲလို ဖြစ်နေလို့ ဒီအကြောင်းကို ပြန်ရေးပြ သရုပ်ဖော်တာပါ။ လူပင့်ကူ အထီး တွေလဲ လောက မှာ အများကြီးရှင့်။ ရှင်သိချင်ရင် နောက်ပို့စ် တွေမှ စောင့်ဖတ်နော်။ မြွေမြွေချင်းမှ ခြေမြင်တာ ဆိုတာတော့ နည်းနည်း လွန်သလားလို့။ လူတွေလဲ ဓာတ်မှန် ရိုက်ကြည့်တဲ့ အတွက် နှစ်ချို့ မြွှေရဲ့ ကျောရိုးမှာ ခြေပါတာ သိကုန်ပါပြီ.. အကြောက်လွန် အမုန်း မဖြစ်ချင်လို့ မမုန်းချင်လို့ နားလည်အောင် ကြိုးစား ပါတယ် ဆိုမှ ဘလိုင်းကြီး ဘာ ရည်ရွယ်ချက်နဲ့ မှတ်ချက် ရေးတယ် ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်မှာပါ။ ပင့်ကူမလေး တစ်ကောင်ကောင်ရဲ့ ကွန်ယက် (ပင့်ကူအိမ်) မှာများ ပျော်ပျော်ကြီး မိနေလို့ သူတို့ ဘက်က နာသလားရှင် လို့ မမေးတော့ ပါဘူးနော်။ အဲလို ပင့်ကူအိမ်လို သံယောဇဉ် ကွန်ယက် တွေကို စီမံကိန်းနဲ့ ချမှတ် အကောင်အထည် ဖော်နေသူမို့ ဒီလို စီမံကိန်းတွေ သူတပါး ရိပ်မိ ကုန်မှာ စိုးလို့ အကာ အကွယ်ယူတဲ့ သဘောနဲ့ ဒီလို မှတ်ချက် ပေးသလား လို့လဲ မမေးတော့ ပါဘူးနော်။ ရှင့်ရဲ့ တင်းနစ်ရိုက်နည်း ချီးကျူး ထောပနာ ဖြစ်တဲ့ အရေးအသား ကောင်းခြင်းကို ဂုဏ်ယူတယ် ဆိုတဲ့ အတွက် တ၀က် ၀မ်းသာ ကျေးဇူးတင်ပါတယ်။

atrttn said...

great, inn..after reading, don't know how to depict my feeling in english...
good writing style...